ကြံ့ခိုင်ရေးပါတီ အပြောင်းအလဲနဲ့ စစ်ခေါင်းဆောင်ရဲ့ သမ္မတအိပ်မက်

မကြာသေးခင်ကမှ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒုတိယဥက္ကဋ္ဌ-၃ နေရာကို ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနဲ့ အထွေထွေ အတွင်းရေးမှူးနေရာကို ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးတို့ကို တာဝန်ပေးလိုက်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ Photo: AFP

မကြာသေးခင်ကမှ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒုတိယဥက္ကဋ္ဌ-၃ နေရာကို ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနဲ့ အထွေထွေအတွင်းရေးမှူးနေရာကို ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးတို့ကို တာဝန်ပေးလိုက်ပါတယ်။

ဦးသောင်းအေးက အရပ်ဝတ်ပြောင်းထားတာ ကြာပြီဖြစ်ပေမယ့် ဒုဥက္ကဋ္ဌ-၃ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက အခုမှ စစ်တပ်ထဲကနေ ပူပူနွေးနွေး ပြောင်းရွှေ့လာတဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံ လူရင်းတစ်ယောက်ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အရင်ကတည်းကရှိထားတဲ့ ပါတီဒုတိယဥက္ကဋ္ဌ-၁ ဦးမြတ်ဟိန်း၊ ဒုတိယဥက္ကဋ္ဌ-၂ ဦးလှထွန်းတို့ဟာလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်ပါတယ်။ စစ်တပ်ထဲက ပူပူနွေးနွေး ပြောင်းလာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးကတော့ ပါတီဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဖြစ်လာပါတယ်။

"အဲဒီအပေါ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သမ္မတဖြစ်လာဖို့ သေချာပါတယ်”

အခုရောက်လာတဲ့ စစ်တပ်ထိပ်တန်းအရာရှိအားလုံးဟာ အစကတည်းက ပါတီနဲ့ နီးစပ်သူတွေ ဖြစ်တာကြောင့် သူတို့ရောက်လာတဲ့အတွက် ပိုပြီးအားကောင်းလာတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ဖြစ်တဲ့ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်မြင့်က ပြောပါတယ်။

“ပါတီနဲ့က ဒီလောက်ကြီးတော့ စိမ်းကြတဲ့သူတွေတော့ မဟုတ်ကြဘူးပေါ့ဗျာ။ သဘောကတော့ တခြားနိုင်ငံကလာတာ မဟုတ်ဘဲ ကိုယ့်နိုင်ငံက ပါတီရဲ့လုပ်ဆောင်မှု တွေနဲ့ ပြည်သူတွေရဲ့ လိုလားချက်တွေနဲ့ ဒါတွေကို ပိုပြီးတော့မှ အင်အားရှိရှိနဲ့ လုပ်နိုင်မယ်လို့ ကျနော်တော့ ဒီလိုပဲ မျှော်လင့်ပါတယ်။ သူတို့အား တစ်ခုတည်းနဲ့ပဲ ပါတီက ရပ်တည်ရမယ်လို့ မဆိုလိုဘူးလေ။ ပြည်ခိုင်ဖြိုးပါတီဆိုတာ နဂိုအသင်းဘဝ ကတည်းက သူ့အားနဲ့သူရှိပြီးသားပေါ့။ အခုလည်း သူတို့ရောက်လာတယ်ဆိုတော့ နဂိုရှိပြီးသားအားရော၊ သူတို့ရောက်လာတဲ့ အားကိုရော ပေါင်းလိုက်ရင်တော့ အားပိုကောင်းသွားတာပေါ့။ ဒီသဘောပါ”

ဒီ့မတိုင်ခင် စက်တင်ဘာလထဲမှာလည်း ပါတီဥက္ကဋ္ဌသစ်နေရာကို စစ်ကောင်စီရဲ့ လဝကဝန်ကြီး ရဲချုပ်ဟောင်း ဦးခင်ရီနဲ့ အစားထိုးလိုက်ပြီး ဥက္ကဋ္ဌဟောင်း ဦးသန်းဌေးကို ကျန်းမာရေး အကြောင်းပြချက်နဲ့ အနားပေးလိုက်ပါတယ်။

ဦးသန်းဌေးဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဆင်မပြေမှုတွေ ရှိနေတာကြောင့် အခုလို ဖယ်ရှားခံရတာလို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဒါနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ ကြံ့ခိုင်ရေးပါတီဝင်တွေ ဘက်ကလည်း ဒီကိစ္စကို အတိအကျ ထုတ်မပြောပါဘူး။

မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်မြင့်ကတော့ ပါတီဥက္ကဋ္ဌသစ် ဦးခင်ရီက အတွေ့အကြုံရှိရှိနဲ့ သွက်လက်ထက်မြက်စွာ ခေါင်းဆောင် နေတဲ့အတွက် ပါတီဟာ ရွေးကောက်ပွဲသစ် မတိုင်ခင်မှာ ပိုပြီးအားကောင်းလာလိမ့်မယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးလှဆွေကလည်း ဦးခင်ရီ ဥက္ကဋ္ဌ ဖြစ်လာပြီး နောက်ပိုင်းမှာ ပါတီဝင်တွေအားလုံး စိတ်ဓါတ်တက်ကြွပြီး ပိုလှုပ်ရှား လာတယ်လို့ ပြောပါတယ်။

“အခုတော့ နည်းနည်းပိုပြီးတော့ သွက်သွက်လက်လက် ပိုပြီးတော့ လှုပ်ရှားမယ်လို့ ယူဆပါတယ်။ သူ (ဦးခင်ရီ) ကတော့ ခပ်စိတ်စိတ် လှုပ်ရှားနေပါတယ်ခင်ဗျ။ အဲဒီ တိုင်းနဲ့ပြည်နယ်တွေကို သွားပြီးတော့ ပါတီဝင်တွေနဲ့ တွေ့တယ်။ တွေ့ပြီးတော့ Motivation ပေါ့နော်၊ ပါတီက တအားဖြစ်နေတာပေါ့နော်။ ပါတီဝင်တွေက တအားအသတ်ခံရတာများတော့ ပါတီဝင်တွေက ရှေ့မထွက်ရဲဘူးပေါ့နော်။ အဲဒါကို သူကလိုက်ပြီးတော့ အားပေးပြီးတော့ စိတ်ဓာတ်ခွန်အားပေးတဲ့ သဘောပါပဲ”

ပါတီက လူဟောင်းတချို့ အနားယူသွားပြီမို့ လက်ရှိအချိန်မှာ ကြံ့ခိုင်ရေးပါတီဟာ လူသစ်တွေနဲ့ အားဖြည့်ပြီး သွေးသစ်လောင်းနေတဲ့အချိန်ဖြစ်တယ်လို့ ဦးလှဆွေက ပြောပါတယ်။

ရခိုင်အများသားပါတီ ANP အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ ကြံ့ခိုင်ရေးပါတီရဲ့ လတ်တလော အပြောင်းအလဲတွေဟာ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲသာ ဖြစ်ခဲ့မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်လာဖို့ ကြိုတင်ပြင်ဆင်မှုတွေဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

“ဒီရွေးကောက်ပွဲသာ ဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်၊ တရားဝင် ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ သူတို့အနေနဲ့ ဒီဖွဲ့စည်းပုံအရပေါ့ သူဟာ သမ္မတဖြစ်ဖို့ သေချာပါတယ်။ အဲဒီအတွက် ကြိုတင်ပြင်ဆင်တယ်။ နောက်ပြီးတော့ နိုင်ငံရေးထွက်ပေါက်အားဖြင့်လည်း သူတို့ ဒီရွေးကောက်ပွဲကို မလုပ်မဖြစ် အခြေအနေမှာရှိတယ်။ အဲဒီ နှစ်ချက်ကြောင့် ဒါပြည်ခိုင်ဖြိုးပါတီကတော့ လာမယ့် ရွေးကောက်ပွဲ အခင်းအကျင်းမှာ ဘယ်လောက်ပဲ ပြည်သူစိတ်ဝင်စားမှု မရှိပါစေ၊ နိုင်ငံတကာက ဘယ်လောက် အသိအမှတ် မပြုပါစေ သူတို့အနေနဲ့ ရွေးကောက်ပွဲတစ်ခုကိုတော့ လုပ်ကိုလုပ်သွားမယ်။ အဲဒီအပေါ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သမ္မတဖြစ်လာဖို့ သေချာပါတယ်”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတအိမ်မက်ကို အမြဲမက်နေသူတစ်ဦးဖြစ်ပြီး အဲဒီနေရာအတွက် ဘယ်တုန်းကမှ ငြင်းဆန်ခဲ့တာမျိုး မရှိဘူးလို့လည်း ဦးဖေသန်းက ထောက်ပြပါတယ်။

NLD ပါတီ မပါနိုင်တဲ့ ရွေးကောက်ပွဲကို ပြည်သူတွေက စိတ်ဝင်စားမှု မရှိပေမယ့် စစ်ကောင်စီကတော့ PR စနစ်နဲ့ ရအောင်လုပ်ပြီး သူတို့ရဲ့ အာဏာသိမ်းမှု တရားဝင်လာ အောင်၊ လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေကနေ ထွက်ပေါက်တစ်ခုရလာအောင် မဖြစ်မနေ ကြိုးစားလိမ့်မယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုက အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ အပြောင်းအလဲတွေ လုပ်နေတာ မှန်ပေမယ့် ရွေးကောက်ပွဲ အပြီးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလုပ်၊ မလုပ်ဆိုတာ အခုချိန်မှာ ပြောဖို့စောပါသေးတယ်လို့ RFA ကို ပြောပါတယ်။

