စစ်ကိုင်းတိုင်းက မြို့လေးမြို့မှာ NUG အုပ်ချုပ်ရေးစတင်နေသော်လည်း စိုးရိမ်နေကြဆဲ

RFA Burmese
2024.01.24
စစ်ကိုင်းတိုင်းက မြို့လေးမြို့မှာ NUG အုပ်ချုပ်ရေးစတင်နေသော်လည်း စိုးရိမ်နေကြဆဲ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Kawlin Revolution – KR

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းယူထားတဲ့ စစ်ကိုင်းတိုင်းက ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူးမြို့တွေမှာ NUG အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေပြီလို့ သိရပါတယ်။ အဲဒီမြို့တွေကို ၂၀၂၃ နိုဝင်ဘာကစပြီး တော်လှန်ရေး အင်အားစုတွေ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

NUG သိမ်းထားပြီးနောက်မှာ အရင်ကထက် သွားလာရေးပိုလုံခြုံသွားပေမယ့် စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ လာပစ်မှာတွေ၊ တိုက်ပွဲပြန်ဖြစ်လာမှာတွေကို မြို့သူမြို့သားတွေ စိုးရိမ်နေရသေးတယ်လို့ ခါမ်းပါတ်မြို့က အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“သွားလာတာက နည်းနည်းတော့ ချောင်သွားတယ်လို့ ပြောလို့ရမယ်ပေါ့။ စစ်ဆေးရေးတွေ အဲလောက်ကြီး တင်းတင်းကျပ်ကျပ်မရှိတော့ဘူး။ အဲဒါတော့ နည်းနည်းကွာတာပေါ့။ အခုက လေယာဉ်လာမလား ဆိုပြီး လေယာဉ်သံလား ဆိုင်ကယ်နည်းနည်းကျယ်တဲ့အသံ ကားသံကြားရင်တောင် လေယာဉ်သံလားပေါ့နော်။ စိုးရိမ်စိတ်နဲ့ ဘယ်အချိန် လေယာဉ်ပျံလာမလဲ သူက စစ်မဖြစ်ရင် မလာဘူး၊ စစ်ဖြစ်ရင် လာတယ်ဆိုတော့လေ။ ဒါတော့ ပြည်သူလူထုက အမြဲတမ်းတော့ စိုးရိမ်တာပေါ့”

လက်ရှိအချိန်မှာ NUG အောက်မှာ ကောင်းကောင်းမွန်မွန်လည်ပတ်နေပြီလို့ ခါမ်းပါတ် မြို့က ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က အမည်မဖော်လိုတဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ပထမတစ်ကြိမ် တိုက်ပွဲပြီးကတည်းက အုပ်ချုပ်မှုတွေက စနေတာပေါ့။ ဒုတိယ တိုက်ပွဲဖြစ်ပြီးတော့ ပိုပြီးတော့မှ အုပ်ချုပ်မှုအောက်ကို လက်ရှိ ပအဖတွေပါ ဖွဲ့ပြီးသွားပြီဆိုတော့ NUG ရဲ့အောက်မှာ ကောင်းကောင်းမွန်မွန် လည်ပတ်နေပါ တယ်ရှင်”

ခါမ်းပါတ်မြို့မှာ ၂၀၂၃ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ စစ်ကောင်စီက ထိုးစစ်ဆင်လာတဲ့ အတွက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ၂၀၂၄ ဇန်နဝါရီလ ၇ ရက်နေ့မှာတော့ ခါမ်းပါတ်မြို့နယ် ကနန်ရွာမှာ ဒေသခံတွေ ဘုရားဝတ်ပြုနေတဲ့အချိန် စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်လို့ အရပ်သား ၁၇ ယောက် သေဆုံးခဲ့ပြီး ၁၉ ယောက် ဒဏ်ရာရတယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။ သေဆုံးတဲ့သူတွေ ထဲမှာ ကိုးယောက်က ကလေးငယ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

"လူကို လူလို ဆက်ဆံခံရတဲ့စနစ်၊ ဆက်ဆံပေးတဲ့ အုပ်ချုပ်သူလူတန်းစားရခဲ့ရင် တော်ပါပြီဗျ"

အခုအချိန်မှာတော့ တိုက်ပွဲမရှိတော့လို့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူတချို့ ပြန်လာကြပြီဖြစ်ပေမယ့် တချို့ကတော့ တိုက်ပွဲပြန်ဖြစ်မှာကိုစိုးရိမ်တဲ့အတွက် ပြန်မလာကြသေးဘူးလို့ ပြောပါတယ်။

