ကပ်ဘေးကြောင့် ရွေးကောက်ပွဲ ရက်ရွှေ့သင့်သလား

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၅ဝ ကျော်ပဲ ကျန်တော့တဲ့အချိန်မှာ ကန့်သတ် ချက်တွေ များလာတဲ့ ကပ်ဘေးကာလအတွင်း မဲဆွယ်စည်းရုံးဖို့ အခက်ကြုံနေရ တာတွေကြောင့် ရွေးကောက်ပွဲကို ယာယီရွှေ့ဆိုင်းပေးဖို့ နိုင်ငံရေးပါတီတချို့က လိုလားနေကြပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ အဆင်ပြေပြေ မဲပေးနိုင်ဖို့ နိုင်ငံတကာမှာ ကပ်ဘေးကာလ အတွင်းမှာပဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကို လေ့လာပြီး ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီဝင်တွေ မရမ်းကုန်းမြို့နယ်မှာ ၂၀၂၀ စက်တင်ဘာလ ၈ ရက်နေ့က မဲဆွယ်စဉ် Photo: PPP - People's Pioneer Party

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၅ဝ ကျော်ပဲ ကျန်တော့တဲ့အချိန်မှာ  ကန့်သတ်ချက်တွေများလာတဲ့ ကပ်ဘေးကာလအတွင်း မဲဆွယ်စည်းရုံးဖို့ အခက်ကြုံနေရတာတွေကြောင့် ရွေးကောက်ပွဲကို ယာယီရွှေ့ဆိုင်းပေးဖို့ နိုင်ငံရေးပါတီတချို့က လိုလားနေကြပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ အဆင်ပြေပြေ မဲပေးနိုင်ဖို့ နိုင်ငံတကာမှာ ကပ်ဘေးကာလအတွင်းမှာပဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကို လေ့လာပြီး ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန်ကူးစက်နှုန်း မြင့်တက်နေချိန် ပိုးကူးစက်နှုန်း ထိန်းချုပ်ဖို့ဆိုပြီး အိမ်ပြင်မထွက်ရ၊ လူစုလူဝေးရှောင်ရှားကြဖို့၊ မလိုအပ်ဘဲအပြင် မထွက်ကြဖို့ စတဲ့ ကန့်သတ်ချက်တွေကြားထဲ မဲဆွယ်စည်းရုံးရေးမှာ အခက်အခဲတွေကြုံနေရတယ်လို့ နိုင်ငံရေးပါတီတွေက ဝေဖန်ထောက်ပြကြပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲကာလကို တစ်လလောက် နောက်ဆုတ်သင့်တယ်လို့ ပြောတာတွေရှိသလို လိုအပ်သလို ရွှေ့ဆိုင်းပေးဖို့ ပြောကြတာတွေလည်း ရှိပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလကို ကျန်းမာရေးဌာနက ကန့်သတ်ထားတဲ့ ကိုယ့်အိမ်မှာကိုယ်နေထိုင်ဖို့ အိမ်အပြင်မထွက်ရ Stay at Home ကာလအပိုင်းအခြားပေါ် မူတည်ပြီး ရွှေ့ဆိုင်းပေးစေချင်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က အကြံပြုပါတယ်။

ကပ်ဘေးကာလအတွင်း နေအိမ်တွေမှာပဲနေဖို့ ကြေညာထားတဲ့ဒေသတွေမှာ မဲဆွယ်စည်းရုံးလို့မရဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။ ကပ်ဘေးကာလ မဲဆွယ်စည်းရုံးရာမှာလူ ၅၀ နဲ့အထက် မစုဝေးဖို့နဲ့၊ သာသနိက အဆောက်အဦးတွေကို အသုံးပြုမဲဆွယ်ဖို့ ခွင့်မပြုဘူးဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ထုတ်ပြန်ကြေညာချက်နဲ့အညီ မဲဆွယ်စည်းရုံးဖို့ ဆိုတာ မဖြစ်နိုင်တာကြောင့် ရွေးကောက်ပွဲတရားမျှတဖို့ ခက်ခဲတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အထွေထွေအတွင်းရေးမှူး ဦးကိုကိုနိုင် ကပြောပါတယ်။

“Stay at home ကြေညာထားတဲ့ မြို့နယ်တွေမှာ လှည့်လှည်မဲဆွယ်စည်းရုံးတာရော၊ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးတာရော မလုပ်ရဘူးဆိုပြီးတော့ ပါပါတယ်။ ဒီတော့ ကျန်တာက ဘာကျန်လဲဆိုတော့ အွန်လိုင်းကမဲဆွယ်စည်းရုံးတာ တစ်ခုကလွဲလို့ ကျန်တာတွေအားလုံးမလုပ်ရဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက် သွားပါတယ်။ ဒါဆို မဲဆွယ်စည်းရုံးတာ မလုပ်ရဘူးဆိုရင် ဒီရွေးကောက်ပွဲမျှတဖို့တောင် အတော်လေး ခက်သွားပါတယ်။ ဒါကို UEC နဲ့ အစိုးရနဲ့တင် မဟုတ်ဘဲ နိုင်ငံရေးပါတီတွေ မြို့မိ မြို့ဖ လူမှုအဖွဲ့အစည်းတွေရဲ့ အကြံတွေ ရယူပြီး ကန့်သတ်ချက်တွေကို ဖြေလျှော့မလား။ ရွေးကောက်ပွဲကာ လနေ့ရက်ကိုပြောင်းမလား။ ဒါမျိုး လုပ်သင့်ပါတယ်။"

