ရုရှားကနေ ဝယ်ထားတဲ့ တိုက်လေယာဉ်လေးစင်း နေပြည်တော်ရောက်

စစ်ကောင်စီက ရုရှားနိုင်ငံကနေ ဝယ်လိုက်တဲ့ SU -30 SME တိုက်လေယာဉ်တွေဟာ နိုင်ငံခြားကိုရောင်းဖို့ ဈေးခပ်ချိုချိုနဲ့ ထုတ်လုပ်လိုက်တဲ့ အမျိုးအစားဖြစ်ပြီး တစ်စင်းကို အမေရိကန်ဒေါ်လာ သန်း ၃ဝ ကျော် ပေးရတယ်လို့ သိရပါတယ်။

၂ဝ၁၇ ခုနှစ် ဇူလိုင် ၁၈ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့က လေကြောင်းပြပွဲတွင် တွေ့ရသည့် Sukhoi Su-30 တိုက်လေယာဉ်။ Photo - Reuters

ရုရှားနိုင်ငံ Sukhoi က ထုတ်လုပ်တဲ့ SU-30 SME အမျိုးအစား ဘက်စုံသုံး တိုက်လေယာဉ် ခြောက်စင်းကို အာဏာသိမ်းစစ်ကောင်စီက ဝယ်ယူခဲ့ရာမှာ အဲဒီလေယာဉ်တွေထဲက လေးစင်းဟာ နေပြည်တော် လေတပ်စခန်းကို ရုရှား အီလူးရှင်း IL-76 ကုန်တင်လေယာဉ်ကြီးတွေနဲ့ အခုအပတ် ၁၉ ရက်ကနေ ၂၄ ရက်တွေအတွင်း ရောက်ရှိလာခဲ့ပြီး အဲဒီ SU -30 တွေပါဝင်တဲ့ တပ်ဖွဲ့ကို Squadron 45 အုပ် ၄၅လို့ အမည်ပေးကာ မတ်လ ၂၃ ရက်နေ့က ဖွင့်ပွဲကျင်းပခဲ့တယ်လို့ စစ်ကောင်စီလေတပ်ကနေ CDM လှုပ်ရှားမှုမှာပါဝင်လာတဲ့ တပ်ကြပ်ကြီး တစ်ဦးက RFA ကိုပြောပါတယ်။

“IL 76 ဆိုတဲ့ ရုရှား Cargo လေယာဉ် နဲ့ လာပို့တာ။ ၁၉ ရက်နေ့က တစ်စင်း၊ ၂ဝ ရက်နေ့က တစ်စင်း၊ ၂၃ ရက်နေ့က တစ်စင်း ထပ်ရောက်တယ်၊ ပြီးတော့ ၂၄ ရက်နေ့က ရောက်တယ်။ ကျနော်သိသလောက် SU- 30 ခြောက်စင်းမှာ လေးစင်း လုံးဝရောက်နေပြီ။ နေပြည်တော် လေတပ်စခန်းမှာ။ ၂၃ ရက်နေ့က အုပ်ဖွင့်ပွဲလုပ်သွားတယ်။ အဲဒီ SU -30 အုပ်လေ၊ အုပ် ၄၅ ဖွင့်ပွဲ Squadron 45 ဖွင့်ပွဲလုပ်သွားတယ်။ ဒီကောင်တွေက မြန်မာပြည် တောင်နဲ့မြောက်ကို ပျံလို့ရတယ်။ မောင်းတာကတော့ ကျနော်သိသလောက် မြန်မာတွေ အစောကြီးထဲက ရုရှားကို သင်တန်းသွားတက်တာရှိတယ်၊ အဲဒီလေယာဉ်တွေ မောင်းဖို့၊ အောက်က ဒီကောင်တွေ ပြင်ဖို့ စက်ပြင် အခြားအဆင့်ပေါ့နော် အောက်ကစက်မှုလက်မှု စစ်သည်တွေက အစ အဲဒီမှာ သင်တန်း သွားသင်နေတာရှိတယ်”

CDM တပ်ကြပ်ကြီးရဲ့ပြောဆိုချက်အရ ဒီအပတ်အတွင်း ရောက်လာသူတွေထဲမှာ ရုရှားလေယာဉ်မှူးတွေ နဲ့ ရုရှားစီးပွားရေးရင်းနှီးမြှုပ်နှံမှုအဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

