၂၀၂၃ ရွေးကောက်ပွဲမတိုင်ခင် စစ်ကိုင်းနဲ့ မကွေးမှာ ဖိနှိပ်ချေမှုန်းမှုတွေ ပိုတိုးလာ

၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာသိမ်းတစ်နှစ်ပြည့်ပြီးတဲ့နောက် စစ်ကောင်စီရဲ့ သက်တမ်းတိုးခွင့်ဟာ တစ်ကြိမ်ကို ခြောက်လနဲ့ နှစ်ကြိမ်သာ ရရှိတာမို့ အခု ဒုတိယအကြိမ် သက်တမ်းတိုးကာလဟာ စစ်ကောင်စီအတွက် ရွေးကောက်ပွဲမတိုင်ခင် အရေးကြီးတဲ့ကာလ ဖြစ်ပါတယ်။

ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာမှာ စစ်တပ် မီးရှို့ဖျက်ဆီးသွားသည့် ကား၊ ဆိုင်ကယ်များကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ တွေ့ရစဥ် ဓါတ်ပုံ - မြောက်ယမားတပ်ဖွဲ့

၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာသိမ်းတစ်နှစ်ပြည့်ပြီးတဲ့နောက် စစ်ကောင်စီရဲ့ သက်တမ်း တိုးခွင့်ဟာ တစ်ကြိမ်ကို ခြောက်လနဲ့ နှစ်ကြိမ်သာရရှိတာမို့ အခု ဒုတိယအကြိမ် သက်တမ်း တိုးကာလဟာ စစ်ကောင်စီအတွက် ရွေးကောက်ပွဲမတိုင်ခင် အရေးကြီးတဲ့ကာလဖြစ် ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်း တစ်နှစ်ခွဲပြည့်တဲ့ ဩဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ သူတို့အနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့ လုံခြုံရေး အခြေအနေတွေ အမြန်ဆုံးတည်ငြိမ်ဖို့ ပြည်သူ့လုံခြုံရေးစနစ်ကို တိုးမြှင့်ဆောင်ရွက်သွား မယ်လို့ ပြောခဲ့ပါတယ်။

အဲဒီနောက် မကြာခင် ဩဂုတ်လဆန်းကစလို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံကနေ ထိုးစစ်ဆင်ချေမှုန်းမှုတွေ သိသိသာသာ တိုးလာပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်း ၁၈ လပြည့် မိန့်ခွန်းပြောတဲ့ ဩဂုတ်လ ၁ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ပန်ကျင်းရွာကို လေကြောင်းကနေ ရဟတ် ယာဉ်နဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်သလို မြေပြင်မှာလည်း စစ်သားတွေချပေးပြီး ရွာကို စီးနင်းချေမှုန်းခဲ့တဲ့အတွက် ဒေသခံရွာသား ရှစ်ဦးနဲ့ PDF နှစ်ဦး သေဆုံးခဲ့ပါတယ်။ နေအိမ်တချို့လည်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင် ရွာကိုတော့ ဩဂုတ်လ ၁၁ ရက်ကနေ ၁၄ ရက်ထိ လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် ရွာထဲက ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် သေဆုံးသူ ရုပ်အလောင်း ၁၉ လောင်းထိ တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာတွေကို အခုလို ချေမှုန်းတိုက်ခိုက်တာဟာ PDF တွေ ပြိုကွဲပြီး အင်အားချည့်နဲ့ သွားအောင် လုပ်နေတာလို့ စစ်ကိုင်းတိုင်း ယင်းမာပင်အခြေစိုက် Young Ranger Force အဖွဲ့ က ဗိုလ်ဗလ က ပြောပါတယ်။

“အခုနည်းဗျူဟာပြောင်းသွားတယ်။ ဝေဟင်ကနေပြီးတော့ ရုတ်ချည်းဆိုသလို စီးနင်းဝင်ရောက်တာတွေကိုကျတော့ ကျနော်တို့ဘက်မှာက အဲဒီဝေဟင် အန္တရာယ်ကို ကာကွယ်နိုင်တဲ့ လက်နက်မရှိတာကို သူတို့က သိတယ်။ သူတို့သိတဲ့အတွက် အဲဒီ ကနေပြီးတော့ ရုတ်တရက် စီးနင်းဝင်ရောက်ပြီးတော့ သူတို့အတွက် စစ်ရေးအသာစီး ရအောင် ပုံဖော်နေတယ်။ အဲဒီစီးနင်းဝင်ရောက်မှု တွေကနေပြီးတော့ ကျနော်တို့ရဲ့ တည်ဆောက်နေတဲ့ တပ်ပုံစံတွေကို ပြိုကွဲသွားအောင်၊ အားအင်ယုတ်လျော့သွား အောင် သူတို့က တရစပ် ထိုးစစ်ဆင်နေတယ်လို့မြင်တယ်”

စစ်တပ်က ဝင်ရောက်စီးနင်းတဲ့အခါ လက်နက်ကိုင်ထားတဲ့ PDF လား၊ ပြည်သူလားဆိုတာ မခွဲခြားတော့ဘဲ မြင်မြင်သမျှကို ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်နေတာလို့ သူက ဆိုပါတယ်။

