နိုင်ငံရေးနဲ့ လူငယ်မျိုးဆက်သစ်
၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်း စာရင်းတွေထဲမှာ နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံရှိတဲ့ လူကြီးတွေ ပါဝင်မှု ပိုများနေပြီး လူငယ်တွေ ပါဝင်မှု နည်းနေတယ်လို့ သုံးသပ်မှုတွေနဲ့အတူ နိုင်ငံရေးမှာ လူငယ်မျိုးဆက် ပြတ်သွားမှာကို စိုးရိမ်သူတွေ ရှိနေပါတယ်။
-
ဝေယံမိုးမြင့်
2020-08-13 -
-
-
၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းစာရင်းတွေထဲမှာ နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံရှိတဲ့ လူကြီးတွေ ပါဝင်မှု ပိုများနေပြီး လူငယ်တွေ ပါဝင်မှု နည်းနေတယ်လို့ သုံးသပ်မှုတွေနဲ့အတူ နိုင်ငံရေးမှာ လူငယ်မျိုးဆက် ပြတ်သွားမှာကို စိုးရိမ်သူတွေ ရှိနေပါတယ်။
နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်လောင်း စာရင်းတွေ ထုတ်ပြန်ရာမှာ အရင်ရွေးကောက်ပွဲတွေထက် လူငယ်ပါဝင်မှုနှုန်း တိုးမြှင့်ထားတယ်ဆိုပေမယ့် ခြုံကြည့်မယ်ဆိုရင်တော့ ရာခိုင်နှုန်းနည်းနေသေးတယ်လို့ သုံးသပ်ကြပါတယ်။
ရခိုင်ပြည်နယ်က လူငယ်တွေဟာ စားဝတ်နေရေးအတွက် ပြည်ပထွက် ရုန်းကန်နေရတဲ့အတွက် ရခိုင်အမျိုးသားပါတီ ANP မှာ လူငယ်မျိုးဆက်သစ် ဆိုပြီး ထားဖို့ လူငယ်မရှိတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
ကိုယ်စားလှယ်လောင်းစာရင်းတွေ လူငယ်တွေပါဝင်မှု နည်းသလို ပါတီတွေမှာလည်း မျိုးဆက်သစ် လူငယ်တွေကို တာဝန်ပေးမှု အားနည်းတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။
ပါတီတွေမှာ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေ နည်းတဲ့ ပြဿနာဟာ လူငယ်တွေရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေတယ်လို့ နိုင်ငံရေးသမား တချို့က ရှုမြင်ပါတယ်။
၈၈ မျိုးဆက် နိုင်ငံရေးသမားအများအပြား ပါဝင်တဲ့ ပြည်သူ့ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျာက ပါတီတိုင်းလိုလို လူငယ်မျိုးဆက်ထားနိုင်ဖို့ ကြိုးစားနေပေမယ့် မပြည့်စုံနိုင်သေးဘူးလို့ သုံးသပ်ပါတယ်။
ပြည်သူ့ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းမှာ အသက် ၃၅ နှစ်နဲ့ ၄၀ နီးပါး လူငယ် ၁၂ ရာခိုင်နှုန်းလောက် ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
လူငယ်တွေဟာ ပါတီနိုင်ငံရေးကို စိတ်မဝင်စားတာထက် စားဝတ်နေရေး အခက်အခဲ အကျပ်အတည်းတွေကြောင့်လည်း နိုင်ငံရေးကို စိတ်ဝင်စားမှုအားနည်းတာလို့ ထောက်ပြသူတွေလည်း ရှိပါတယ်။
ပါတီတွေမှာ မျိုးဆက်သစ်လူငယ် အားနည်းတာ၊ နေရာပေးမှု နည်းလာတာနဲ့အမျှ နိုင်ငံရေးမှာ လူငယ်တွေ ခါးပြတ်ကျန်နေခဲ့တာမျိုးဖြစ်နိုင်ပြီး နိုင်ငံရေးမှာ ဆုံးရှုံးမှု ကြီးမားနိုင်တယ်လို့လည်း စိုးရိမ်သူတွေ ရှိပါတယ်။