“ရွေးကောက်ပွဲကနေတစ်ဆင့် သွားမယ့်လမ်းကြောင်းက လောလောဆယ်မှာ ဦးတည်နေတယ်လို့ ပြောလို့ရတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတရာထူး ယူမလား၊ မယူဘူးလားဆိုတာတော့ လောလောဆယ်မှာ ပြောဖို့စောပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒါနဲ့ပတ်သက်ပြီးတော့ မှန်းဆလို့ ရတဲ့အချက်က မရှိသလောက်ပဲ။ အဲဒါကတော့ ပြောဖို့ခက်တယ်။ ဒါကတော့ နိုင်ငံရေးလေ့လာသူတွေ တော်တော်များများထဲမှာ တွေးစရာ၊ တောစရာတွေ ရှိပါလိမ့်မယ်။ အဲဒါလည်း ဆက်ပြီးတော့ တွေးကြပေါ့နော်”

အခုချိန်မှာ ရွေးကောက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေက ပိုအားသာနေပေမယ့် လက်နက်ကိုင်တိုက်ပွဲတွေ ပိုပြင်းထန်လာရင် စစ်တပ်က အာဏာဆက်ထိန်းထားမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့လည်း ဦးသိန်းထွန်းဦးက ခန့်မှန်းပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Union Solidarity and Development Party)

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ လာမယ့် ရွေးကောက်ပွဲမှာ NLD လည်း ပါဝင်မယ်၊ လူထုလည်း မဲပေးတာများမယ်ဆိုရင်တော့ ပြဿနာအားလုံး ပြေလည်ပြီး စစ်တပ်အတွက်လည်း ထွက်ပေါက်တစ်ခု ရလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“ကျနော်တို့ တိုင်းပြည်အတွက်ကိုကျတော့ လာမယ့် ရွေးကောက်ပွဲမှာ အားလုံး ပါဝင်သလား၊ အထူးသဖြင့်တော့ NLD ပါဝင်သလား ဆိုတဲ့ဟာက အဖြေဖြစ်တယ်။ NLD ပါဝင်ပြီးတော့ ပြည်သူလူထု မဲလာပေးမှုတွေ များတယ်ဆိုရင်တော့ ဒါက နိုင်ငံရေး အရလည်း တော်တော်များများ ပြဿနာတွေ ဖြေရှင်းပြီးသားဖြစ်မှာ ဖြစ်တဲ့အတွက် သူတို့အတွက်လည်း တပ်အတွက်လည်း ထွက်ပေါက် ဖြစ်သွားမှာပေါ့ဗျာ။ ထွက်ပေါက် ဆိုတာက မူလလမ်းကြောင်းပေါ် ပြန်ရောက်သွားမှာပေါ့”

ဒါပေမဲ့ NLD ပါတီကလည်း ရွေးကောက်ပွဲမှာ ပါဝင်တာမျိုး မရှိဘဲ လူထုကလည်း မဲပေးမှု နည်းမယ်ဆိုရင်တော့ အားလုံးပါဝင်မှု မရှိတဲ့ အဲဒီရွေးကောက်ပွဲရလဒ်ကို ပြည်သူကရော နိုင်ငံတကာကရော လက်ခံမှာ မဟုတ်ဘူးလို့ ဦးရဲထွန်းက ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၁၉၉၀ ခုနှစ် ကာလတွေမှာ လူမှုရေးအသင်းတစ်သင်းအဖြစ် စတည်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာပါ။ စတင်ဖွဲ့စည်းကတည်းက စစ်ဗိုလ်ချုပ် ဟောင်း အများစု ပါဝင်တာမို့ စစ်တပ်နဲ့ နီးစပ်တဲ့ပါတီ၊ စစ်တပ်ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီအဖြစ် ပြည်သူအများစုက ရှုမြင်ပါထားတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စစ်အစိုးရဖွဲ့ပေးခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ဦးဆောင်ကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီဟာ တစ်နိုင်ငံလုံး မဲဆန္ဒနယ်မြေ ၁,၁၅၄ ခုအနက် ၈၈၃ ခုမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို အကြီးအကျယ် ရှုံးနိမ့်ပြီး လွှတ်တော်ထဲမှာ အတိုက်အခံ နိုင်ငံရေးပါတီအဖြစ်နဲ့သာ ရပ်တည်ခဲ့တာဖြစ် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org