ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခရီးစဉ် လုံခြုံရေးယူတဲ့ယာဉ်တန်း တိုက်ခိုက်ခံရ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေက ရောက်ရှိလာတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခရီးစဉ်အတွက် လုံခြုံရေးယူပေးခဲ့ရတဲ့ စစ်ယာဉ်တန်းဟာ မော်လမြိုင်ကနေ ဘီးလင်းမြို့ကို အပြန်မှာ တိုက်ခိုက်ခံခဲ့ရတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

ကော်ဘရာစစ်ကြောင်းတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။ Photo: Cobra Column

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို ရောက်ရှိလာတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် လုံခြုံရေးယူပေးပြီး မော်လမြိုင်ကနေ ဘီးလင်းမြို့ကို ပြန်လာတဲ့ စစ်ယာဉ်တန်းတစ်ခုကို KNU/KNLA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၇ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိအခိုက် အသေအဆုံး ရှိခဲ့ပါတယ်။

မော်လမြိုင်ကနေ သထုံကို မောင်းနှင်လာတဲ့ စစ်ယာဉ်တန်း ငါးစီးဟာ ဘီးလင်းအပိုင် ရဲစခန်းနဲ့ ဒေါင်းရပ်ကျေးရွာအနီး ရွှေသံလွင် တိုးဂိတ်ဟောင်း အရှေ့တောင်ဘက် ရွေကုက္ကိုလ်ကွေ့ မိုင်တိုင်အမှတ် - ၁၂၇/၄ နဲ့ ၁၂၇/၅ အကြားမှာ လမ်းရဲ့ ညာဘက်ခြမ်း ကနေ တိုက်ခိုက်ခံခဲ့ရတာပါ။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အောက်တိုဘာ ၁၇ နဲ့ ၁၈ ရက် နေ့မှာ ကရင်ပြည်နယ်၊ ဘားအံမြို့နဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွေကို သွားရောက်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့မှာ နေပြည်တော်ကို ပြန်သွားခဲ့တာပါ။

အဲဒီခရီးစဉ်ကို သွားရောက်လုံခြုံရေးယူပေးခဲ့တဲ့ စစ်ကောင်စီတပ်ယာဉ်တန်း မော်လမြိုင် ကနေ ဘီးလင်းကိုအပြန်မှာ တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သထုံ PDF တပ်ရင်းမှူးတစ်ဦးက ပြောပါ တယ်။

"မော်လမြိုင်ကနေ ပြန်လာတာ။ ဘီးလင်းနယ်မြေကို ရောက်တော့ မိုင်းနဲ့ ဆွဲပြီးတော့ တစ်ခါတည်း ဝင်ပစ်လိုက်တာ။ ထိတာကတော့ သူတို့ ဆေးရုံမှာ၊ ကျနော်တို့လည်း စုံစမ်းတာကတော့ ကိုးယောက် သေသွားတယ်။ ကားနှစ်စီး ထိသွားတယ်။ အချိန်ကနေ ၉ နာရီ ၄၀ မိနစ်အချိန်မှာ စဖြစ်တာ။ သတင်းကြိုရလို့ ကျနော်တို့က ဆော်ထည့် လိုက်တာ။ ကျနော်တို့လည်း နေရာကောင်းကောင်းရပြီးတော့ ဆွဲပြီးတော့ ပစ်၊ ပစ်ပြီးတော့ နာရီဝက်လောက်ရှိတယ်၊ ပစ်ပစ်ပြီးတော့ ခနနေ ပြန်ဆုတ်ရတာ။ ကိုယ့်လူတွေ ထိမှာဆိုးလို့ ကိုယ်က ပြန်ဆုတ်ရတာ"

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အောက်တိုဘာ ၁၇ ရက်မှာပဲ ဘီးလင်းအပိုင် ရွှေအင်ဒုန်ကုန်းဆင်းမှာ တစ်ကြိမ်နဲ့ ဒေါင်းရပ်လမ်းခွဲမှာ တစ်ကြိမ် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကနဦးစာရင်းအရ ကိုးဦး သေဆုံးတာလို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ယာဉ်ငါးစီးထဲက အရာရှိတွေပါတဲ့ကားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ သထုံ KNLA တပ်ရင်း (၂) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစန်းမြင့်က ပြောပါတယ်။

"သူတို့ ပြန်လာတာ ကား ခုနစ်စီး ပါလာတယ်လေ။ မော်လမြိုင်ကနေ ဘီးလင်းကို ပြန်လာတာ။ ရှေ့က လုံခြုံရေးကား သုံးစီးကိုတော့ သူတို့ လွှတ်ပေးလိုက်တယ်လေ။ အရာရှိကားတွေပဲ ဆွဲလိုက်တာပေါ့ နှစ်စီးက။ အားလုံးကတော့ သေတာ ၁၁ ယောက် သေတယ်လို့ ပြောတာပဲ။ ထိခိုက်ဒဏ်ရာကတော့ အယောက် ၂၀ ကျော်တာပေါ့။ အလောင်းတွေကိုတော့ လမ်းပေါ်မှာပဲ ပုံထားတာပဲ။ ပုံပြီးမှ သူတို့ ပြန်လာကောက်တယ် လေ။ ရှေ့က သွားတဲ့ ကားသုံးစီးက နောက်ပြန်လှည့်လာတော့ ကျနော်တို့ကလေးတွေက ပူးပေါင်းတပ်ဖွဲ့က အောင်မြင်စွာ ပြန်ဆုတ်လာလိုက်တာပေါ့”

