အိန္ဒိယရောက် မြန်မာတွေကို နေရပ်ပြန်မပို့ဖို့ အဖွဲ့လေးဖွဲ့ တောင်းဆို
2024.06.19

အိန္ဒိယနိုင်ငံ အာသံနဲ့ မဏိပူရ်ပြည်နယ်က အကျဉ်းထောင်တွေမှာ ဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို မြန်မာပြည် ပြန်မပို့ဖို့ အိန္ဒိယအစိုးရကို အရပ်ဘက်အဖွဲ့အစည်းလေးခုက ဇွန်လ ၁၉ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
India For Myanmar၊ Blood Money Campaign၊ Defend Myanmar Democracy နဲ့ Sitt Nyein Pan Foundation စတဲ့အဖွဲ့လေးခုက မြန်မာနိုင်ငံသားတွေကို ပြန်မပို့ဖို့ တောင်းဆိုတာလို့ India For Myanmar အဖွဲ့က ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။
"အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံကနေ အိန္ဒိယဘက်ကို အထူးသဖြင့် မဏိပူရ်ပြည်နယ်နဲ့ အာသံပြည်နယ်ဘက်မှာ ရောက်ရှိနေတဲ့ မြန်မာစစ်ဘက်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကို အိန္ဒိယအစိုးရက ဖမ်းဆီးထားတာရှိတယ်၊ စုစုပေါင်း ကျွန်တော်တို့စာရင်းအရဆိုရင် ၂၃၀ ကျော်ရှိတယ်၊ အဲအထဲမှာ ၇၆ ဦးကို မြန်မာပြည်ဘက် ပြန်ပို့တာရှိတာပေါ့နော်၊ အခုနောက်ပိုင်း ကျန်ရှိနေသေးတဲ့ မြန်မာနိုင်ငံသားတွေအားလုံးကို မြန်မာပြည် ပြန်ပို့ဖို့လည်း လုပ်နေတယ်ပေါ့နော်၊ အဲအထဲမှာရှိတဲ့ တချိုလူတွေအတွက်က လုံးဝလုံခြုံမှုမရှိတဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးပြီး ဖြစ်နိုင်ရင် အိန္ဒိယနိုင်ငံထဲမှာ ခိုလှုံခွင့်ပေးဖို့ တောင်းဆိုတာပါ"
အာသံပြည်နယ်မှာ ၂၇ ဦး၊ မဏိပူရ်ပြည်နယ်မှာ ၂၀၉ ဦးခန့်ရှိပြီး အဲအထဲက မဏိပူရ်မှာရှိတဲ့ ၇၆ ဦးကို မြန်မာပြည်ကို ပြန်ပို့လိုက်တယ်လို့လည်း ဆိုပါတယ်။
မဏိပူရ်ထောင်ထဲမှာရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား တစ်ရာဝန်းကျင်ဟာ နေရပ်ပြန်မပို့ဖို့အတွက် အစာငတ်ဆန္ဒပြနေတာ လေးရက်ရှိနေပြီး လက်ရှိအချိန်ထိ ညှိနှိုင်းမှုမှာ ပြေလည်မှုမရသေးဘူးလို့လည်း ဆိုပါတယ်။
ဇွန်လ ၁၇ ရက်နေ့က အစာငတ်ခံဆန္ဒပြနေသူတွေကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ ဆက်လက် အစာငတ်ခံဆန္ဒပြနေတယ်လို့လည်း ဆလိုင်းဒိုခါရ်က ပြောပါတယ်။
မြန်မာနိုင်ငံသားတွေ အစာငတ်ခံ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
အိန္ဒိယနိုင်ငံထဲ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူတွေလည်းပါဝင်တာကြောင့် အိန္ဒိယအစိုးရက ပြန်ပို့ဖို့လုပ်တာဟာ သူတို့အတွက် အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိ အာသံနဲ့ မဏိပူရ်ထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မြန်မာနိုင်ငံသား ၁၆၀ ကျော်နဲ့ မဏိပူရ်က မြန်မာစစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော်ကို စစ်ကောင်စီထံကို လွှဲပြောင်းဖို့ ပြင်ဆင်နေတယ်လို့ကြားရတဲ့အတွက် စိုးရိမ်ပူပန်တယ်လို့လည်း ရေးသားထားပါတယ်။
ဒီတောင်းဆိုချက်တွေကို အိန္ဒိယအစိုးရနဲ့ သံရုံးတွေကို ပေးပို့သွားမယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာလူမျိုး ၃၈ ဦးကို ဇွန်လ ၁၁ ရက်နေ့က ပြန်ပို့ခဲ့သလို မေလ ၂ ရက်နေ့ကလည်း ၃၈ ဦးကို ပြန်လွှဲပေးခဲ့တာပါ။