သမ္မတနဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် စွပ်စွဲချက်တွေ မအောင်မြင်နိုင်ကြောင်း NLD ပြော

သက်စုအောင်၊ သီဟထွန်း
2021.01.07

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် ထံ တိုင်ကြားထားတဲ့ကိစ္စဟာ အမှုအဖြစ် ဆက်လက်ကြီးထွားလာမှာ မဟုတ်ဘဲ၊ စတင်စစ်ဆေးတဲ့နေ့မှာပဲ ပယ်ချခံရလိမ့်မယ်လို့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ရှေ့နေတွေက ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် လေးဦးကို၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ အာဏာပိုင် မေး စာချွန်တော်အမိန့်ထုတ်ပြီး စစ်ဆေးပေးဖို့၊ အမျိုးသားရေးလှုပ်ရှားသူ ရှေ့နေ ဦးဇော်ဝိတ်က တိုင်ကြားထား တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင် ၁၅ ဦးကိုတော့ အာဏာပေးစာချွန်တော် (ဒါမှမဟုတ်) အာဏာပိုင်မေးစာချွန်တော် အမိန့်ထုတ်ပြီးစစ်ဆေးပေးဖို့ ယခင်စစ်ဥပဒေချုပ်ဟောင်းလည်းဖြစ်၊ လက်ရှိ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးစိုးမောင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့က တိုင်ကြား ထားတာပါ။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး တရားသူကြီး သုံးပါးက ဒီတိုင်ကြားချက်ကို လက်ခံဖို့ သင့် မသင့်၊ လာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကြားနာစစ်ဆေးတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ တရားမမျှတမှု စွပ်စွဲချက်တွေနဲ့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို တိုင်ကြားထားတာဖြစ်ပေမယ့် နိုင်ငံတော်သမ္မတကိုတော့ ဘာကြောင့် တိုင်ကြားထားသလဲဆိုတာ အတိအကျ မသိရပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တခြားဥပဒေပါပြဌာန်းချက်တွေကြောင့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအပေါ် အရေးယူပေးဖို့ စာချွန်တော်လျှောက်ထားမှုဟာ မအောင်မြင်နိုင်ဘူးလို့ တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့် က သုံးသပ်ပါတယ်။

"ခုတက်တဲ့အမိန့်က အောင်မြင်နိုင်မယ်လို့တော့ ဥပဒေအရ မရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ အခြေ ခံဥပဒေမှာ ဘာပါလဲဆိုတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။ ဒါပဲ။ ဘယ်မှဘာမှလုပ်မနေနဲ့တော့ ဒါကတစ်ချက်ပေါ့၊ နောက်တစ်ခါ ဦးသန်းရွှေပဲ လက်မှတ်ထိုးထားတဲ့ ပြည် သူ့လွှတ်တော်ဥပဒေဆိုတာရှိတယ်၊ အဲဒီမှာဘာပါလည်းဆိုတော့ ရွေးကောက်ပွဲကော်မရှင်ကို မည်သည့် တရားရုံးတွင်မှ စစ်ဆေးခွင့်မရှိစေရ ဒါကတစ်ချက်၊ နောက်တခါ ကော်မရှင်အဆင့်ဆင့်တွင် မဲရုံမှူးတွေ မဲရုံအဖွဲ့ဝင်တွေကို ပြစ်မှုကြောင်း၊ တရားမကြောင်းအရ တရားစွဲခွင့်မရှိစေရလို့ အဲဒီလို ဥပဒေတစ်ရပ်နဲ့ ပြဌာန်းထားတာ ရှိပါတယ်။ ဒါကြောင့်မလို့ ဒီဥပဒေတွေနဲ့မညီတဲ့ အာဏာပိုင်မေးစာချွန်တော်အမိန့်တွေ တက်တာသည် အောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ ဥပဒေနဲ့ မညီဘူးလို့တော့ ပြောချင်ပါတယ်ဗျာ။"