ခရိုင်မြို့ဖြစ်တဲ့ ကောလင်းမြို့ကိုလည်း NUG နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်း တပ်တွေက ၂၀၂၃ နိုဝင်ဘာ ၆ ရက်နေ့မှာ သိမ်းယူခဲ့ပြီး ဒီဇင်ဘာလ ၃ ရက်နေ့က နေစလို့ NUG အစိုးရ ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်ခဲ့ပါတယ်။

ဒါပေမဲ့ ကောလင်းမှာ ကုန်စည်တွေ သယ်ယူပို့ဆောင်ရေးခက်ခဲနေသေးသလို၊ စစ်ကောင်စီတပ်က လက်နက်ကြီး တွေနဲ့ ရံဖန်ရံခါ ပစ်ခတ်နေလို့ ပြည်သူတွေ အသက် ဆုံးရှုံးတာလည်းရှိတယ်လို့ အမည်မဖော်လိုတဲ့ ကောလင်း ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“ကောလင်းဝင်မယ့်ကုန်စည်ကားတွေ၊ ကောလင်းဝင်မယ့် ခရီးသွားတွေ အကုန်လုံးကို သွားခွင့်မပေးဘဲနဲ့ ရွှေဘူဖိုးဝင်ဂိတ်မှာ ပိတ်တယ်ဆိုတဲ့ ကိစ္စတွေရှိနေတာပေါ့နော်။ အားလုံးကို လှည့်ပြန်ခိုင်းတဲ့ကိစ္စ တွေ ရှိနေတဲ့အတွက် ကုန်စည်စီးဆင်းမှုကတော့ အခက်အခဲတွေ ဖြစ်နေတယ်။ အဆင်မပြေဘူးလို့ ပြောရင်လည်း တကယ်လည်း အဆင်မပြေဘူး။ စကစတွေဘက်က လက်နက်ကြီးပစ်ခတ်မှုတွေရှိ တယ်။ ဝန်းသိုခမလ ၁၂၀ က ပစ်တာပေါ့နော်။ အဓိက လူစည်ကားတဲ့စျေး မြို့လယ်ကောင်ပတ်ဝန်းကျင်မှာ လက်နက်ကြီးတွေ ပစ်တာတွေ ရှိတော့ မြို့သိမ်းပြီးနောက်ပိုင်းမှာကိုက ပြည်သူ သေဆုံးမှုက ဆယ်ဦးကျော် လာပြီပေါ့နော်”

ကောလင်းမြို့ စျေးထဲကို ဇန်နဝါရီလ ၂ ရက် မနက်ပိုင်း စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံခြောက်ယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအပြင် စစ်ကောင်စီတပ်က ဖမ်းပြီးသတ်ဖြတ်ထားတဲ့ အရပ်သား ၁၉ ယောက်ရဲ့ အလောင်းတွေကို ဝန်းသိုမြို့နားက ငါးမိုင်အရပ်မှာ ဇန်နဝါရီ ၇ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ကောလင်းမြို့က ခြောက်ယောက်ပါ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်ထားတဲ့အတွက် ပြည်သူတွေအနေနဲ့တော့ အမိန့် အာဏာနဲ့ ပြောဆိုသံတွေ မကြားရတော့ဘဲ တောင်းဆိုလို့ရတဲ့အစိုးရတစ်ရပ် ဖြစ်လာပြီလို့လည်း ခံစားနေရ တယ်လို့ ပြောကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကလည်း သူတို့ ထိန်းသိမ်းထားတဲ့ မြို့တွေကို ရှိတဲ့အင်အား အရင်းအမြစ်တွေနဲ့ အတတ်နိုင်ဆုံး ကောင်းအောင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီရဲ့တပ်တွေ မြို့ကိုတိုက်ခိုက်မှုမလုပ်နိုင်အောင် ကျွန်တော်တို့ ကာကွယ်ရေး တပ်ဖွဲ့တွေ ကာကွယ်ဆောင်ရွက်နေတဲ့အချိန်မှာ အုပ်ချုပ်ရေးကဏ္ဍက အုပ်ချုပ်ရေးယန္တရားအစိုးရ ဝန်ဆောင်မှု လုပ်ငန်းတွေကိုပေးနိုင်ဖို့ ကျွန်တော်တို့တွေ ရှိတဲ့အင်အားနဲ့ ရှိတဲ့အရင်းအမြစ်နဲ့ ရှိတဲ့အရာတွေနဲ့ပေါ့နော် အတတ်နိုင်ဆုံး အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နေကြတယ်ပေါ့”

ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးကို မြန်မာနိုင်ငံအနှံ့ မြို့နယ်ပေါင်း ၁၇၀ ကျော်မှာ ဖွဲ့စည်းထားပြီး တရားဥပဒေ စိုးမိုးရေး၊ စည်ပင်သာယာရေး၊ ပညာရေး၊ကျန်းမာရေး၊ ဘဏ္ဍာရေး အစရှိတဲ့ ကဏ္ဍ အားလုံးကို လည်ပတ်နိုင်ရေး ဆောင်ရွက်နေတာလို့ ပြောပါတယ်။

မော်လူးမြို့နယ်မှာလည်း NUG အုပ်ချုပ်ရေး လည်ပတ်နေပြီဖြစ်ပြီး အခက်အခဲတွေတော့ ရှိနေသေးတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ယောက်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့က ပြန်လည်ပြီးတော့ အစိုးရတစ်ရပ်အနေနဲ့ ပြန်ပြီးလည်ပတ်တယ်ဆို တော့ အခက်အခဲတော့ရှိတာပေါ့။ အခက်အခဲဆိုတာ အဲလိုပေါ့နော် ကျွန်တော်တို့ဒီမှာ လာပြီး ပုဂ္ဂိုလ်တွေအားလုံးကလည်း ဝန်ထမ်းအဖြစ်နဲ့ လာတာမဟုတ်ဘူးလေဗျာ။ အဲဒါဆိုတော့ အခက်အခဲတော့ ရှိတာပေါ့။ ဦးဆောင်ရေးပိုင်းမှာပြောတာပါ"

စစ်ကောင်စီတပ်ကလည်း မော်လူးမြို့နဲ့ ၆ မိုင်လောက်အကွာ၊ ကချင်ပြည်နယ်အစပ် နန့်စီးအောင်ဂိတ် မှာစခန်းချထားပေမယ့် အခုထိတော့ ပြန်ပြီးထိုးစစ်ဆင်တာမရှိသေးဘူး လို့ ပြောပါတယ်။

အင်းတော်မြို့နယ် မော်လူးမြို့ရှိ တိုက်နယ်ရဲစခန်းအား တော်လှန်ရေး ပူးပေါင်းအဖွဲ့များ မီးရှို့ရှင်းလင်းခဲ့သည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
အင်းတော်မြို့နယ် မော်လူးမြို့ရှိ တိုက်နယ်ရဲစခန်းအား တော်လှန်ရေး ပူးပေါင်းအဖွဲ့များ မီးရှို့ရှင်းလင်းခဲ့သည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

မော်လူးရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကိုထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ မော်လူး ဒေသခံတစ်ဦးကတော့ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်မှုအောက် ရောက်သွားပေမယ့် လိုအပ်ချက်တွေတော့ရှိနေသေးတယ်လို့ ပြောပါတယ်။

“ပူတဲ့ဒဏ်တော့ နည်းနည်းတော့ သက်သာသွားတယ်ပေါ့။ အားမနာတမ်းပြောရမယ် ဆိုရင် ပြည်သူက အေးမြတဲ့ရေနဲ့ မထိတွေ့ရသေးဘူးဗျ။ အပူနည်းနည်း လျော့သွား တာပဲရှိတယ်ဗျ။ ကျွန်တော်တို့ ပြည်သူတွေအဓိက လိုချင်တာက စစ်မှန်တဲ့ဒီမိုကရေစီ။ ကျွန်တော့်အနေနဲ့ကတော့ ရှင်းပါတယ်။ လူကို လူလို ဆက်ဆံခံရတဲ့စနစ်၊ ဆက်ဆံ ပေးတဲ့ အုပ်ချုပ်သူလူတန်းစားရခဲ့ရင် တော်ပါပြီဗျ။ တော်လှန်ရေးက ကြာလေလေ ပြည်သူတွေကတော့ ပိုပြီးဒုက္ခရောက်လေလေ မြန်မြန်အဆုံး သတ်ရင်အကောင်းဆုံး ပေါ့”

စစ်ကိုင်းတိုင်းက NUG လက်အောက်ရောက်သွားတဲ့ မြို့တွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲပေါင်း ၁၁၉ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အင်စတီကျု (ISP- Myanmar) ရဲ့ ၂၀၂၃ နိုဝင်ဘာလ ၂၈ ရက်ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။