အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေ UN နဲ့ နိုင်ငံတကာအကူအညီ မရသေး
2024.10.04

အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ သုံးနှစ်ကျော်အတွင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါအဝင် နိုင်ငံတကာအဖွဲ့စည်းတွေဆီက အကူအညီ မရတဲ့အတွက် လက်ရှိမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးတဲ့ အရပ်ဘက်အဖွဲ့တွေက RFA ကိုပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်ကနေ ထွက်ပြေးပြီး အိန္ဒိယဘက်မှာခိုလှုံနေရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ခုနစ်သောင်းဝန်းကျင်ရှိတယ်လို့ ချင်းအရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။ မီဇိုရမ်ပြည်နယ်မှာ ခြောက်သောင်းဝန်းကျင်ရှိနေပြီး မဏိပူရ်ပြည်နယ်မှာ ငါးထောင်ကျော် ရှိနေတာပါ။
အလုပ်အကိုင်မရှိတာ၊ ကူညီထောက်ပံ့မှုတွေ မရတာတွေကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
"ပထမဆုံးအနေနဲ့ကတော့ စား၀တ်နေရေးပဲ။ ဘာလို့လဲဆိုတော့ အလုပ်အကိုင် ရှားပါးတယ်။ အဲဒီအတွက်ကြောင့် မိသားစု၀င်များတဲ့သူတွေတောင်မှ အထူးသဖြင့် ဒီဘက်မှာ ရောက်နေတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုးတွေ၊ မသန်စွမ်းတွေနဲ့ မိဘမဲ့နဲ့ တကယ့်ကြီးမားတဲ့ မိသားစု၀င်တွေဆိုရင် စား၀တ်နေရေး အလုပ်အကိုင်မရှိတော့ တော်တော် ဒုက္ခရောက်နေတယ်။ အဲဒီစား၀တ်နေရေးပါပဲ။ ပြီးတော့ ဒုတိယအချက်က ကျန်းမာရေးပိုင်းဆိုင်ရာ၊ တကယ့်အရေးပေါ်ခွဲစိတ်ကုသဖို့လိုတဲ့ လူနာတွေအတွက်၊ သူတို့အတွက် အဓိက ငွေလိုအပ်တယ်ပေါ့"
စစ်ဘေးဒုက္ခသည်အများစုဟာ မီဇိုရမ်ပြည်နယ် ခရိုင်ခုနစ်ခုက ရွာတွေနားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေကြရပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ မြန်မာဒုက္ခသည်တွေကို စခန်းဆောက်ဖို့နေရာ ပေးတာ၊ ကလေးတွေကို ပညာသင်ဖို့ ကျောင်းတက်ခွင့်ပေးထားတာတွေ ရှိပေမဲ့ စားသောက်ရေးနဲ့ ကျန်းမာရေးမှာ ခက်ခဲနေတာပါ။
အိန္ဒိယအစိုးရကလည်း မြန်မာဒုက္ခသည်တွေကို တရားဝင်အသိမှတ်ပြုတာ မရှိသေးဘူးလို့ ဒုက္ခသည်အရေး လှုပ်ရှားနေတဲ့သူတွေက ပြောပါတယ်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေဝင်လာဖို့ ခက်နေတယ်လို့ ချင်းနိုင်ငံရေးလေ့လာသူ အာရ်လက်ခါ (R. Lakher) က ပြောပါတယ်။
"တရားဝင်လက်ခံထားတာမျိုး မဟုတ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ ဝင်ပြီးတော့ ကူညီဖို့အတွက် အခက်အခဲရှိနိုင်တယ်"
"UNHCR လိုမျိုး နိုင်ငံတကာအဖွဲ့စည်းတွေကနေပြီးတော့မှ အထူးသဖြင့် မီဇိုရမ်နဲ့ မဏိပူရ်မှာရှိတဲ့ မြန်မာပြည် ဒုက္ခသည်တွေကို မကူညီနိုင်သေးဘူးဆိုတာ မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းအရင်းတွေက အများကြီးရှိနိုင်ပါတယ်။ အထူးသဖြင့် အိန္ဒိယအစိုးရက အခုလက်ရှိ မြန်မာဒုက္ခသည်တွေကို တရားဝင် အသိမှတ်ပြုထားတာ မဟုတ်ဘူး။ နားလည်မှုနဲ့ မီဇိုရမ်ပြည်နယ်အစိုးရက လက်ခံလိုက်လို့ သူကလက်ခံပေးလိုက်တဲ့သဘောမျိုးပဲ ရှိတယ်။ အဲဒါကြောင့်မို့လို့ တရားဝင်လက်ခံထားတာမျိုး မဟုတ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ ဝင်ပြီးတော့ ကူညီဖို့အတွက် အခက်အခဲရှိနိုင်တယ်"
မီဇိုရမ်ပြည်နယ်က လူမှုအဖွဲ့တွေ တတ်နိုင်သလောက်ကူညီပေမဲ့ ရေရှည်မှာ အခက်အခဲဖြစ်လာတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် ဒုတိယညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက RFA ကို ပြောပါတယ်။
"မီဇိုရမ်အစိုးရမှာရှိတဲ့ ပြည်တွင်း NGO အဖွဲ့တွေကနေ သူတို့တတ်နိုင်သလောက် ဆီ၊ ဆန်၊ ဆား၊ ပဲ ကူညီပေးနေတာတော့ ရှိတယ်။ ဒါပေမဲ့ ထိရောက်တဲ့ ကူညီမှုနဲ့ ရေရှည်ရပ်တည်နိုင်ဖို့ ကူညီမှုကတော့ အခုချိန်ထိ မတွေ့ရသေးဘူး"
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အိန္ဒိယနိုင်ငံက UNHCR ရုံး၊ မြန်မာသံရုံးနဲ့ ရန်ကုန်မြို့က အိန္ဒိယသံရုံးကို RFA က စက်တင်ဘာလ ၂၆ ရက်နေ့မှာ အီးမေးလ်ကနေတစ်ဆင့် မေးမြန်းထားပေမဲ့ စာပြန်တာ မရှိသေးပါဘူး။
ဆက်နွှယ်သောသတင်းများ
မီဇိုရမ်ပြည်နယ်ကို မြန်မာစစ်ဘေးဒုက္ခသည် ခြောက်ရာကျော် ထပ်ရောက်လာ
အိန္ဒိယရောက် မြန်မာတွေကို နေရပ်ပြန်မပို့ဖို့ အဖွဲ့လေးဖွဲ့ တောင်းဆို
မြန်မာ့အရေး အိန္ဒိယချဥ်းကပ်မှုပုံစံ ပြောင်းလာကြောင်း လေ့လာသူတွေပြော
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလလယ်လောက်မှာ အိန္ဒိယအစိုးရ ကမကထပြုပြီး ကျင်းပမဲ့ ကမ္ဘာ့နိုင်ငံရေး နှီးနှောဖလှယ်ပွဲမှာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ NUG အစိုးရကို ဖိတ်ကြားထားတာကြောင့် ဒုက္ခသည်နဲ့ပတ်သက်ပြီး နိုင်ငံတကာက အထောက်အပံ့တွေ ဝင်လာနိုင်ဖို့ အလားအလာရှိနိုင်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက မျှော်လင့်နေကြပါတယ်။