အခု ဩဂုတ်လအတွင်းမှာပဲ စစ်ကိုင်းတိုင်းက ရွာပေါင်း ၁၀ ရွာထက်မနည်းကို စစ်ကောင်စီ တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းတာကြောင့် နေအိမ်ပေါင်း တစ်ထောင်လောက် မီးရှို့ခံရပြီး လူတစ်သောင်းခွဲလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ နေရာတွေကို အခု ဩဂုတ်လထဲမှာ ဘက်ပေါင်းစုံကနေ ပိုပြီးတော့ ထိုးစစ်ဆင်ချေမှုန်း လာတာ တွေ့ရတယ်လို့ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ် က ပြောပါတယ်။

“ဒီဘက်နောက်ပိုင်းမှာတော့ စစ်ကြောင်းတွေလှုပ်ရှားမှုက ပိုပြီးတော့မှ အကြိမ်ရေ လည်း စိပ်လာတယ်။ ပိုပြီးတော့လည်း ပြင်းပြင်းထန်ထန် လုပ်လာတာတွေလည်း ရှိတယ်။ သူတို့ ခြေလျင်တပ်တွေအနေနဲ့ လှုပ်ရှားသွားလာတဲ့အခါ တစ်နေရာကနေ တစ်နေရာ လှုပ်ရှားမှုမြန်အောင်လို့ ရဟတ်ယာဉ်တွေသုံးပြီးတော့မှ နေရာရွှေ့တာတွေ၊ ရဟတ်ယာဉ်တွေသုံးပြီးတော့မှ ပစ်ခတ်တာတွေက အရင်ကထက်စာရင်တော့ အကြိမ် ရေ ပိုစိပ်လာတယ်။ ရေကြောင်းမှာတောင်မှ စစ်သင်္ဘောတွေ သုံးလာတဲ့အဆင့်လို့ ပြောလို့ ရတယ်။ ဟိုတစ်လောကဆိုရင် ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ငါးစင်း၊ ခြောက်စင်းလောက် ရိက္ခာသင်္ဘောတွေနဲ့ ညှပ်ပြီးတော့ ဆန်တက်သွားတာ ကျနော်တို့ သိရတယ်။ အဲဒီတော့ ခြေလျင်တပ်တွေ အပြင်ကို ရေကြောင်းရော၊ လေကြောင်းရော သူတို့အကုန်လုံး သုံးနေရတဲ့ သဘောမှာရှိတယ်”

ရှေ့ဆက်ပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တာမို့ စစ်မြေပြင်အနီးမှာရှိနေတဲ့ ဒေသခံတွေ အနေနဲ့ လုံခြုံရေးနဲ့ အခြေခံစားကုန်တွေကို ကြိုတင်ပြင်ဆင်ကြဖို့ သူက သတိပေးပါတယ်။

"ခြေလျင်တပ်တွေအပြင်ကို ရေကြောင်းရော၊ လေကြောင်းရော သူတို့အကုန်လုံး သုံးနေရတဲ့သဘောမှာရှိတယ်"

စစ်ကိုင်းတိုင်းလိုပဲ ခုခံစစ်တွေပြင်းထန်တဲ့ မကွေးတိုင်းထဲက မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာ၊ စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့တာတွေကို ခပ်စိပ်စိပ် လုပ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြိုင်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“လေယာဉ်တွေ ဘာတွေနဲ့ရော လာတာတော့ရှိတယ်။ မြိုင်နဲ့ ပေါက်နဲ့ နှစ်မြို့နယ်မှာတော့ တော်တော်ကို ဆိုးဆိုးဝါးဝါးပဲ အခုလက်ရှိအခြေအနေထိပေါ့။ ထိုးစစ်တွေဆင်နေတာ စစ်ကြောင်း နှစ်ကြောင်းခွဲ၊ သုံးကြောင်းခွဲ အဲဒီလိုမျိုးတွေ လုပ်ပြီးတော့ သူတို့ကြိုးစားနေတဲ့ အနေအထားကတော့ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နိုင်အောင် သူတို့ကြိုးစားနေတာပေါ့ စစ်ကြောင်းတွေထိုးပြီးတော့။ ဒါပေမဲ့ တကယ်တမ်း ပြောရလို့ရှိရင် မကွေးတိုင်းဘက်မှာ သူတို့အုပ်ချုပ်ရေးယန္တရား လုံး၀ တည်ဆောက်နိုင်ခြင်းမရှိဘူး။ ကျေးရွာတွေက အုပ်ချုပ်ရေးမှူးလုပ်တဲ့သူမှ မရှိဘဲနဲ့။ အုပ်ချုပ်ရေးမှူးလုပ်တဲ့သူက ဘယ်လောက်ထိ မရှိလဲဆိုရင် ၇၀ ရာခိုင်နှုန်းလောက်ကို မရှိဘူး”

