စစ်ကောင်စီကို လက်နက်တင်ပို့တဲ့ ရုရှားပိုင် Rostec ကုမ္ပဏီ
ရုရှားနိုင်ငံဟာ မြန်မာစစ်တပ်ကို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ အဓိက တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး ဒီလုပ်ငန်းမှာ ရုရှားကုမ္ပဏီ ၁၉ ခု ပါဝင်ပတ်သက်နေပါတယ်။
-
စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2022-04-06 -
-
-
ရုရှားနိုင်ငံဟာ မြန်မာစစ်တပ်ကို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ အဓိက တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး ဒီလုပ်ငန်းမှာ ရုရှားကုမ္ပဏီ ၁၉ ခု ပါဝင်ပတ်သက်နေပါတယ်။
မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်စပ်လုပ်ကိုင်နေသူတွေနဲ့ ကုမ္ပဏီတွေကို သုတေသနလုပ်နေတဲ့ Justice for Myanmar က ကုမ္ပဏီနာမည်တွေကို လိပ်စာနဲ့တကွ မတ်လ ၂၆ ရက်က ဖော်ထုတ်လိုက်တာပါ။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာက ပေါ်ပေါက်လာတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို နှိမ်နင်းတဲ့အခါ မြေပြင်ထိုးစစ်သက်သက်နဲ့ မအောင်မြင်တဲ့အတွက် လေကြောင်းက ပစ်ကူယူချိန်မှာ စစ်ရဟတ်ယာဉ်တွေ၊ စစ်လေယာဉ်တွေသုံးပြီး စစ်ကောင်စီက ထိုးစစ်ဆင်ပါတယ်။
ဒီလို လေကြောင်းက တိုက်ခိုက်နိုင်အောင် စစ်တပ်ကို လက်နက်ရောင်းချနေတဲ့ နိုင်ငံတွေရှိတဲ့အတွက်လို့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ထောက်ပြပါတယ်။
“လေယာဉ်တွေနဲ့ ရွာတွေကို ပစ်တယ်ပေါ့နော်။ အိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အရပ်သား နေအိမ်တွေကို ပစ်တယ်။ စစ်ဘေးရှောင် စခန်းတွေကို ပစ်တယ်။ ဒီ လက်နက်တွေသုံးပြီး စစ်ကြောင်းတွေ ထိုးတယ်။ ဒီလက်နက်တွေ သုံးပြီးတော့ပဲ ရွာတွေကို မီးရှို့တယ်။ ဒါမျိုး လုပ်နေတာဆိုတော့ ဒါတွေသာ မရှိဘူးဆိုရင် ဒီထက်ပိုပြီး သူတို့ လုပ်နိုင်စွမ်း ကျဆင်းသွားမှာပဲ။ ပြည်သူလူထုကို ဒုက္ခပေး နိုင်စွမ်းကတော့ ကျသွားမှာပဲ”
လေကြောင်းက ပစ်ကူယူနိုင်ဖို့ ရုရှားက ဝယ်ယူတဲ့ တိုက်ရဟတ်ယာဉ်တွေက စစ်ကောင်စီအတွက် အကျိုးရှိနေပါတယ်။
ဒီလို စစ်လက်နက်တင်ပို့တဲ့ ရုရှားလက်နက်ကုမ္ပဏီတွေထဲက Rostec ကုမ္ပဏီဟာ ကုမ္ပဏီခွဲတွေရှိပြီး ဒုံးကျည်စနစ်တွေ၊ ရေဒါတွေနဲ့ ရဲတပ်ဖွဲ့အတွက် ပစ္စည်းကိရိယာတွေ တင်ပို့တယ်လို့ Justice for Myanmar က ပြောပါတယ်။
Rostec ကုမ္ပဏီဟာ ရုရှားအစိုးရပိုင် စစ်ဖက်ရေးရာစက်မှုလုပ်ငန်းဖြစ်တယ်လို့လည်း အမေရိကန်အခြေစိုက် Wilson Center သုတေသနအဖွဲ့က ၂၀၁၉ ခုနှစ်တုန်းက ဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ပါရှိပါတယ်။
ရုရှားစစ်လက်နက်လုပ်ငန်းမှာ ကုမ္ပဏီ ၁၃၀၀ ကျော်ရှိပြီး လူသန်း ၂၀ လောက်ကို အလုပ်အကိုင် ပေးထားနိုင်တယ်လို့ ပြောပါတယ်။ ဒီနယ်ပယ်မှာ အဓိက ကြိုးကိုင်နေတာက မြန်မာစစ်တပ်ကို လက်နက်တင်ပို့နေတဲ့ ကုမ္ပဏီ ၁၉ ခုထဲမှာပါတဲ့ Rostec ဧရာမ ကုမ္ပဏီကြီးဖြစ်ပါတယ်။ ခေတ်ရှေ့ ပြေး နည်းပညာထုတ်လုပ်တီထွင်ရေးနဲ့ ပြည်ပတင်ပို့ရေး အထောက်အကူပြု ကော်ပိုရေးရှင်းလည်း ဖြစ်ပါတယ်။ သူနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီ ၇၀၀ ကျော်ဟာ ရဟတ်ယာဉ်ကအစ သံချပ်ကာတိုက်ခိုက်ရေးယာဉ်အလယ် AK ရိုင်ဖယ်နဲ့ ညကြည့်မှန်ပြောင်းအဆုံး လက်နက်မျိုးစုံထုတ်လုပ်ပါတယ်။
