စစ်ခေါင်းဆောင်ကို နာမည်ကျော် ၁ဝဝ စာရင်းမှာ TIME မဂ္ဂဇင်း ထည့်သွင်းဖော်ပြ

အောင်သိင်္ခ(ဝါရှင်တန်ဒီစီ)
2023.04.15
စစ်ခေါင်းဆောင်ကို နာမည်ကျော် ၁ဝဝ စာရင်းမှာ TIME မဂ္ဂဇင်း ထည့်သွင်းဖော်ပြ နေပြည်တော်တွင် ၂ဝ၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားတွင် အာဏာသိမ်းစစ်ခေါင်းဆောင်ကို တွေ့ရစဉ်။
AP

၂ဝ၂၃ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ နာမည်လွှမ်းမိုးမှုအများဆုံးလူ ၁ဝဝ စာရင်းမှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ အမေရိကန်သမ္မတ၊ ဂျာမဏီ ဝန်ကြီးချုပ်၊ ဩစတြေးလျ ဝန်ကြီးချုပ်၊ ဂျပန်ဝန်ကြီးချုပ် စတဲ့ခေါင်းဆောင်တွေနဲ့ အတူ အာဏာသိမ်း စစ်ခေါင်းဆောင်ကိုပါ TIME တိုင်းမ်မဂ္ဂဇင်းက ဧပြီလ ၁၃ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။

ဒါပေမဲ့ တိုင်းမ်မဂ္ဂဇင်းအနေနဲ့ စစ်ကောင်စီဥက္ကဋ္ဌကို နာမည်ကောင်းနဲ့ ဖော်ပြတာမဟုတ်ဘဲ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ပုံစံမျိုး ရေးသားထားတာ တွေ့ရပါတယ်။

စစ်ခေါင်းဆောင်ဟာ လူပေါင်း ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံကို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာသိမ်းယူခဲ့တာ ဖြစ်ကြောင်း၊ NUG ၊ PDF အဖွဲ့တွေကို ကူညီပံ့ပိုးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကို ပြတ်ပြတ်သားသား ချေမှုန်းအရေးယူမယ်လို့ တော်လှန်ရေးနေ့က ပြောဆိုခဲ့ကြောင်း၊ သူဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်လို့ ကုလသမဂ္ဂက စွပ်စွဲခံရသူဖြစ်ကြောင်း၊ သူခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီဟာလည်း အာဖဂန်နစ္စတန်က တာလီဘန်အဖွဲ့ ပြီးရင် ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးအဖွဲ့အဖြစ် သတ်မှတ်ခံထားရကြောင်း၊ သူအာဏာသိမ်းခဲ့ချိန်ကစပြီး ကျေးရွာတွေကို အမြောက်လက်နက်တွေ၊ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် ပြည်သူထောင်ပေါင်းများစွာ အသက်ဆုံးခဲ့ရသလို သန်းနဲ့ချီတဲ့လူတွေ မူလဇာတိက ထွက်ပြေးပုန်းရှောင်နေကြရကြောင်း စသဖြင့်လည်း တိုင်းမ်မဂ္ဂဇင်းမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင်ကို တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက်ဟာ မကောင်းတဲ့လူကို ထောက်ပြလိုက်တဲ့ သဘော ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ မင်နီဆိုတားပြည်နယ် Carleton College က နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာ ထွန်းမြင့်က ထောက်ပြပါတယ်။

