မြန်မာစစ်တပ် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး စိတ်ကူးယဉ်နေကြောင်း လေ့လာသူတွေပြော
ဇူလိုင်လ ဒုတိယပတ်အတွင်း ရုရှားနိုင်ငံကို ဒုတိယအကြိမ်ခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားအစိုးရ နျူကလီးယားကော်ပိုရေးရှင်းကို သွားရောက်လည်ပတ်ပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
- 2022-07-26
-
-
-
ဇူလိုင်လ ဒုတိယပတ်အတွင်း ရုရှားနိုင်ငံကို ဒုတိယအကြိမ်ခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားအစိုးရ နျူကလီးယား ကော်ပိုရေးရှင်းကို သွားရောက်လည်ပတ်ပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ရုရှားအစိုးရရဲ့ အဏုမြူကော်ပိုရေးရှင်း (Rosatom State Corporation) က ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev တို့ရဲ့ ဇူလိုင် ၁၁ ရက်က တွေ့ဆုံချိန်မှာ သိပ္ပံနဲ့ သုတေသန စမ်းသပ်မှုတွေ၊ ဆေးဝါးထုတ်လုပ်မှုတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုကဏ္ဍတွေ၊ စားသောက်ကုန်ကဏ္ဍတွေမှာ နျူကလီးယား စွမ်းအင် အသုံးပြုနိုင်ဖို့ ဆွေးနွေးခဲ့တာလို့ စစ်ကောင်စီက ဇူလိုင် ၁၂ ရက်က သတင်းထုတ် ပြန်ပါတယ်။
နိုင်ငံရေးအကဲခတ်တွေနဲ့ စစ်တပ်အရာရှိဟောင်းတွေကတော့ အာဏာသိမ်းပြီး တိုင်းပြည် အနာဂတ်ကို နောက်ပြန်လှည့်စေခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ အာဏာဆက်လက်တည်မြဲရေး အတွက် နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့အထိ စိတ်ကူးယဉ်နေတာလို့ သုံးသပ်ပါတယ်။
နျူကလီးယားလက်နက်ရှိရင် နိုင်ငံကြီးတွေက ဝင်ရောက်စွက်ဖက်မှုကို ကာကွယ်နိုင်မယ် လို့ ယူဆထားတာကြောင့် အာဏာရှင်တိုင်းက အဏုမြူလက်နက်ပိုင်ဆိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းလေ့ရှိတယ်လို့ နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင် က သုံးသပ်ပြောဆိုပါတယ်။
“စစ်အာဏာရှင်တိုင်းကတော့ နျူကလီးယားလက်နက်ရဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်း ကြတာပဲ။ နျူကလီးယားလက်နက်ရှိရင် နိုင်ငံကြီးတွေရဲ့ စွက်ဖက်မှု၊ ဝင်ရောက် ထိုးဖောက်တိုက်ခိုက်မှုကို တားဆီးကာကွယ်လို့ရမယ်ဆိုတဲ့ အိပ်မက်တွေရှိကြတာကိုး၊ ရှိတော့ နျူကလီးယားလက်နက်ရရှိရေးဆိုတဲ့ နည်းပညာတွေရရှိဖို့ကတော့ ရှိသမျှငွေ ပုံသုံးပြီး လုပ်ကြတာချည်းပါပဲ”
အာဏာသိမ်းမှုနဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေ ကြောင့် စစ်တပ်ကို စွန့်ခွာလာတဲ့ စစ်တပ်အရာရှိဟောင်းတွေကတော့ စစ်ကောင်စီဟာ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းတဲ့နေရာတွေမှာ အသုံးပြုမယ်ဆိုတာဟာ ဟန်ပြသက် သက် ပြောနေတာလို့ မှတ်ချက်ပေးပါတယ်။
စစ်တပ် CDM အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးလင်းထက်အောင်က စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ နျူကလီးယားလက်နက်ကို အမှန်တကယ် ပိုင်ဆိုင်ဖို့ စိတ်ကူး ရှိကြတယ်လို့ CDM မလုပ်ခင်က စစ်တပ်ထဲမှာ သူသိထားသမျှကို RFA ကို ပြန်ပြော ပြပါတယ်။
“သူတို့ နျူကလီးယားကို ပိုင်ဆိုင်ဖို့အတွက် DSA တို့ ဘာတို့မှာတောင် နျူကလီးယား ဘာသာရပ်တွေကို ထပ်ဖြည့်တယ်။ ရုရှားကို နှစ်စဉ် နှစ်တိုင်း စေလွှတ်တယ်။ နျူကလီး ယားဘာသာရပ်တွေကို ဆည်းပူးခိုင်းတယ်။ နျူကလီးယားပိုင်ဆိုင်ဖို့ကတော့ စစ်ဗိုလ် ချုပ်တွေမှာ အိပ်မက်အကြီးကြီးတစ်ခုက ရှိတယ်ဗျ။ အဲ့ဒါက တကယ်ပဲ၊ အဓိက ကတော့ နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ချင်တာ”
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းတဲ့ကဏ္ဍတွေမှာအသုံးပြုမယ်ဆိုတာ ယုံချင်စရာမရှိဘူး လို့ သူက ပြောပါတယ်။
တကယ်လို့ နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်ခဲ့ရင်တောင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အပါအဝင် စစ်ရေးကိစ္စတွေမှာပဲ အသုံးပြုလိမ့်မယ်လို့ ဗိုလ်ကြီး လင်းထက်အောင် က ဆိုပါတယ်။
ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က နှစ်ပတ်တိတိ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
"နျူကလီးယားပိုင်ဆိုင်ဖို့ကတော့ စစ်ဗိုလ်ချုပ်တွေမှာ အိပ်မက်အကြီးကြီးတစ်ခုကရှိတယ်ဗျ"
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားပြီး အာဏာသိမ်းပြီးမှ စစ်ကောင်စီနဲ့ ပိုနီးကပ်လာတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦး ကတော့ အခုချိန်အထိ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်က အဏုမြူ စွမ်းအင်ကို ငြိမ်းချမ်းစွာ သုံးစွဲဖို့ပါလို့ ပြောပါတယ်။
“အခုချိန်အထိ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ဦးတည်ချက်က အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာသုံးစွဲရေးပါ။ အဏုမြူလက်နက်တစ်ခုဆိုတာ ကိုယ့်ကိုယ်ကိုယ် ကာကွယ် ရေးအတွက်ပါ၊ ဆိုလိုတာက အထီးကျန်နေတဲ့ နိုင်ငံတစ်ခု ဥပမာ-မြောက်ကိုရီးယား လိုပေါ့။ အဘက်ဘက်က ပိတ်ဆို့မယ်၊ ဖိအားတွေအမြဲတမ်းပေးခံနေရမယ့် နိုင်ငံတစ်ခု အဏုမြူလက်နက်က မရှိမဖြစ်လိုတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ လက်ရှိ ကမ္ဘာ့ အခြေအနေ ပြောင်းလဲလာတာရယ်၊ မြန်မာနိုင်ငံက တိုးတက်မှုလမ်းကြောင်းပေါ်ကို သွားနေတာရယ်ကြောင့် အဏုမြူလက်နက် လိုအပ်မယ်ဆိုတဲ့ အနေအထားမျိုးကို မရောက်နိုင်ဘူးလို့ သုံးသပ်ပါတယ်”
စစ်ကောင်စီအနေနဲ့ နျူကလီးယားစွမ်းအင်ထုတ်လုပ်ဖို့အတွက် အရင်ကတည်းက ရည်ရွယ်လုပ်ဆောင်နေတာလို့ ဦးသိန်းထွန်းဦး က ပြောပါတယ်။ ဒါပေမဲ့ လက်ရှိအချိန် အထိတော့ နည်းပညာအရင်းအမြစ် အားနည်းနေသေးတာကြောင့် နျူကလီးယားကျွမ်းကျင် ပညာရှင်တွေ မွေးထုတ်ပေးဖို့လိုသလို ပြည်ပက ပညာရှင်တွေကိုလည်း ခေါ်ယူဖို့ လိုအပ် လိမ့်မယ်လို့ သူက ဆိုပါတယ်။
နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ဆိုရင် နည်းပညာပိုင်းဆိုင်ရာအရ ပိုပြီးအသေးစိတ်ကျ တာကြောင့် အဲ့ဒီလောက်အထိဖြစ်ဖို့ အဆင့်အများကြီး လိုအပ်တယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။
တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော ကတော့ စစ်တပ်က အဏုမြူလက်နက်ပိုင်ဆိုင်ဖို့ စဥ်းစားကောင်း စဥ်းစားနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လက်တွေ့ထုတ်လုပ်ဖို့ကတော့ လက်ရှိ စုတ်ပြတ်နေတဲ့ စီးပွားရေးအခြေ အနေကြောင့် လုံးဝ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပေးပါတယ်။
“စစ်တပ်က စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။ ဟိုတုန်းကလည်း မြောက်ကိုရီးယား တို့၊ ဘာတို့ လေ့လာဖူးတာပဲ၊ ဒါပေမဲ့ အဏုမြူလက်နက်အထိဖြစ်ဖို့ဆိုတာက လွယ်တာ မှ မဟုတ်ဘဲ၊ အခုမြန်မာပြည်မှာ စီးပွားရေးအခြေအနေပဲကြည့်လေ။ ဒီလောက် စုတ်ပြတ်သတ်နေတာ ဘယ်လိုလုပ်မှာလဲ မဖြစ်နိုင်ဘူး”
မြန်မာစစ်တပ်ဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ မြောက်ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းပြီး ကြိုးစားခဲ့ဖူးကြောင်း အဲ့ဒီကိစ္စတွေကို အသေးစိတ်သိရှိထားတဲ့ စစ်တပ်အရာရှိ ဗိုလ်မှူး စိုင်းသိန်းဝင်း က ၂၀၁၀ ပြည့်နှစ်မှာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေသိအောင် လူသိရှင်ကြား ဖွင့်ချခဲ့ဖူးပါတယ်။
ဗိုလ်မှူး စိုင်းသိန်းဝင်း ဟာ ရုရှားနိုင်ငံမှာ အဏုမြူစွမ်းအင်ဘာသာရပ်ကို မဟာသိပ္ပံဘွဲ့ ရတဲ့အထိ ဆည်းပူးခဲ့သူပါ။
ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ်မှာ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီး ပိတ်ပင်ရေးစာချုပ်နဲ့ ၂၀၁၈ ခုနှစ်မှာ နျူကလီးယားလက်နက် ပိတ်ပင် တားဆီးရေးစာချုပ်တွေကို ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။