အခုလို ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် ရွေးကောက်ပွဲကျင်းပမယ့်နေ့မတိုင်မီ နှစ်လအတွင်း သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ နေရာအနှံ့ မဲဆွယ်ဖို့ မလွယ်နိုင်ဘူးလို့ နိုင်ငံရေးပါတီတွေက ပြောကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ကပ်ရောဂါကာလ ညွှန်ကြားချက်တွေ လိုက်နာဖို့၊  ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်တွေနဲ့အညီပဲ မဲဆွယ်စည်းရုံးကြဖို့ ညွှန်ကြားထားတယ်လို့ ပါတီဗဟိုအောင် နိုင်ရေးကော်မတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် က ပြောပါတယ်။

“မဲဆွယ်စည်းရုံးရေးအတွက် အကန့်အသတ်တွေဖြစ်သွားပါတယ်။ အထူးသဖြင့် လူကိုယ်တိုင် မဲဆန္ဒရှင်တွေဆီ ကိုသွားပြီး မဲဆွယ်ခြင်းက လုံးဝ ကန့်သတ်ခံလိုက်ရပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ယာဉ်ငယ်လေးတွေနဲ့ပေါ့ ဆိုက်ကားဖြစ်စေ၊ ဟိုက်ဂျက်ကားတွေနဲ့ပဲဖြစ်စေ မြင်းလှည်းဖြစ်စေ၊ ကိုယ့်ဒေသကရရှိနိုင်တဲ့၊ မိမိတို့ပါတီ အတွက် လိုက်ပါဆောင်ရွက်နိုင်တယ်။ ယာဉ်တစ်စီးကိုငှားပြီးတော့ ဆောင်းဘောက်တွေနဲ့ စည်းရုံးရေး သီချင်းကို လှည့်လည်ဖွင့်ခြင်းအားဖြင့် မဲဆွယ်စည်းရုံးတာကို ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်”


ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၁၄ ရက် ဒီနေ့မနက် ၈ နာရီထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၃ ယောက် ထပ်မံ ပေါ်ပေါက်လာတာကြောင့်   မြန်မာနိုင်ငံမှာ ပိုးကူးစက်ခံရ သူ ၃၀၁၅ ယောက် ရှိသွားပါပြီ။

ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျကတော့ ကပ်ရောဂါ ပြန့်ပွားနေတဲ့အခြေအေနမှာ ကန့်သတ်မှုတွေ များနေပြီး လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲရလဒ်ကို ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။

“ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်အဖို့ကတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုကတော့ တစ်နေ့တစ်ခြား ကြီးထွားလာတယ်။ ဒီထက်ပို ပြီးတော့ ကျပ်တည်းလာမယ် ဒီထက်ပိုပြီးကူးစက်မှုတွေများလာပြီး အကန့်အသတ်တွေများလာမယ်ဆိုရင် တော့ ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့မျှတမှု နောက်ပြီး မဲဆန္ဒရှင်တွေရဲ့ လုံခြုံရေး ကျန်းမာရေး အာမခံမှု တွေအပေါ်မှ ထိခိုက်မှုတွေ များလာနိုင်မယ်ဆိုရင် ရွေးကောက်ပွဲကျင်းပမယ့်ကိစ္စအပေါ်မှာ အလေးအနက်ထား စဉ်းစားဖို့လိုလာပြီ”

ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းသင့်တယ်လို့ ရှုမြင်တဲ့အထဲမှာ မွန်ညီညွတ်ရေးပါတီလည်း ပါဝင်တယ်လို့ အဲဒီပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ အတွင်းရေးမှူး နိုင်သန်းရွှေက ပြောပါတယ်။

“လောလောဆယ်တော့ ဒီကိုဗစ်က တစ်နေ့ထက်တစ်နေ့ အခြေအနေက ပိုဆိုးလာတယ်ဆိုတော့ ဒီထက်ပိုဆိုး လာမယ်ဆိုရင်တော့ ရွေးကောက်ပွဲကို အတိုင်းအတာတစ်ခုထိ ရွှေ့ဆိုင်းသင့်တယ်လို့ထင်တယ်။ နောက်ပြီး တော့ ကျွန်တော်တို့ မဲဆွယ်စည်းရုံးလှုံ့ဆော်တဲ့အခါကျရင် လက်ရှိအာဏာရ NLD ပါတီကျန်တဲ့ပါတီတွေ စည်းရုံးလှုံ့ဆော်တဲ့အခါမှာ ကျွန်တော်တို့ အခက်အခဲ အများကြီးရှိတာကို တွေ့ရတယ်။ လူထုကိုစီမံခန့်ခွဲ တာကအစ လူထုကိုလွှမ်းခြုံတဲ့ဧရိယာကအစ လက်ရှိအာဏာရပါတီက ပိုပြီးတော့ အားသာချက်ရှိနေတယ်”