“ဒီမအလကို တိုင်းမ်မဂ္ဂဇင်းက ထည့်ထားတာကတော့ တစ်နည်းအားဖြင့် ပြောမယ်ဆို မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဖြစ်စဉ်တွေကို ကမ္ဘာသိအောင် လုပ်လိုက်တဲ့ အပိုင်းလည်း သူတို့စဉ်းစားကောင်း စဉ်းစားနိုင်တယ် သူ့လက်အောက်ငယ်သားတွေ အပေါ်မှာ ဩဇာညောင်းတယ်ဆိုတဲ့ ဟာကို ဥပမာ သီတဂူဆရာတော်လို သူ့လက်အောက်ငယ်သားတွေကို ညောင်းတယ်ဆိုတဲ့ ဩဇာပုံစံမျိုးနဲ့ ကြည့်မယ်ဆိုရင်လည်း သူတို့အနေနဲ့ အပြစ်သိပ်ပြီးတော့ ပြောလို့မရနိုင်တဲ့ ပုံစံမျိုးထည့်ထားတာပေါ့ အမှန်မှာက စကစဘက်ကနေပြီးတော့ သူတို့ အနိုင်ရတယ် သူတို့နာမည်ကောင်းထွက်လာတဲ့ ပုံစံမျိုးနဲ့ စဉ်းစားရင်သာ မဟာအမှားလို့ပဲ မြင်ရမှာပေါ့လေ အဓိကကတော့ မကောင်းတဲ့လူကို လူလို့ထောက်ပြလိုက်တဲ့ သဘောမျိုးပေါ့ Time မဂ္ဂဇင်းက အဲနေရာ ရှုထောင့်ကနေပြီး ကြည့်ပြီးတော့ Highlight လုပ်တဲ့ သဘောမျိုးယူဆလို့ ရတာပေါ့ဗျာ။”

ကိုယ့်ပြည်သူကို ပြန်ပြီးသတ်ဖြတ်နေတဲ့သူ၊ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့သူ တစ်ယောက်ကို အခုလို ဖော်ပြ လိုက်တာဟာ လူရာသွင်းသလိုဖြစ်တဲ့အတွက် အသိအမှတ်မပြုစေချင်ဘူးလို့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က NLD လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။

“ကမ္ဘာပေါ်မှာ ဩဇာလွှမ်းမိုးမှု အရှိဆုံး စာရင်းထဲမှာ မင်းအောင်လှိုင်ကို ထည့်တယ်ဆိုတာကတော့ ကျွန်တော်တို့ အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒါလူရာသွင်းလိုက်တဲ့ သဘောပေါ့ဗျာ တကယ်တမ်းတော့ အခုလိုမျိုး ကိုယ့်ပြည်သူကို ပြန်ပြီးတော့မှ သတ်ဖြတ်တယ် စစ်ရာဇဝတ်မှုတွေ မျိုးစုံကျူးလွန်တယ် နောက်ပြီးတော့မှ အပြစ်မဲ့ ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ပြီးတော့မှ အစုလိုက်အပြုံလိုက် သတ်ထားတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အသိအမှတ်ကို ကျွန်တော်တို့က မပြုစေချင်ဘူးပေါ့ဗျာ ဒါကတော့ ကျွန်တော်တို့ရဲ့ သဘောထားပေါ့ သူကကောင်းတဲ့ကိစ္စတွေ လုပ်နေတဲ့လူလည်း မဟုတ်ဘူးပေါ့ဗျာ အဲဒီအခါကျတော့ အခုလိုမျိုး အရေးတယူ ဖော်ပြတာမျိုးတော့ လုပ်ဖို့ မသင့်ဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်။”

စစ်ကောင်စီ ဥက္ကဋ္ဌဟာ ကမ္ဘာမှာ စစ်ရာဇဝတ်မှု ကျူးလွန်သူတစ်ယောက်အနေနဲ့ ကျော်ကြားသူဖြစ်တာကြောင့် ရာဇဝတ်မှု ကျူးလွန်သူအနေနဲ့သာ ဖော်ပြသင့်ကြောင်း တိုင်းမ်မဂ္ဂဇင်းအနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောလိုက်ပါတယ်။