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုအတွက် စာချွန်တော်တောင်းတာဟာ ၁၉၆၁ ခုနှစ်က နောက်ဆုံးဖြစ်ပြီး၊ ၁၉၆၂ ခုနှစ်မှာ တပ်မတော်က အာဏာသိမ်းလိုက်တဲ့အတွက် ၂၀၀၈ ခုနှစ်ထိ စာချွန်တော် တောင်းလို့ မရခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စာချွန်တော်တာင်းခွင့်နဲ့ ပတ်သက်ပြီး ပြန်ပြီး ပြဌာန်းထားတဲ့အတွက်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပေးထားတဲ့ နိုင်ငံသားအခွင့်အရေးအရ၊ အစိုးရရဲ့ လုပ်ဆောင်ချက် မှားယွင်းမှုကြောင့် နစ်နာတယ်ဆိုလို့ရှိရင် တရားလွှတ်တော်ချုပ်ကိုသွားပြီးတော့ စာချွန်တော် ဦးတိုက်လျှောက်လို့ ရတာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။

ဥပဒေပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာဆလိုင်းငွန်ကျုံးလျန် က အခုလို နှစ် ၆၀ကြာမှ ရွေးကောက်ပွဲ အငြင်းပွားမှုနဲ့ပတ်သက်ပြီး စာချွန်တော်ဦးတိုက်လျှောက်ထားမှု အသက်ဝင်လာတဲ့အတွက် တရားဥပဒေ စိုးမိုးရေး ပြန်လည်ထွန်းကားရေးလိုလားတဲ့သူတွေအနေနဲ့ ဒီကိစ္စကို ကြိုဆိုသင့်တယ်လို့ဆိုပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ဒီအမှုကို ကြားနာဖို့မလိုဘူးလို့ ပလပ်နိုင်သလို၊ ဆက်ပြီး ကြားနာခဲ့ရင်လည်း စာချွန်တော်ရဲ့ လုပ်ထုံးလုပ်နည်းအရ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ကို တရားမျှတမှုရှိအောင် ပြန်ပြီး ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်တာမျိုးလည်းဖြစ်နိုင်ကြောင်း၊ ဘယ်လိုအဖြေထွက်လာမလဲဆိုတာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အပေါ်မှာ မူတည်ကြောင်း ဒေါက်တာဆလိုင်းငွန်ကျုံးလျန် က ပြောပါတယ်။

"၂၉ ရက်နေ့မှာ ဒါက တောင်းဖို့မတန်ပါဘူး၊ ဆက်ပြီးတော့ ကြားနာဖို့မလိုဘူးဆိုပြီးတော့ ပလပ် လိုက်တယ်ဆိုလို့ရှိရင်လည်း ဒီအမှုက အဲဒီမှာရပ်သွားမယ်၊ ဒါပေမဲ့ ဒီဟာက ဆက်ပြီးတော့ ကိုးပါးထိုင် အကုန်လုံးထိုင်ပြီးတော့ စဉ်းစားဖို့လိုတယ် စစ်ဆေးဖို့လိုတယ်၊ ပြီးမှ ဆုံးဖြတ်ဖို့လိုတယ် ဆိုလို့ရှိရင်လည်း နောက်တစ်ဆင့် ရက်ချိန်းပြန်ပေးပါမယ်၊ ဖြစ်နိုင်ခြေရှိတဲ့ဟာက ဒီစာချွန်တော်နှစ်မျိုးရဲ့ သူရဲ့လုပ်ထုံးလုပ် နည်းနဲ့ အစိုးရကို ဘာတွေပြန်ပြီးတော့လုပ်ပေးပါ၊ ယူအီးစီကို ခင်ဗျားတို့ တာဝန်မကျေတဲ့အတွက် ဒီဟာကို တာဝန်ကျေအောင်လုပ်ပေးပါဆိုတဲ့ဟာ ရုံးတော်က ဒီအပေါ်မှာပဲ လိုအပ်တဲ့ဆုံးဖြတ်ချက်ကိုချလိမ့်မယ်၊ အဲဒါကြောင့် ဘာဖြစ်လာနိုင်မလဲဆိုတာ ရုံးတော်အပေါ်မှာပဲ မူတည်တယ်လို့ပြောချင်ပါတယ်"

ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်ရုံးကို RFA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားမဲ့သူမရှိပါဘူး။

အာဏာပိုင်မေး စာချွန်တော်အမိန့်ဆိုတာဟာ အစိုးရအာဏာပိုင်တွေရဲ့လုပ်ရပ်ကြောင့် ထိခိုက်နစ်နာတယ်လို့ ယူဆရင်၊ ပြန်လည်တရားစွဲဆိုနိုင်ဖို့ ခွင့်ပြုထားတဲ့အမိန့် ဖြစ်ပါတယ်။

စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာဥပဒေမှာတော့ အာဏာပိုင်မေးစာချွန်တော်အမိန့်ဆိုတာ အစိုးရဌာန တစ်ခုခု (သို့မဟုတ်) အခွင့်အာဏာအပ်နှင်းထားသည့် အဖွဲ့အစည်းတစ်ခုခုက တစ်ဦးတစ်ယောက် (သို့မ ဟုတ်) အများအပေါ်တွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြေညာစာ၊ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ထားခြင်းရှိ မရှိ စိစစ်ကြားနာပြီးတဲ့နောက် ဥပဒေနဲ့ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေးတွေ့ရှိချက်ကို ရေးသားထုတ်ပြန်တဲ့အမိန့်စာလို့ ဆိုပါတယ်။

အာဏာပေး စာချွန်တော်အမိန့်ဆိုတာကတော့ တရားဝင်အခွင့်အာဏာရှိသူတစ်ဦးဦး (သို့မဟုတ်) အဖွဲ့ အစည်း တစ်ခုခုကဖြစ်စေ အစိုးရဌာနတစ်ခုခုကဖြစ်စေ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နဲ့အညီ၊ လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်မှုအား ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်စေရန် ရေးသားထုတ်ပြန်တဲ့ အမိန့်စာလို့ ပြဌာန်းထားပါတယ်။

သမ္မတဦးဝင်းမြင့်ပေါ် အာဏာပေးစာချွန်တော် လျှောက်ထားမှုဟာ မအောင်မြင်နိုင်ဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်ဖြစ်တဲ့၊ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့် က ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၁၅ မှာ ဘယ်နေရာမှာမှ သမ္မတအဖြစ် မည်သည့်လွှတ်တော်၊ မည်သည့် တရားရုံးတွင်မှ ဖြေရှင်းခွင့်မရှိစေရလို့ ပေးထားသားလေ။ ဆိုလိုချင်တာက ၂၁၅ ရဲ့ အခြေအနေပေါ်မူတည် ပြီး တကယ်ဆက်သွားစရာတောင် အကြောင်းမရှိဘူးလို့ တွက်ထားတာလေ။"

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅)၊ ပုဒ်မ ၂၁၅ မှာ “နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ မိမိအားအပ်နှင်းထားသည့် တာဝန်နဲ့ လုပ်ပိုင် ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သော ပြုလုပ်မှု အတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန်တာဝန်မရှိစေရ။” လို့ ဖေါ်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကို RFA က အွန်လိုင်းကတဆင့် စာရေးမေးမြန်းခဲ့ပေမယ့် အကြောင်းပြန်တာ မရှိသေးပါဘူး။

မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းရှိန် ကတော့ ပြည်ထောင်စုတရားလွှတ်တော် ချုပ်အနေနဲ့ ဥပဒေနဲ့အညီ သေချာစဉ်းစား ဆုံးဖြတ်ပေးမယ်လို့ ယူဆကြောင်း ပြောပါတယ်။

"ကျနော်တို့ တရားရုံးချုပ်ကတော့ ကော်မရှင်ဥပဒေနဲ့ စဉ်းစားပြီးတော့ ဆုံးဖြတ်ပေးမယ်လို့ ယူဆ ပါတယ်။ ကျနော်က တင်တယ်ဆိုရင်တော့ လက်ခံတာကတော့ ဘယ်သူပဲတင်တင်လက်ခံတာလေ။ စာချွန်လွှာတင်တယ်ဆိုရင်တော့ ကျနော့်ရုံးလာတင်တယ်ဆိုရင်လည်း ကျနော့်ရုံးက လက်ခံရမှာပေါ့။ အဲဒီအပေါ်မှာမှာ တရားရုံး စုံညီဆုံးဖြတ်တာပေါ့၊ ဒါမျိုးတော့ ဖြစ်မှာပေါ့၊ ဒါကျနော်တို့ ၂၀၁၅ တုန်း ကလည်း တစ်ခါဖြစ်ခဲ့ဖူးပါတယ်။ အဲဒါကလည်း ရွေးကောက်ပွဲ ဥပဒေအရ ဒီစာချွန်တော်က မလွှမ်းမိုးတဲ့ အတွက်ကြောင့် ပယ်ဖျက်လိုက်တာ ပလပ်လိုက်တာမျိုးဖြစ်တာ တွေ့ဖူးပါတယ်ဗျ။"