လူငယ်မျိုးဆက်သစ်တွေကို ပါတီတွေက လူငယ်အဖွဲ့အစည်းလိုနေရာမျိုးတွေမှာ နေရာပေးထားကြပေမယ့် ပါတီနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချနိုင်တဲ့ ထိပ်ပိုင်းနေရာမျိုးတွေမှာတော့ လူငယ်တွေကို မတွေ့ရသလောက် နည်းပါးနေပါတယ်။
ဒါဟာ နိုင်ငံရေးဖြတ်သန်းမှုအပေါ်အခြေခံ တွက်ချက်တဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်လို့ ပွင့်လင်း မြန်မာ့ရှေ့ဆောင်က အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်က သုံးသပ်ပါတယ်။
လူငယ်တွေနိုင်ငံရေးမှာ မပါဝင်ကြတာဟာ ပုဂ္ဂိုလ်စွဲတွေနဲ့လုပ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းကြောင့်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုမင်းသွေးသစ် က ဝေဖန်လိုက်ပါတယ်။
အာဏာရပါတီဖြစ်တဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ အတွေ့အကြုံများသူ ၈၀ ရာခိုင်နှုန်း ရွေးချယ်ထားတဲ့အပေါ် ဝေဖန်နေကြပါတယ်။
လက်ရှိအာဏာရပါတီ NLD အပါအဝင် ပါတီကြီးတော်တော်များများရဲ့ ထိပ်ပိုင်းနေရာမှာ လူငယ်တွေ ပါဝင်မှုဟာ သိသိသာသာ ရှိမနေပါဘူး။ အဲဒီအခြေအနေတစ်ရပ်ကို NLD ကတော့ ပြင်ဆင်ဖို့ ကြိုးစားနေပါတယ်။
NLD ပါတီ ဗဟိုပြန်ကြားရေး အတွင်းရေးမှုး မုံရွာအောင်ရှင် ပြောတာက ပါတီမှာ လူငယ်မျိုးဆက်တွေ မွေးထားပြီး အဲဒီလူငယ်တွေကို လက်တွဲခေါ်ယူနေတဲ့အကြောင်းပါ။
နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်း ကတော့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်မျိုးဆက်တွေကို ပါတီတွေက ဆွဲဆောင်နိုင်ဖို့ လိုအပ်နေတယ်လို့ သုံးသပ်ပါတယ်။
အသက် ၂၅ နှစ်အထက်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံနိုင်ပြီ ဖြစ်ပေမယ့် ပါတီတော်တော်များများက နိုင်ငံရေးဖြတ်သန်းမှုအရ ရွေးချယ်တာဖြစ်တဲ့အတွက် အသက် ၃၅ နှစ် ဝန်းကျင်ကို လူငယ်အဖြစ် သတ်မှတ်ရွေးချယ်ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အသက် ၃၅ နဲ့ ၄၀ ပတ်ဝန်းကျင် လူငယ် ၃၀ ရာခိုင်နှုန်းနီးပါးသာ ပါဝင်တာကို တွေ့ရတယ်လို့ ပွင့်လင်းမြန်မာ့ရှေ့ဆောင် က သုံးသပ်ထားပါတယ်။
အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း လူငယ်ပါဝင်မှုက ၃၀ ရာခိုင်နှုန်းလောက်သာ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
နိုင်ငံတကာလွှတ်တော်အဖွဲ့ရဲ့ ၂၀၁၆ ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံမှာ အသက်လေးဆယ်အောက် လွှတ်တော် ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းရှိပြီး အာရှနိုင်ငံတွေဖြစ်တဲ့ စင်ကာပူမှာ ၂၁ ရာခိုင်နှုန်းကျော်၊ မလေးရှားနိုင်ငံမှာ ၁၀ ရာခိုင်နှုန်းနဲ့ ကမ္ဘောဒီယားနိုင်ငံမှာ ၁၁ ရာခိုင်နှုန်း ပါဝင်တယ်လို့ သိရပါတယ်။