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက တော့ စစ်ကောင်စီက ရွေးကောက်ပွဲမတိုင်ခင် လက်ရှိအရေးပေါ် ကာလ ဒုတိယသက်တမ်း ခြောက်လမှာ လက်နက်ကိုင်ခုခံမှုတွေကို အင်အားသုံး ချေမှုန်းဖို့ ကြိုးစားနေပေမယ့် ရွေးကောက်ပွဲလုပ်တဲ့ ၂၀၂၃ ဩဂုတ်လအထိ လက်နက်ကိုင်ခုခံမှုတွေ က ဆက်ရှိနေလိမ့်မယ်လို့ ခန့်မှန်းပါတယ်။

“ဒါကတော့ လက်နက်ကိုင်တော်လှန်ရေး ရှိတယ်ဆိုရင်တော့ အုပ်ချုပ်တဲ့သူကတော့ လက်နက်ကိုင်တော်လှန်ရေး အားနည်းသွားအောင်၊ မရှိတော့အောင်တော့ လုပ်ဖို့ ဆန္ဒတော့ ရှိပါတယ်။ ဒါ ဘယ်သူမဆိုပေါ့နော်။ ဒါပေမဲ့ ရွေးကောက်ပွဲလုပ်ဖို့ သတ်မှတ်ထားတဲ့ ဩဂုတ် ၂၀၂၃ ထိကတော့ ကျနော့်အမြင်ကတော့ မြန်မာပြည်ရဲ့ မြို့နယ်အများစုပေါ့နော်၊ မြို့နယ်ထက်ဝက်ကျော်မှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ ဗုံးခွဲတာတွေကတော့ ဆက်ပြီးတော့ ရှိနေလိမ့်မယ်”

စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်မနေ ကြိုးစားမှာဖြစ်ပြီး ပြည်သူလူထုက မဲလာထည့်၊ မထည့် ဒါမဟုတ် မဲပေးနိုင်သူ စုစုပေါင်းရဲ့ ရာခိုင်နှုန်းဘယ်လောက်များများက မဲလာထည့်မလဲဆိုတာကတော့ စစ်ကောင်စီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်လာလိမ့်မယ် လို့ သူက ဆိုပါတယ်။

စစ်ကောင်စီဟာ ခုခံစစ်တွေပြင်းထန်တဲ့ဒေသတွေမှာ ပိုပြီးတော့ ချေမှုန်းနေသလို သူတို့သွားမယ့် ရွေးကောက်ပွဲ လမ်းကြောင်းကို လက်မခံသူမှန်သမျှကို မြန်မာ့နိုင်ငံရေး နယ်ပယ်ကနေ အပြီးတိုင်ဖယ်ရှားဖို့ ကြိုးပမ်းနေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး က ပြောပါတယ်။

“ပိုပြီးတော့ ချေမှုန်းဖို့လုပ်လာတယ်။ ပြီးတော့ အငြိုးအတေးထားပြီး သူတို့ဖမ်းဆီး တာတွေရော တောက်လျှောက်လုပ်လာတယ်ဆိုတာ တွေ့ရတယ်။ အထူးသဖြင့် သူသွားမယ့်လမ်းကြောင်းမှာ ရွေးကောက်ပွဲနဲ့ သူ့ရဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေး လမ်းစဉ်ကို လက်မခံတဲ့လူတွေ အကုန်လုံးကို ဒီနိုင်ငံရေး အသိုင်းအဝိုင်းထဲကနေ ဖယ်ထုတ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ဟာက မြင်သာထင်ရှားတယ်။ သေချာတာ တစ်ခုကတော့ စစ်ကောင်စီအတွက် ဒီရွေးကောက်ပွဲက ထွက်ပေါက်ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျိန်းသေတာကတော့ သူတို့ ဒီလမ်းကြောင်းအကောင် အထည်ပေါ်မှုကို တစ်သဝေမတိမ်း တောက်လျှောက်လုပ်ဖို့အတွက် ဆုံးဖြတ် ထားပြီးသား။ စီစဉ်ဆောင်ရွက်မှုတွေ၊ အားစိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ဟာ မြင်သာပါတယ်”

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူလူထုရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ အရေးပေါ်ကာလကို နောက်ခြောက်လ ထပ်တိုး လိုက်ကြောင်း ဇူလိုင် ၃၁ ရက်နေ့က ကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပထမတစ်ကြိမ် သက်တမ်းခြောက်လ တိုးထားပြီး ဖြစ်တာကြောင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီတစ်ကြိမ်ဟာ နောက်ဆုံးအကြိမ် သက်တမ်းတိုးခွင့် ဖြစ်ပါတယ်။

လက်ရှိ အရေးပေါ်ကာလသက်တမ်းဟာ အာဏာသိမ်း နှစ်နှစ်ပြည့်တဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး အဲဒီအချိန်ကစလို့ နောက်ခြောက်လအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာပါ။

နိုင်ငံတစ်ဝန်း လက်နက်ကိုင်ဆန့်ကျင်နေသူတွေကတော့ စစ်ကောင်စီရဲ့ ၂၀၂၃ ဩဂုတ်လ ရွေးကောက်ပွဲအသစ်ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်သွားမယ့်အကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org