ရုရှားက မြန်မာစစ်တပ်ကို ခြောက်နှစ်အတွင်း ဒေါ်လာ၂၄၇ သန်းဖိုး လက်နက်ရောင်းချ
ရုရှားဟာ အရှေ့တောင်အာရှရဲ့ လက်နက်ဖြည့်ဆည်းရေးမှာ အဓိကဦးဆောင်တဲ့နေရာမှာ ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်ကြား ဒေသတွင်းမှာ အမေရိကန်ဒေါ်လာ ၁၀.၇ ဘီလီယံ ဝန်းကျင်တန်ဖိုး ရှိတဲ့ စစ်ရေးလက်နက်ပစ္စည်းတွေ ရောင်းချခဲ့ကြောင်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာန (SIPRI ) က ဖော်ပြပါတယ်။
-
မောင်သစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022-04-06 -
-
-
၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တပ်မတော်နေ့အခမ်းအနားမှာ စစ်တပ်က တင့်ကားတွေ၊ ဒုံးကျည်တင်ယာဉ်တွေကို ပြသခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်အခမ်းအနားမှာ အရင်နှစ်တွေကလို မဟုတ်တာတစ်ခုက ပြည်ပနိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်လာတာ မတွေ့ရတာပါ။
ပြီးခဲ့တဲ့နှစ်က တပ်မတော်အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရုရှားနိုင်ငံလက်ထောက်ကာကွယ်ရေးဝန်ကြီး Alexander Fomin ကိုဖိတ်ကြားခဲ့ပေမယ့် ဒီနှစ်တက်ရောက်လာတာ မတွေ့ရပါဘူး။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး အာဏာသိမ်းစစ်ကောင်စီ ကို ထောက်ခံခဲ့တဲ့ နိုင်ငံအနည်းငယ်ထဲမှာ ရုရှားလည်းပါဝင်ပါတယ်။ ဒါ့အပြင်ရုရှားဟာ သူ့နိုင်ငံလုပ်လက်နက် တွေ မြန်မာစစ်တပ်ကို တင်ပို့နေတာလည်းဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ မြန်မာစစ်ကောင်စီကလည်း ရုရှား က ယူကရိန်းကို ကျူးကျော်တဲ့ကိစ္စအပေါ် သင့်တော်ကြောင်း ထောက်ခံခဲ့ပါတယ်။
ဩစတြေးလျ ANU တက္ကသိုလ်၊ အရှေ့တောင်အာရှဆိုင်ရာ သုတေသီ Hunter Marston က ရုရှားရဲ့စစ်ရေး ပစ္စည်းတချို့ မြန်မာနိုင်ငံကို ရောက်ရှိဖို့စီစဉ်နေတယ်လို့ ပြောပါတယ်။ တချို့နေရာတွေမှာ ရဟတ်ယာဉ်တွေ ပြင်ဆင်ဖို့ ရုရှားကျွမ်းကျင်သူတွေ လိုအပ်နေကြောင်းပြောဆိုပါတယ်။
ရုရှားဟာ အရှေ့တောင်အာရှရဲ့ လက်နက်ဖြည့်ဆည်းရေးမှာ အဓိကဦးဆောင်တဲ့နေရာမှာ ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်ကြား ဒေသတွင်းမှာ အမေရိကန်ဒေါ်လာ ၁၀.၇ ဘီလီယံ ဝန်းကျင်တန်ဖိုး ရှိတဲ့ စစ်ရေးလက်နက်ပစ္စည်းတွေ ရောင်းချခဲ့ကြောင်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာန (SIPRI ) က ဖော်ပြပါတယ်။