တိုက်ပွဲဖြစ်ပွားတဲ့နေရာနှစ်ခုမှာ ကနဦး ကိုးဦး သေဆုံးပြီးနောက် ဆေးရုံမှာ နောက်ထပ် နှစ်ဦး သေဆုံးခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ၁၁ ဦး သေဆုံးတယ်လို့ ဦးစန်းမြင့်က ပြောပါတယ်။

မွန်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်း ကတော့ နှစ်ဦးပဲ သေဆုံးတယ်လို့ ပြောပါတယ်။

"ထိတွေ့ပစ်ခတ်မှုကြောင့် တိုးဂိတ် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးတယ်။ တပ်မတော်ယာဉ်တန်းက တပ်ဖွဲ့ဝင် နှစ်ဦး မစိုးရိမ်ရ၊ ဒဏ်ရာ ရရှိတယ်။ ဒုရဲမှူး အောင်မြင့်စိုးကို ၂၂:၀၀ အချိန် (၁၀ နာရီ) အချိန်မှာ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသခဲ့ရာမှာ ၂၂:၁၀ အချိန် (၁၀ နာရီ ၁၀ မိနစ်) မှာ ရရှိတဲ့ ဒဏ်ရာနဲ့ ကျဆုံး သွားပြီးတော့ ဗိုလ်မှူးဖြိုးတေဇာထွန်း နဲ့ ဗိုလ်ကြီးဖြိုးကိုကိုအောင်တို့ကို ခလရ (၈) မှာ ရှိတဲ့ တပ်တွင်းဆေးရုံမှာ ဆေးကုသခံယူလျက် ရှိပါတယ်"

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့ ဦးရေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ယာဉ်တန်းကို လက်နက်ကိုင် အင်အား ၂၀ လောက်က လက်လုပ်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီးနောက် ရွှေသံလွင် တိုးဂိတ်ဟောင်းကို ၄၀ - မမ လက်နက်ကြီးနဲ့ သုံးချက်၊ လက်နက်ငယ်နဲ့ အချက် ၁၀၀ လောက် ပစ်ခတ်ခဲ့တယ်လို့ မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးအောင်ကြည်သိန်းက ပြောပါတယ်။

ဒီလို ပစ်ခတ်လာတဲ့အတွက် ရွှေသံလွင်တိုးဂိတ် လုံခြုံရေးတာဝန်ကျ ရဲမှူးအောင်မြင့်စိုး အပါအဝင် ၁၂ ဦး၊ ဗိုလ်ကြီးမျိုးသီဟထွန်းနဲ့ ဗိုလ်ဇော်လင်းခိုင်တို့ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၂ ဦးခန့်က လက်နက်ငယ်နဲ့ အချက် ၂၀၀ ခန့် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မိနစ်ပိုင်းအကြာမှာပဲ PDF အင်အား ၂၀ ခန့်ဟာ တိုးဂိတ်ရဲ့ အရှေ့မြောက်ဘက် တစ်မိုင်ခန့် အကွာ ဒေါင်းရပ်ကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ စစ်ကောင်စီက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

"ကွမ်းခြံတွေထဲကိုတောင်မှ တော်တော်လေးကို အရဲစွန့်ပြီး သွားနေရတဲ့ အနေအထားပေါ့။ တိုက်ပွဲဖြစ်မှာလည်း ကြောက်နေရတယ်"

တိုက်ပွဲဖြစ်ပွားရာ နေရာအနီးမှာ နေထိုင်တဲ့ ဘီးလင်းဒေသခံတစ်ဦးကတော့ တိုက်ပွဲသံတွေ ကို ကြားနေခဲ့ရပြီး ဒေသခံတွေ မလုံခြုံသလို ခံစားနေရတယ်လို့ RFA ကို ပြောပါတယ်။

"ဒီဘက်မှာကတော့ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတာပေါ့။ ကျနော်တို့မှာ ခြံလုပ်တဲ့ လုပ်သားတွေကများတော့ ရာဘာခြံတို့၊ ကွမ်းခြံတို့လို ခြံသမားတွေကများတော့ တောထဲတောင်ထဲကို သွားလာနေရတယ်။ သူတို့လည်း မသွားရဲ၊ မလာရဲတွေ ရှိတယ်။ နောက်ညဘက်ကျလို့ရှိရင် ည ၆ နာရီကျော် ၇ နာရီလောက်ဆိုရင် ဘီးလင်းနဲ့ သထုံ ကြားကို ဖြတ်ဖို့ဟာက တော်တော်ကို စဉ်းစားနေရတာပေါ့။ ကွမ်းခြံတွေထဲကိုတောင်မှ တော်တော်လေးကို အရဲစွန့်ပြီး သွားနေရတဲ့ အနေအထားပေါ့။ တိုက်ပွဲဖြစ်မှာလည်း ကြောက်နေရတယ်"

ဘီးလင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံတပ်တွေကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲတွေအတွင်းမှာ ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးဌာန (ISP–Myanmar) ရဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ထိ ၁၈ လအတွင်း နိုင်ငံ တစ်ဝန်းမှာ တိုက်ပွဲပေါင်း ၆၆၇၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲတွေ ဟာ လျော့ကျသွားတာမရှိဘဲ ဆက်တိုက်တိုးလာနေတယ်လို့လည်း ISP–Myanmar က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org