“စစ်ရာဇဝတ်ကောင် တစ်ယောက်အနေနဲ့ ကမ္ဘာမှာကျော်ကြားတယ်ဆိုတဲ့ သူ့ကို အဲလို အမျိုးအစား (Category) လုပ်ပြီးတော့ ထည့်မယ်ဆိုလို့ရှိရင် ဒါမှန်ကန်မှု ရှိတယ်။ အခုတော့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွဲပြီးတော့ ဒီလို ထားပေးထားတဲ့အတွက်ကြောင့် ဒါကအခုပကတိ အခြေအနေနဲ့ရော အများအပေါ်ယံ အမြင်မှာရော တော်တော်လေးကို ဒီဥစ္စာက အငြင်းပွားဖွယ် (Controversial) ဖြစ်တယ် ကျွန်တော်တို့ အနေနဲ့ ဒီဥစ္စာထည့်တာကို ဘယ်လိုမှ သဘောမတူနိုင်ဘူး သူတို့အနေနဲ့ ပြန်သုံးသပ်ပြီးတော့ ဒါအချိန်မှီသေးတယ် အခုမှ ထွက်လာတာ ဒီဥစ္စာကို ပြန်ရုပ်သိမ်းသင့်တယ် မြန်မာပြည်သူလူထု အားလုံးက ဒီဥစ္စာကို တော်တော်လေးကို ဒေါသတကြီးဖြစ်နေတာကိုလည်း ကျွန်တော်တို့ အနေနဲ့ တွေ့ရတယ်။”

အမေရိကန်ပြည်ထောင်စု ကယ်လ်ဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့က မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာနန္ဒာမင်းဆွေကလည်း စစ်ခေါင်းဆောင်ဟာ လူသားအပေါ် ဘာကောင်းကျိုးမှ မပေးခဲ့တဲ့ လူတစ်ယောက်ကို စာရင်းထည့်တာဟာ မှားတယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“တိုင်းမ်မဂ္ဂဇင်းရဲ့ အကျော်ကြားဆုံး လူ ၁၀၀ စာရင်း နှစ်စဉ်ထုတ်တဲ့အထဲမှာ ဒီတစ်ခေါက် မင်းအောင်လှိုင်ကို ထည့်ထားတာ အဲဒီအတွက် ကျွန်မမြန်မာတစ်ယောက် အနေနဲ့ ကန့်ကွက်ပါတယ်။ သူဟာ လူသတ်မှု ခေါင်းဆောင် (murdering in chief) သူ့လက်ပေါ်မှာ သွေးကလွဲပြီး ဘာမှကောင်းကျိုးမရှိသေးပါဘူး လူသားမျိုးနွယ်အပေါ်မှာ ဘာကောင်းကျိုးမှ မပေးတဲ့သူ တစ်ယောက်ကို ကမ္ဘာ့ရဲ့ အကျော်ကြားဆုံး လူ ၁၀၀ စာရင်းမှာ ထည့်တာဟာမှားတယ်လို့ ကျွန်မတစ်ယောက် အနေနဲ့တော့ မြင်ပါတယ်။ မြန်မာနိုင်ငံကို လူတွေ ပိုသိသွားဖို့ မြန်မာပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်ညှဉ်းဆဲနေတယ်ဆိုတာကို သိသွားမယ် ဒါပေမဲ့ အဲဒါဟာ ဆောင်းပါးကို ဝင်ဖတ်မှ သိမှာ ဒီအတိုင်းဓာတ်ပုံစာရင်း လူစာရင်းကိုကြည့်ရင် ဒင်းနာမည်ကို ပါသွားတာပဲ တွေ့ရပါတယ် ဒါဟာကျွန်မတို့မြန်မာတွေ အတွက် မတရားပါဘူး။ ”

တိုင်းမ်မဂ္ဂဇင်းဟာ ကမ္ဘာကျော် ဂုဏ်သိက္ခာရှိတဲ့ မဂ္ဂဇင်းဖြစ်တဲ့အတွက် စစ်ခေါင်းဆောင်ကို နိုင်ငံတကာ မျက်နှာစာမှာ အခုလိုဖော်ပြတာဟာ မတန်ဘူးလို့ ပြောလာသူကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ပါ။

“ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတဲ့ ကိစ္စကတော့ တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေအရကြည့်ရင်တော့ မဖြစ်သင့်ဘူးပေါ့ကွာ ကြိုက်လည်း မကြိုက်ဘူး တိုင်းမ်မဂ္ဂဇင်းကြီးရဲ့ အစဉ်အလာနဲ့ သူ့ရဲ့ သဘောထားကို နားလည်တယ် ဆိုလို့ရှိရင် ကိုယ်တို့အနေနဲ့သိပ်ပြီး ပြောစရာမရှိပါဘူး ဒါပေမဲ့ ကိုယ်တို့တိုင်းပြည်မှာ ဖြစ်နေတဲ့ ခံစားမှုအရ ပြောရင်တော့ ဒီမင်းအောင်လှိုင်လို ကောင်မျိုးကို ဒီလိုနိုင်ငံတကာ မျက်နှာစာမှာ တင်ပေးတာတော့ တို့အနေနဲ့ကတော့ တို့တိုင်းပြည်နဲ့ တို့ခံစားမှုအရ ပြောရင်တော့ မတန်ဘူးလို့ ကိုယ်တို့က ပြောချင်တာကိုး ဘာ့ကြောင့်လဲဆိုတော့ တိုင်းမ်မဂ္ဂဇင်းဆိုတာ ကမ္ဘာကျော် ဂုဏ်သိက္ခာရှိတဲ့ မဂ္ဂဇင်းကြီး ဖြစ်တဲ့အတွက် တို့ အဲလိုခံစားရတာလို့ ပြောချင်တာပါ။”

စစ်ခေါင်းဆောင်ဟာ ကိုယ့်ပြည်သူကို အကြမ်းဖက်စစ်ပွဲ ဆင်နွှဲနေတဲ့ သူတစ်ယောက်ဖြစ်သလို တာလီဘန်တွေထက် ပိုဆိုးတဲ့သူ ဖြစ်တာကြောင့် အခုလိုဂုဏ်သရေရှိသူတွေနဲ့ အတူတူ မဖော်ပြသင့်ဘူးလို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဝေဖန်လိုက်ပါတယ်။

“ဒီ ၁၀၀ ဆိုတာက တကယ့်ဂုဏ်သရေရှိဗျ သမ္မတကြီး ဂျိုးလ်ဘိုင်ဒန်တို့ ဩစတြေးလျဝန်ကြီး ဂျပန်ဝန်ကြီးချုပ် ယူကရိန်းသမ္မတကတော ဂုဏ်သရေရှိလူကြီးတွေရဲ့ ကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြားတယ်ပေါ့ တကယ့် ဂြိုလ်ကောင်ဗျာ တကယ်အကုသိုလ်ကောင်ဗျာ အဲဒီလိုထည့်သွင်းဖော်ပြတာတော့ လုံးဝကိုမဖြစ်သင့်တဲ့ ကိစ္စ နောက်တစ်ခုက သူကပြောထားတာက မအလက အခုဟာ တာလီဘန်ထက်တောင် ပိုဆိုးနေတာဗျာ အပြစ်မဲ့ အရပ်သားပြည်သူတွေ အပေါ်မှာသူက အကြမ်းဖက် စစ်ပွဲ ဆင်နွှဲနေတာ တိုင်းပြည်အတွက် အသုံးလည်း မဝင်ဘူး အသုံးလည်း မတည့်ဘူး အသုံးလည်း မကျခဲ့တဲ့ သူတွေပေါ့ဗျာ သို့သော်လည်းပဲ ဒီလိုမျိုး လူ ၁၀၀ ထဲမှာ ထည့်ထားတာကတော့ ဘယ်လိုမှလက်ခံလို့မရဘူး ဘယ်လိုမှ ခံစားလို့မရဘူး အဲဒီအတွက်ကြောင့်မို့လို့ တိုင်းမ်မဂ္ဂဇင်းကိုတော့ ဒီကိစ္စနဲ့ ပတ်သက်လို့က လက်ခံနိုင်စရာအကြောင်း မရှိတဲ့အခါကျတော့ ကန့်ကွက်တယ်လို့ပဲ ပြောချင်တယ်။”

တိုင်းမ်မဂ္ဂဇင်းအနေနဲ့ ကမ္ဘာပေါ်မှာ နာမည်လွှမ်းမိုးမှု အရှိဆုံး လူ ၁ဝဝ စာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိရာမှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရွေးချယ်ဖော်ပြခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။