Rostec နဲ့ သူ့လက်အောက်မှာ ဖြန့်ကျက်ထားတဲ့ ကုမ္ပဏီတွေကို ထဲထဲဝင်ဝင် တူးဆွကြည့်ရင် ရုရှားလျှို့ဝှက်ထောက်လှမ်းရေးဌာနနဲ့ နီးစပ်သူတွေရှိတာတွေ့ရတယ်လို့ ဆိုပါတယ်။
ကုမ္ပဏီကို ၂၀၀၈ ခုနှစ်က စတင်ထူထောင်ပြီး အစိုးရပိုင်လုပ်ငန်း ၄၃၉ ခုကို ရုရှားအစိုးရက Rostec ကို လွှဲပြောင်းပေးပါတယ်။
“ဒီ လက်နက်တွေသုံးပြီး စစ်ကြောင်းတွေ ထိုးတယ်။ ဒီလက်နက်တွေ သုံးပြီးတော့ပဲ ရွာတွေကို မီးရှို့တယ်။ ဒါမျိုး လုပ်နေတာဆိုတော့ ဒါတွေသာ မရှိဘူးဆိုရင် ဒီထက်ပိုပြီး သူတို့ လုပ်နိုင်စွမ်း ကျဆင်းသွားမှာပဲ။ ပြည်သူလူထုကို ဒုက္ခပေး နိုင်စွမ်းကတော့ ကျသွားမှာပဲ”
လေကြောင်းက စလို့ လက်နက်ခဲယမ်းမီးကျောက်နဲ့ အသံပိုင်းဆိုင်ရာ အီလက်ထရွန်းနစ်အထူးပြုတဲ့ လုပ်ငန်းအဖြစ် ထူထောင်ပါတယ်။ ကုမ္ပဏီ စတင်ထူထောင်ပြီး နောက်ခြောက်နှစ်အကြာ ၂၀၁၄ ခုနှစ်မှာ သူ့လက်အောက် ကုမ္ပဏီ ၅၀၀ ကျော်လောက် ရောက်လာပါတယ်။ နောက်ပိုင်း ကုမ္ပဏီ ၇၀၀ ကျော် ပိုင်ဆိုင်လာပြီး ၂၀၁၇ ခုနှစ်အကုန်မှာ လူ ၅၁၂၀၀၀ ကျော်ကို အလုပ်ပေးနိုင်ပါတယ်။
ရုရှားအစိုးရပိုင် United Aircraft Corporation ဆိုတဲ့ ရုရှားလေကြောင်း အာကာသယာဉ်၊ ဒုံးယာဉ် အစရှိတဲ့ ယာဉ်တည်ဆောက်ရေး နည်းပညာနဲ့ ကာကွယ်ရေးကော်ပိုရေးရှင်းပါ သူ့လက်အောက်ရောက်ချိန်မှာ ဝန်ထမ်းခြောက်သိန်းကျော် ရှိသွားမယ်လို့ Wilson Center ဆောင်းပါးမှာ ဖော်ပြပါတယ်။
Rostec အကြောင်းပြောရင် သူ့မိတ်ဖက် ရုရှားအစိုးရပိုင် Rosoboronexport က တွဲပါလာပါတယ်။ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ တင့်ကားတွေ၊ တိုက်ခိုက်ရေးယာဉ်တွေ၊ ဗုံးကြဲဂျက်လေယာဉ်တွေ၊ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ၊ လက်နက်ခဲယမ်း မီးကျောက်တွေကို Rosoboronexport က ပြည်ပတင်ပို့တယ်လို့ အမေရိကန် Bloomberg သတင်းက ဖော်ပြပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားကို မနှစ်က ဇွန်လမှာ သွားရောက်တုန်းက Rosoboronexport ကုမ္ပဏီကို သွားရောက်ခဲ့ပါတယ်။ Rosoboronexport လက်နက်ကုမ္ပဏီက ဒုညွှန်ကြားရေးမှူးချုပ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ နိုဝင်ဘာလ ၁၂ ရက်က တွေ့ဆုံတာလည်းရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကစလို့ ရုရှားနဲ့ စစ်ရေးဆက်ဆံရေးကောင်းမွန်လာတဲ့ မြန်မာစစ် တပ်ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်မျက်နှာတွေ ပိုဖွင့်လာရပါတယ်။ ဆန့်ကျင်သူတွေကိုလည်း ရတဲ့နည်းဖို့ ချေမှုန်းဖို့ ရည်ရွယ်ထားပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ပွင့်လင်းရာသီကို ကျော်ဖြတ်လာပြီး ခု ၂၀၂၂ ခုနှစ် ပွင့်လင်းရာသီ ရောက်လာပြန်ပြီလည်း ဖြစ်ပါတယ်။