စစ်ရေးပြအခမ်းအနားတက်မယ့် ရုရှား ဒု-ကာကွယ်ရေးဝန်ကြီးလည်း နေပြည်တော်ကို မနေ့က ရောက်ရှိတယ်လို့ ဆိုပါတယ်။ အခု စစ်ကောင်စီက ဝယ်လိုက်တဲ့ SU -30 SME တိုက်လေယာဉ်တွေဟာ နိုင်ငံခြားကိုရောင်းဖို့ ဈေးခပ်ချိုချို နဲ့ ထုတ်လုပ်လိုက်တဲ့ အမျိုးအစားဖြစ်ပြီး တစ်စီးကိုအမေရိကန်ဒေါ်လာ သန်း ၃ဝ ကျော်ပေးရတယ်လို့ သိရပါတယ်။

ဒီလေယာဉ်ပျံတွေကို ဝယ်ယူရေးအတွက် လိုအပ်တဲ့ ငွေကြေးတွေကို ရှာပေးဖို့ ၂ဝ၁၉ ခုနှစ်က ညစာစားပွဲတစ်ခုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စစ်ထောက်ချုပ်နဲ့ စစ်ရေးချုပ်တွေကို ပြောဆိုခဲ့တာ ကြားသိခဲ့ရတယ်လို့လည်း CDM တပ်ကြပ်ကြီးက ပြောပါတယ်။

“အဲဒီနေ့က သူတို့ စစ်ထောက်ချုပ် ရယ်၊ စစ်ရေးချုပ်ရယ် သူရယ် ထမင်းစားတဲ့အချိန်မှာ အဲဒီလေယာဉ်တွေ ဝယ်ဖို့ပေါ့နော် “ ငါ အဲဒါတွေဝယ်မယ် မင်းတို့ ပိုက်ဆံရအောင်ရှာပေး” ဆိုပြီး စစ်ထောက်ချုပ်ရယ် စစ်ရေးချုပ်ရယ် သူက MEC နဲ့ ဦးပိုင်လေ၊ စစ်ထောက်ချုပ်က MEC ကို ကိုင်တာ၊ စစ်ရေးချုပ်က ဦးပိုင်ကို ကိုင်တာ။ “မင်းတို့ဆီက ငါ့ကို တစ်ယောက်ကို ဒေါ်လာ သန်း ဘယ်လောက်ပေး ဆိုပြီး အဲလို ညှစ်တာ။ ဒေါ်လာ သန်း ၂ဝဝ ကျော် ရအောင်တောင်းပြီးတော့ အဲဒီလေယာဉ်တွေကို ဝယ်ဖို့ ကြိုးစားတာ။ အဲဒီလေယာဉ် ၆ စင်း ဝယ်တာကြောင့် အခုတပ်ထဲမှာ ဦးပိုင် အမြတ်ငွေတွေ မရတာတွေက အဲဒီ ပြဿနာတွေနဲ့ ဆိုင်တယ်”

အခုဝယ်ထားတဲ့ တိုက်လေယာဉ်တွေထဲက တချို့ကို မနက်ဖြန်ကျင်းပမယ့် စစ်ရေးပြအခမ်းအနားမှာ ရုရှားလေယာဉ်မှူးတွေက မောင်းနှင်ပျံသန်းပြသမယ်လို့ ဆိုပါတယ်။ မြန်မာလေယာဉ်မှူးတွေအနေနဲ့ လတ်တလောမှာ မောင်းနှင်နိုင်ဦးမှာ မဟုတ်ဘူးလို့လည်း တပ်ကြပ်ကြီးက ပြောပါတယ်။

“မောင်းဖို့က မြန်မာပိုင်းလော့တွေ က ကျွမ်းကျင်မှုရှိဖို့ လိုသေးတာ။ ဒီတော်လှန်ရေးနေ့မှာ သူတို့ ပြမယ် အလှပြမယ် ဆိုရင် ကျိန်းသေတယ်။ မြန်မာပိုင်းလော့တွေ မောင်းလို့ မရသေးဘူး။ မြန်မာတွေက လေ့ကျင့်ချိန်မှ မရတာ၊ သူတို့ လာမောင်းမှ ရတာ။ ကျနော်တို့ ပိုင်းလော့တွေ အဲ့လောက် ကျွမ်းကျင်မှုမရှိသေးဘူး။ သူတို့က ဟိုမှာ မောင်းတတ်ရုံလေး သင်တာ။ အလှပြတယ်ဆိုတာ ပုံမှန်မောင်းတတ်ရုံ နဲ့ မရဘူးဆိုတော့ ဘယ်လိုမှ မြန်မာ မောင်းလို့ မရဘူး”

အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ် Carleton College နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာရေးရာဌာန ပါမောက္ခ ဦးထွန်းမြင့် ကတော့ အခုလို ရုရှားနဲ့ မြန်မာစစ်တပ် ဆက်ဆံမှုဟာ နိုင်ငံတကာက ဝိုင်းပယ်ခံရသူ အချင်းချင်း ပူးပေါင်းမှုတစ်ခုဖြစ်တယ်။

ရုရှား၊ တရုတ်နဲ့ အမေရိကန်အပါအဝင် လက်ရှိ ကမ္ဘာ့ နိုင်ငံရေး ပြောင်းလဲမှုတွေကို နွေဦးတော်လှန်ရေးမှာ ပါဝင်ဦးဆောင်နေသူတွေအနေနဲ့ မျက်ခြည်မပြတ်လေ့လာပြီး မိမိတို့ဒီမိုကရေစီ တိုက်ပွဲအတွက် ထိထိရောက်ရောက် အသုံးချနိုင်ဖို့လိုတယ်လို့ ဝေဖန်ပါတယ်။

“အခုသူတို့မှာ အခက်အခဲပေါင်းစုံကြုံတွေ့နေရတယ်။ နိုင်ငံတကာမှာရော ပြည်တွင်းမျက်နှာစာမှာပါ သူတို့ကို ရွံနေကြပြီ။ ရုရှားနိုင်ငံရဲ့ပူတင်ခေါင်းဆောင်တဲ့ ယူကရိန်းစစ်ကလည်း ကမ္ဘာ့ပြည်သူတွေက ပူတင်ကို ရွံတဲ့အဆင့်ရောက်နေပြီ။ အဲဒီတော့ ပြည်သူလူထုက ဥပက္ခာပြုခံရတဲ့ အာဏာရှင်တွေ အချင်းချင်း ဆက်သွယ်ပြီး သူတို့မှာ ရှိတာလေးတွေထုတ်ပြတာတော့ သိပ်မဆန်းပါဘူး။ ရုရှားကနေပြီးတော့ မြန်မာနိုင်ငံကို အခုလို နီးနီးကပ်ကပ် စစ်ရေးအရရော စီးပွားရေးအရပါ ဆက်သွယ်လုပ်ကိုင်တာတွေကို အရှေ့တောင်အာရှနိုင်ငံတွေက ဘယ်လိုတုံ့ပြန်မလဲ။ စောင့်ကြည့်ရမှာဖြစ်တယ်။ NUG တို့ တခြားတော်လှန်ရေးအဖွဲ့တွေအနေနဲ့ သိရမှာက ဘင်္ဂလားဒေ့ရှ်တို့ အိန္ဒိယတို့ က မြန်မာစစ်တပ်နဲ့ဆက်သွယ်ပြီး လုပ်နေတာတွေဟာ အလကားလုပ်နေတာ မဟုတ်ဘူး။ ရုရှားနဲ့ တရုတ်ပြိုင်ပွဲတွေ၊ ပြောရမယ်ဆိုရင်တော့ Geopolitics ပေါ့၊ ဒါတွေကို သူတို့တုံ့ပြန်တဲ့ ကိစ္စတွေဖြစ်တယ်။ ဒီကြားထဲမှာ အမေရိကန်ကလည်း NDAA အမျိုးသား ကာကွယ်ရေး ဥပဒေနဲ့ တရုတ်ကို စောင့်ကြည့်ဖို့ ဒေါ်လာ ၇ ဘီလီယံကျော် ချထားပြီး လုပ်ငန်းတွေလုပ်နေတယ်။ အဲဒီတော့ ဒါတွေကို ကြည့်ခြင်းအားဖြင့် ရှင်းရှင်းပြောရရင် ခွင် (ဂွင်)ကပိုပြီးကျယ်လာတယ်။ မြိုင်လာတဲ့သဘောရှိတယ်။ အဲဒီလို မြိုင်လာတဲ့ ဂီတထဲမှာ ကျနော်တို့ ဘယ်လိုမြိုင်မြိုင်ဆိုင်ဆိုင် ဒီနွေဦးတော်လှန်ရေး အောင်မြင်အောင်လုပ်နိုင်စွမ်းရှိမလဲ မရှိဘူးလဲဆိုတာ အင်မတန် အရေးကြီးတယ်”

အခုလို ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org