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်း ကတော့ ရွေးကောက်ပွဲပြဿနာကို အကြမ်းမဖက်ဘဲ ဥပဒေဘောင်အတွင်းကနေ ဖြေရှင်းတာဟာ ကောင်းတဲ့ကိစ္စဖြစ်တယ်လို့ သုံးသပ်ပါတယ်။

"ကျနော်မြင်တာတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲပေါ့ဗျာ NLD ကတော့ သူက တောင်ပြိုကမ်းပြိုနိုင်တယ်ဆိုပြီး တော့ မြန်မြန်ကိစ္စပြီးလိုက်ချင်ပြီ၊ အဲလိုအနေအထားမှာ ရှူံးတဲ့ပါတီတွေရယ်၊ နောက်တစ်ခါ အခု တပ်မ တော်ဘက်ကလည်းပါတာပေါ့၊ သူတို့ကတော့ ဒီရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိနေတယ်ဆိုတာမျိုးကို သက်သေထူဖို့ ကြိုးစားတဲ့အနေအထားရှိတယ်လို့ ကျနော်မြင်တာပေါ့နော်၊ လက်ရှိ ဒီရွေးကောက်ပွဲရဲ့ ဘာခေါ်မလဲ ဂုဏ်သိက္ခာကို တတ်နိုင်သလောက် မထောက်ခံချင်ဘူးဆိုတဲ့ သဘောထားမျိုးလဲရှိမယ်လို့ ထင်တယ်ဗျ၊ ဒီဥပဒေဘောင်အတွင်းကနေပြီးတော့ပေါ့နော်၊ အကြမ်းမဖက်ဘဲ ဖြေရှင်းနေသမျှ ကာလပတ် လုံးကတော့ အိုကေတယ်လို့ထင်ပါတယ်၊ အဲလိုမှမဟုတ်ဘဲနဲ့ လက်နက်ကိုင်ကြတယ်၊ တခြားအင်အား သုံးတဲ့နည်းတွေ စဉ်းစားကြရင်တော့ တိုင်းပြည်အတွက် မကောင်းဘူးပေါ့နော်။"

တပ်မတော်ဘက်ကလည်း ရွေးကောက်ပွဲမသမာမှုတွေကို ဥပဒေကြောင်းအရ ဖြေရှင်းဖို့ဆိုပြီး တပ်မတော်သား တွေ မဲပေးခဲ့တဲ့ မြို့နယ်တွေက မဲစာရင်းတွေကို စိစစ်နေပြီး၊ မဲမသမာမှုပြုနိုင်တဲ့ မဲစာရင်းတွေ့ရှိချက်တွေကို ထုတ်ပြန်နေတာ ဇန်နဝါရီလ ၆ ရက်နေ့ထိဆိုရင် မြို့နယ် ၁၂၂ မြို့နယ် ရှိပါပြီ။

ဒီတွေ့ရှိချက်တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ သက်သေအဖြစ် တင်သွင်းလိမ့်မယ်လို့ တရား လွှတ်တော်ချုပ်ထံ တိုင်ကြားထားသူတစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရက်တစ်နိုင်ငံ‌‌ရေးပါတီဥက္ကဋ္ဌ ဦးစိုးမောင် က မကြာသေးခင်ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောထားပေမယ့်၊ တပ်မတော်ဘက်ကတော့ ဒီကိစ္စကို အတိအကျ ထုတ်ပြောတာမျိုး မရှိသေးပါဘူး။

ဒါနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲအငြင်းပွားမှုတွေကို သူတို့အနေနဲ့ စစ်ဆေးနေတဲ့ အတွက်၊ နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့သဘော သက် ရောက်စေတဲ့ အပြုအမူတွေ ထုတ်ပြန်ချက်တွေ မလုပ်ကြဖို့ ကြေညာချက်ထုတ်ပြီး သတိပေးထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၆) ပုဒ်မ (၂၉၅) (ဂ) အရ၊ ပြည်ထောင်စုတရားလွှတ်ချုပ်ရဲ့ စီရင်ချက် အမိန့်တွေဟာ အပြီးအပြတ် အတည်ဖြစ်တာမို့၊ သမ္မတနဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို တိုင်ကြားထားတဲ့ ကိစ္စအပေါ် ပြည်ထောင်စုတရားလွှတ်ချုပ်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို လာမယ့် ဇန်နဝါရီ ၂၉ ရက်နေ့ မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။