မွန်ပြည်နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ပြည်နယ်စည်းရုံးရေးမှူး ခွန်အောင်မျိုးသိန်းကတော့ ကျန်းမာရေး ထက် အရေးကြီးတာ ဘာမှမမရှိဘူးလို့ သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲရွေ့ဆိုင်းသင့် မသင့်ဆိုတာက လက်ရှိကိုဗစ်ကလည်း တိုးလာတယ်ဆိုတော့ အစိုးရကတော့ ဒီကိုဗစ်ကို ထိန်းချုပ်စီမံတဲ့အစီအစဉ်တွေ ပိုပြီးတော့ အလုပ်ဖြစ်တဲ့အစီအမံတွေ ပိုလာမယ်ဆိုရင်တော့ ရွေးကောက်ပွဲကို မရွှေ့စေချင်ဘူး။ ကျန်းမာရေးထက် အရေးကြီးတာ ဘာမှမရှိဘူးဆိုတော့ ကာကွယ်တဲ့ အစီအမံတွေ အားနည်းမယ်၊ ကာကွယ်ရတာ တအားအခက်အခဲဖြစ်လာရင်တော့ ရွှေ့ ဆိုင်းမယ်ဆိုရင် ကျွန်တော်တို့ဘက်က ဘာမှပြောစရာမရှိဘူး”

ကပ်ရောဂါကာလအတွင်း မဲဆန္ဒရှင်တွေ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ မဲပေးနိုင်အောင် ဆောင်ရွက်နိုင်ဖို့ ကပ်ရောဂါကာလအတွင်းကျင်းပခဲ့တဲ့ စင်္ကာပူ၊ ကိုရီးယားနိုင်ငံတို့ကို နမူနာယူပြီး ပြင်ဆင်ထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က စက်တင်ဘာလ ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ရန်ကုန်မြို့က အငှားယဉ်မောင် ဦးနေမျိုးအောင် ကတော့ ရွှေ့ဆိုင်းသင့် မသင့်ဆိုတာထက် စည်ကမ်းဥပဒေတွေ အတိုင်း လိုက်နာဆောင်ရွက်ရင် ကောင်းမယ်လို့ ပြောပါတယ်။

သာကေတမြို့နယ်က အနှေးယဉ်လုပ်သားတစ်ဦးဖြစ်တဲ့ ဦးအောင်သူက ရွေးကောက်ပွဲကို မရွှေ့ဆိုင်းစေချင်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်က အငှားယဉ်မောင်းတစ်ဦးဖြစ်တဲ့ ဦးတင်ထွန်းနိုင်က အခက်အခဲတွေကြားထဲက မဲပေးခဲ့တယ် ဆိုတာကို နောင်လာမယ့် မျိုးဆက်တွေအတွက် မရွှေ့ဆိုင်းတာ ကောင်းတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲရွှေ့ဆိုင်းပေးဖို့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ တောင်းဆိုချက်ကိုထောက်ခဲ့တယ်လို့ အငှားယဉ်မောင်း ဦးအောင်ခိုင် က ပြောပါတယ်။

ရွေးကောက်ပွဲ ရွှေ့သင့်မသင့် ဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ နဲ့ ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံ ဆွေးနွေးသင့်တယ်လို့ ရွေးကောက်ပွဲတွေကို လေ့လာစောင့်ကြည့်နေတဲ့ ရန်ကုန်အခြေစိုက် နယူးမြန်မာ ဖောင်ဒေးရှင်းရဲ့ ရွေးကောက်ပွဲအကြံပေးဒေါ်မြနန္ဒာသင်းက သုံးသပ်ပါတယ်။

“နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ရမယ့် အနေအထားလို့ မြင်တယ်။ သူတို့အနေနဲ့ကတော့ ရောဂါများလာရင် မဲထွက်ပေးမယ့် အခြေအနေမှာတော့ သူတို့အတွက် စဉ်းစားချက်တွေ ရှိလာနိုင်တယ်။ အန္တရာယ်ဖြစ်နိုင်တယ် မဲသွားပေးဖို့အတွက် မစဉ်းစားတော့ဘူး ဆိုတဲ့ သူမျိုးတွေ  ပိုများလာနိုင်တယ်”


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းနဲ့ဖြေကြားမှာ မဟုတ်ဘဲ စာပေးပို့မှသာ ဖြေဆိုနိုင်မယ်လို့ ပြောပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၀ ကျော်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၆၈၉ ဦးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားပြီးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org