စစ်ခေါင်းဆောင်အတွက် ရုရှားခရီးစဉ်ကနေ ဘာတွေ အကျိုးရှိခဲ့သလဲ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2025.03.05
စစ်ခေါင်းဆောင်အတွက် ရုရှားခရီးစဉ်ကနေ ဘာတွေ အကျိုးရှိခဲ့သလဲ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့က တွေ့ဆုံနေစဉ်။
Photo: AFP

အခုအပတ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လေးကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ လုံခြုံရေး၊ စွမ်းအင်နဲ့ နည်းပညာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ၁၀ ခု လက်မှတ်ထိုးခဲ့ပြီး ယူကရိန်းနဲ့စစ်ပွဲမှာ ရုရှားဘက်က အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဟာ မတ်လ ၄ ရက်နေ့က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံမှုအတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်က ထုတ်ဝေခဲ့တဲ့ ‘ဦးအောင်ဇေယျ အတ္ထုပ္ပတ္တိ’ ဆိုတဲ့စာအုပ်ထဲမှာ နောင်တစ်ချိန်မှာ ရုရှားလူမျိုး ရှင်ဘုရင်နဲ့ မြန်မာဘုရင်တို့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာမယ်လို့ ဘုရားဟော ဗျာဒိတ်တော်အဖြစ် ဟောကိန်းထုတ် ရေးသားထားတာကို ရည်ညွှန်းပြောဆိုခဲ့ပြီး အဲဒီစာအုပ်ကို သမ္မတပူတင်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာလည်း တွေ့ရပါတယ်။

မြန်မာစစ်တပ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ဟာ ဖမ်းဝရမ်းထုတ်ခံထားရပေမယ့် အလေးထားစရာ မလိုဘဲ နိုင်ငံတကာခရီးစဉ်တွေ သွားလို့ရတာကို ပြသချင်တာဖြစ်တယ်လို့ ထိုင်းအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေးဗစ် မက်သီဆင်က သုံးသပ်ပါတယ်။

“စစ်ခေါင်းဆောင်ဟာ နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ခံထားရပေမဲ့ နိုင်ငံတကာ ခရီးစဉ်တွေ သွားလို့ရနေတာကို ပြသချင်တာလို့ ထင်ပါတယ်။ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံကြားမှာ အာဏာရှင်ချင်း ဆက်ဆံရေးအပြင်၊ မြန်မာဘက်က သယံဇာတနဲ့ ရုရှားဘက်က စစ်လက်နက်ပစ္စည်း လဲလှယ်တဲ့ပုံစံ ဆက်ဆံရေးလည်း ရှိနေပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြည်တွင်းမှာ စစ်ရေးအရ ရှုံးနိမ့်နေတာကြောင့်လည်း ပြည်ပကိုထွက်ပြီး အောင်မြင်မှုတစ်ခုအနေနဲ့ ပြဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ရုရှားသမ္မတ ပူတင်ဘက်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အနောက်နိုင်ငံတွေကို ဆန့်ကျင်နေတဲ့ ဘဝတူ အာဏာရှင် ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ပါတယ်။ ပူတင်ဟာ နိုင်ငံတကာမှာ တရားမျှတမှုရဖို့ ကြိုးပမ်းမှုတွေကို အလေးမထားတာကို မြန်မာစစ်ခေါင်းဆောင်က အသုံးချနေတာ ဖြစ်ပါတယ်”

ပြီးခဲ့တဲ့လကပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွက် အာဂျင်တီးနားတရားရုံးကနေ ဖမ်းဝရမ်းထုတ်ခံထားရပြီး ရုရှားသမ္မတ ပူတင်ဟာလည်း ယူကရိန်းစစ်ပွဲမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စွဲချက်နဲ့ ၂၀၂၃ ခုနှစ်က ICC တရားရုံးကနေ ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်ပါတယ်။


ဆက်နွှယ်သောသတင်းများ

မြန်မာနိုင်ငံမှာ အသေးစား နျူကလီယားစက်ရုံ တည်ဆောက်မယ်လို့ ရုရှားကြေညာ

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားနဲ့ စစ်ကောင်စီ လက်မှတ်ထိုး

ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ထောက်ခံကြောင်း စစ်ခေါင်းဆောင်ပြော


စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ဟာ သံတမန်ရေးအရရော စီးပွားရေးအရပါ စစ်ကောင်စီအတွက် အကျိုးရှိစေတယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ ဟန်တာ မာစတင်က သုံးသပ်ပါတယ်။

“စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ဟာ နိုင်ငံတကာက ပိတ်ဆို့အရေးယူပြီး ဖိအားပေးခံနေရပေမဲ့ အထီးကျန် မဖြစ်ကြောင်း ပြချင်တာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ပူတင်ကို ပုဂ္ဂိုလ်ရေးအရ ခင်မင်ပြီး အထင်ကြီးလေးစားတဲ့ အမြင်ရှိပါတယ်။ သူ့လိုပဲ အာဏာရှင်ခေါင်းဆောင်တွေ စိတ်အေးလက်အေး နေထိုင်လို့ရမယ့် ကမ္ဘာ့အခင်းအကျင်းဖြစ်လာအောင် တိုက်ပွဲဝင်နေတဲ့ သူအဖြစ် ရှုမြင်ပါတယ်။ မြန်မာစစ်တပ်အတွက်လည်း တရုတ်နိုင်ငံမဟုတ်တဲ့ အခြား အင်အားကြီးနိုင်ငံတစ်နိုင်ငံနဲ့ မဟာမိတ်ဖွဲ့ထားဖို့ လိုအပ်ချက်အတွက် ရုရှားက အရေးကြီးပါတယ်။ ရုရှားနဲ့ မြန်မာအကြားမှာ အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်ဖို့ လက်မှတ်ထိုးထားပြီး စီးပွားရေးဆက်ဆံမှုတွေ တိုးမြှင့်လာတာကလည်း အရေးကြီးတဲ့ တိုးတက်မှုဖြစ်ပါတယ်”

စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်အတွင်း ရခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ ရင်းနှီးမြှုပ်နှံသူ မရှိလို့ ရပ်တန့်ထားရတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ရုရှားက ရင်းနှီးမြှုပ်နှံမယ့် ကိစ္စကလွဲရင် ကျန်တာထူးခြားတယ်လို့ မထင်တဲ့အကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ ဟန်တာ မာစတင်က သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ မြန်မာနဲ့ ရုရှားကြားမှာ ပြောလာတာ ဆယ်နှစ်ကျော်လာပါပြီ။ အခုထိ အကောင်အထည်ပေါ်လာတာ မတွေ့သေးပါဘူး။ မြန်မာနိုင်ငံရဲ့ ဓာတ်အား လိုအပ်ချက်နဲ့ ယှဉ်ရင် လက်ရှိ သဘောတူထားတဲ့ ဓာတ်အားပေးစက်ရုံက ကြီးမားတဲ့စက်ရုံမျိုး မဟုတ်ပါဘူး။ နှစ်နိုင်ငံကြားမှာ အရပ်ဘက်သုံး စွမ်းအင်နဲ့ နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတာ ဖြစ်တဲ့အတွက်၊ မြန်မာစစ်တပ်ကနေ နျူကလီးယား လက်နက်အဖြစ် ထုတ်လုပ်ပြီး ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်လာမယ့် အလားအလာအတွက်လည်း စိုးရိမ်စရာ မရှိပါဘူး။ စစ်ကောင်စီအတွက်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့က အဓိက ဦးစားပေးဖြစ်ပါလိမ့်မယ်။ ဒီသဘောတူညီချက်တွေထက် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရုရှားက ရင်းနှီးမြှုပ်နှံမယ့် အလားအလာက ရှေ့လျှောက် ပိုအရေးကြီးတဲ့ ကိစ္စဖြစ်လာမယ်လို့ထင်ပါတယ်”

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့က တွေ့ဆုံနေစဉ်။ (Photo : AFP)
ရုရှားနိုင်ငံ မော်စကိုမြို့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့က တွေ့ဆုံနေစဉ်။ (Photo : AFP)

ရုရှားသမ္မတ ပူတင် လာမယ့် မေလ ၉ ရက်မှာ ကျရောက်မယ့် နှစ် ၈၀ ပြည့် စစ်ရေးပြချီတက်ပွဲကို တက်ရောက်ဖို့ ဗိုလ်ချုပ်မှူးကြီးအောင်လှိုင်ကို ဖိတ်ကြားတဲ့အကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့တစ်ဖွဲ့ကလည်း စစ်ရေးပြချီတက်ရာမှာ ပါဝင်မယ့်အကြောင်း မတ်လ ၄ ရက်က နှစ်နိုင်ငံ သဘောတူညီချက်တွေ လက်မှတ်ထိုးတဲ့ အခမ်းအနားမှာ ပြောသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး စိန့်ပီတာစဘတ်မြို့မှာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး ဘီလာရုစ်နိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် ဆက်လက်သွားရောက်မှာ ဖြစ်တဲ့အကြောင်း စစ်ကောင်စီ ထိန်းချုပ်တဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။