အိန္ဒိယနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရလို့ တမူးနယ်စပ်ဂိတ် ယာယီပိတ်
မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဇူလိုင် ၅ ရက် မနေ့က နေ့လယ်ပိုင်းမှာ အိန္ဒိယနိုင်ငံသားနှစ်ဦး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီသတ်ဖြတ်မှုမှာ တရားခံဘယ်သူလဲဆိုတာ မသိရသေးပေမယ့် ပျူစောထီးအဖွဲ့၀င်တွေနေထိုင်တဲ့ ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
- 2022-07-06
-
-
-
မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဇူလိုင် ၅ ရက် မနေ့က နေ့လယ်ပိုင်းမှာ အိန္ဒိယနိုင်ငံသားနှစ်ဦး ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် အိုင်ယာနားနဲ့ အသက် ၂၈ နှစ်အရွယ် မိုဟန်တို့ နှစ်ယောက်ကို သေနတ်သမားတွေက ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ မျက်မြင် တွေ့ရှိသူတွေက RFA ကို ပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ် တမူးဂိတ်ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က ယာယီ ပိတ်လိုက်သလို အိန္ဒိယဘက်ခြမ်း မိုးရေးမြို့က ဒေသခံလူငယ်တွေ အိန္ဒိယနိုင်ငံသားနှစ်ဦး သေဆုံးမှုအတွက် ဒေါသထွက်နေကြတယ်လို့ မိုးရေးမြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသား တစ်ဦးက ပြောပါတယ်။
“သူတို့လူငယ်တွေစုပြီးတော့မှ မြန်မာဘက်အခြမ်းကို စိန်ခေါ်နေကြတာ။ မြန်မာဘက် က လာတဲ့သူတွေလည်း အကုန်ရိုက်နေကြတာ။ မနက်ပိုင်းကစပြီး လာတဲ့သူတွေကို အကုန်ရိုက်နေတော့တာ။ လူငယ်တွေစိတ်က ပိုဒေါသထွက်နေကြပြီ။ သူတို့ဘက်အခြမ်း ကနေပေါ့။ သူတို့ဘက် ဘောလုံးကွင်းရှိတယ်။ အဲ့ဒီဘောလုံးကွင်းကနေ မြန်မာဘက် ခြမ်းကို လူငယ်တွေစုပြီးမှ စိန်ခေါ်နေကြတယ်”
အိန္ဒိယဘက်ခြမ်း မိုးရေးမြို့ကို သွားရောက်တဲ့ မြန်မာလူမျိုးတွေ ရိုက်နှက်ခံရတဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ မြန်မာဘက်ခြမ်း တမူးမြို့မှာတော့ ထူးခြားမှု တစ်စုံတစ်ရာမရှိဘူးလို့ တမူးဒေသခံတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံသားနှစ်ဦးဟာ မြန်မာနိုင်ငံ တမူးမြို့က မိတ်ဆွေတွေဆီ အလည်လာခဲ့တာ ဖြစ်ပြီး တမူးမြို့ စော်ဘွားရပ်ကွက်ရှိ အမှတ် (၄) စာသင်ကျောင်းအနီးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ပျူစောထီးတွေက စစ်ဆေးမှုတွေလုပ်ပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့ တာလို့ တမူးဒေသခံတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ စော်ဘွား ၁၀၊ အမှတ် (၄) စာသင်ကျောင်းလို့ပဲခေါ်တယ်။ အဲ့နားမှာ အပစ်ခံရတာ။ ပစ်တာတော့ ပျူစောထီးတွေ ပစ်တာလို့ ပြောတယ်။ ပွဲချင်းပြီး သေသွားတယ်။ သူတို့ ခေါင်းကိုပဲ ပစ်ခံရတာ။ အခုလောလောဆယ်တော့ အိန္ဒိယဘက်ကို လုံးဝဝင်ခွင့်မပေးသေးဘူး”
လက်ရှိမှာ အိန္ဒိယနိုင်ငံသားနှစ်ဦးရဲ့ အလောင်းတွေကို တမူးပြည်သူ့ဆေးရုံရဲ့ ရင်ခွဲရုံဆီ ပို့ထားတယ်လို့ တမူးမြို့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ပစ်တာတော့ ပျူစောထီးတွေ ပစ်တာလို့ ပြောတယ်။ ပွဲချင်းပြီး သေသွားတယ်"
သေဆုံးသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူ တမူးဒေသခံတစ်ဦးကလည်း အခင်းဖြစ်ပွားတဲ့ နေရာဟာ ပျူစောထီးအဖွဲ့ဝင်တွေ အများစုနေထိုင်တဲ့ ရပ်ကွက်ဖြစ်တယ်လို့ ပြောပါတယ်။
“တမူးစော်ဘွား ၁၀ ပေါ့။ အဲ့ ရပ်ကွက်မှာ ကုလားနှစ်ယောက် အသတ်ခံရတယ်ပေါ့။ ဟိုဘက်နိုင်ငံသားတွေဆိုတာ သိတဲ့အချိန်မှာကျတော့ အဲဒီနှစ်ယောက်ဖြစ်နေတာ။ ကျနော်တို့သိတာကတော့ အဲဒီရပ်ကွက်က ပျူစောထီးရပ်ကွက်၊ နှစ်ယောက်လုံးက ခေါင်းမှာ ဒဏ်ရာတွေပဲ။ အဲမှာ သူတို့မှာ ပါသွားတဲ့ ဆိုင်ကယ်၊ တစ်ယောက်က လက် မှာဝတ်ထားတဲ့ လက်စွပ်တစ်ကွင်း၊ နောက်တစ်ယောက်က လက်စွပ်နှစ်ကွင်းပါတယ်။ အဲဒါကိုမေးတော့လည်း မရှိဘူးတဲ့။ ပထမ သေသွားတဲ့ နေရာဓာတ်ပုံမှာ ဆိုင်ကယ် လည်းပါတယ်။ ရင်ခွဲရုံ ရောက်တဲ့အချိန်မှာမေးတော့ မရှိဘူး၊ မသိဘူးဖြစ်တော့တာ”
တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး ပစ်သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမယ့် အကြောင်းမပြန်ပါဘူး။
ဒီ့အပြင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
အိန္ဒိယနိုင်ငံသားနှစ်ဦးကို ပျူစောထီးအဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် နှစ်နှစ်နီးပါး ပိတ်ထားခဲ့တဲ့ အိန္ဒိယ-မြန်မာနယ်စပ် တမူး-မိုးရေးနယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့စပြီး ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။
နေ့စဉ် တမူးမြို့ကနေ အိန္ဒိယနိုင်ငံ မိုးရေးမြို့ကို သွားပြီး ကူးသန်းရောင်းဝယ်နေသူ ၅၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုတော့ မနေ့က အိန္ဒိယနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံလိုက်ရတဲ့ ဖြစ်စဉ်ကြောင့် တမူးကနေ မိုးရေးဘက် ကူးသန်းမှုကို အိန္ဒိယ အာဏာပိုင်တွေက ပိတ်ထားလိုက်ပါပြီ။