အများဆုံးဝယ်ယူသူက ဗီယက်နမ်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ကစလို့ ဗီယက်နမ်ရဲ့ စစ်ရေးလက်နက် ၈၀ ရာခိုင်နှုန်းကို ရုရှားက ဖြည့်ဆည်းပေးနေတာပါ။ဒါ့အပြင် မြန်မာနိုင်ငံကိုလည်း ၂၀၁၅ နဲ့ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၄၇ သန်းဖိုး လာအိုနိုင်ငံကို ဒေါ်လာ ၁၀၅ သန်းဖိုး ထိုင်းနိုင်ငံကို ဒေါ်လာ ၄၇ သန်းဖို့ ရောင်းချခဲ့တယ်လို့ SIPRI က ဆိုပါတယ်။
ယူကရိန်းစစ်ပွဲ သီတင်းပတ် ခြောက်ပတ်ထဲ ဝင်လာချိန်မှာ အနောက်နိုင်ငံခေါင်းဆောင်တွေက ရုရှားသမ္မတ ပူတင်ကို စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုဖို့ ဆော်ဩလာကြပါတယ်။အရှေ့တောင်အာရှ အစိုးရတွေကတော့ တစုံတရာ မဆုံးဖြတ်နိုင်ကြသေးပါဘူး။
ယူကရိန်းစစ်ပွဲ အဆုံးသတ်သွားမယ်ဆိုရင်တောင် လက်နက်ဝယ်ယူမှု ရုရှားနဲ့ နှစ်ဦးနှစ်ဖက် စစ်ရေး အခြေအနေက ဆက်လက်မြင့်တက်နေဦးမယ်လို့ ဩစတြေးလျတက္ကသိုလ် ဆရာတစ်ဦးကပြောပါတယ်။
အလားတူ အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားကို စစ်ရာဇဝတ်မှုနဲ့ အပြစ်ပေးဖို့ ကြိုးစားတာ၊ မော်စကို အနေနဲ့ ယူကရိန်းမှာပြန်လည်တည်ဆောက်ရေးတွေ ဆောင်ရွက်ပေးဖို့ တောင်းဆိုတာတွေ ဖြစ်လာရင် နိုင်ငံရေးအခြေအနေ ပိုဆိုးဝါးလာနိုင်တယ်လို့ ပြောပါတယ်။
အလားတူ ဒေသတွင်းနိုင်ငံအများစုနဲ့ အာဆီယံနိုင်င်တွေကိုယ်တိုင် သတိနဲ့စောင့်ကြည့်ပြီး တင်းမာမှုတွေ မြင့်တက်မလာအောင် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေနဲ့အတူ ဆောင်ရွက်နိုင်ဖို့လိုကြောင်းနဲ့ အီးယူ ဥရောပသမဂ္ဂဆိုရင် မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့နေတဲ့ ရုရှားအပေါ်ပိတ်ဆို့အရေးယူနိုင်ကြောင်း လည်းပြောပါတယ်။
စာရင်းဇယားတစ်ရပ်အရ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ရုရှားက လက်နက်တင်ပို့ခဲ့တဲ့ အရှေ့တောင် အာရှ ငါးနိုင်ငံစာရင်းမှာ ဗီယက်နမ်က အများဆုံးဖြစ်ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အများဆုံးစာရင်းမှာ ပါဝင်နေပါတယ်။ ဒါပေမဲ့ အိန္ဒိယအပါအဝင် အင်ဒိုနီးရှားနဲ့ ဗီယက်နမ်လို နိုင်ငံတွေအနေနဲ့ လက်နက်အတွက် ရုရှားအပေါ် မှီခိုနေရတဲ့ အနေအထားကို အမေရိကန်က လျှော့ချချင်နေပါတယ်။
အရှေ့တောင် အာရှဒေသလက်နက်ဈေးကွက်မှာ ရုရှားက အရေးပါနေတာဟာ လက်နက်တွေ ဈေးချိုလို့ ပြင်းအားကောင်းလို့ ဖြစ်ကြောင်းလည်း နယ်သာလန် အခြေစိုက် DW သတင်းမှာဖော်ပြပါတယ်။
အခုအခါ အရှေ့တောင်အာရှဒေသဟာ အမေရိကန်နဲ့ တရုတ်အင်အားကြီးနှစ်နိုင်ငံတွေနဲ့ ယှဉ်ပြိုင်နေ ကြပေမယ့် ဗဟိုချက်နေရာဖြစ်လာနေပြီး တစ်ချိန်တည်းမှာ တောင်တရုတ်ပင်လယ်ပြင်အတွင်း ဗီယက်နမ်နဲ့ ဖိလစ်ပိုင်လို ဒေသတွင်းနိုင်ငံတွေနဲ့ တရုတ်ပြည်ကြား ပင်လယ်ပြင်ရေပိုင်နက် ပြဿနာတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။