ရိုဟင်ဂျာဒုက္ခသည်တွေကို အထောက်အပံ့ပြန်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို
2023.03.19

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတစ်သန်းနီးပါးအတွက် ဗြိတိန်အစိုးရက ထောက်ပံ့နေတဲ့ အကူအညီကို ၈၂ ရာခိုင်နှုန်းဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်တာကို ပြင်ဆင်ပြီး အရင်လို ပြန်ပြီး ကူညီထောက်ပံ့ဖို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (Burma Campaign-UK) က မတ်လ ၁၆ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
"ဗြိတိန်အစိုးရရဲ့ အခုလို လုပ်ဆောင်မှုကြောင့် လတ်တလောမှာတင် ဒုက္ခသည်မိသားစုတွေကို အစားအသောက် ခွဲတမ်းတွေ လျှော့ချနေပြီ ဖြစ်ပါတယ်။"
ဗြိတိန်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီအထောက်အပံ့ကို အခုဘတ်ဂျက်နှစ်မှာ ၈၂ ရာခိုင်နှုန်းအထိ ဖြတ်တောက်လိုက်တာပါ။
၂၀၁၉-၂၀၂၀ ခုနှစ်မှာ ပေါင် ၁၁၂.၃၆ သန်း ထောက်ပံခဲ့ပေမယ့် ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ၂ဝ.၃၆ သန်းသာ ထောက်ပံတော့မှာ ဖြစ်တယ်လို့ Burma Campaign UK ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အထောက်အပံ့ကိစ္စ လွှတ်တော်အမတ်တစ်ဦးက မေးမြန်းခဲ့တာနဲ့ပတ်သက်ပြီး ဗြိတိန်ပါလီမန်မှာ ဖြေကြားခဲ့တာလို့ ဆိုပါတယ်။
ဗြိတိန်အစိုးရက အခု ၈၂ ရာခိုင်နှုန်း ဖြတ်တောက်လိုက်တဲ့အတွက် အရင်ကတည်းက စားနပ်ရိက္ခာမဖူလှုံတဲ့ ဒုက္ခသည်ရဲ့အခြေအနေတွေ ပိုဆိုးရွားသွားနိုင်တယ်လို့ Burma Campaign UK ရဲ့ စည်းရုံးရေးမှူး Karin Valtersson က ပြောပါတယ်။ ဒီဒုက္ခသည်တွေအတွက် အရင်လို အကူအညီတွေပြန်ပေးဖို့လည်း သူကတောင်းဆိုပါတယ်။
"ဗြိတိန်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီအထောက်အပံ့ကို ခုလိုဖြတ်တောက်လိုက်တာ အလွန်ဆိုးရွား လှပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်စခန်းတွေမှာ ဆိုးဆိုးရွားရွားနေနေရပါတယ်။ အခုအချိန်မှာ သူတို့ မြန်မာပြည်ကိုလည်း ပြန်လို့လည်း မရသေးပါဘူး။ စစ်အာဏာ သိမ်းလိုက်တာကြောင့်လည်း မြန်မာပြည်ကို ပိုပြီး ပြန်လို့ မဖြစ်နိုင်ပါဘူး။ ဒုက္ခသည်အများစုဟာ ကလေးတွေ ဖြစ်ကြတယ်။ သူတို့ဟာ အရင်ကတည်းက အစားအစာ မလုံမလောက်နဲ့ ဒုက္ခရောက်နေချိန်မှာ ဒီလိုလုပ်တာ အင်မတန်ဆိုးရွားလှပါတယ်။ ဗြိတိန်အစိုးရအပါအဝင် ကမ္ဘာတစ်ဝန်းက အစိုးရတွေအနေနဲ့ သူတို့ကိုအကူအညီ လျှော့ချတာတွေကို ပြန်ပြင်ဆင်ပြီး အရင်လိုထောက်ပံ့ဖို့ တောင်းဆိုပါတယ်"
“၁၂ ဒေါ်လာနဲ့တောင် ကျွန်တော်တို့မှာ မလုံလောက်ဘူး။ ကျွန်တော်တို့မှာ မလုံလောက်လို့ မလေးတို့၊ အင်ဒိုနီးရှားတို့ စသဖြင့်အသက်နဲ့ရင်းပြီးတော့ ထွက်သွားတာတွေရှိတယ်"
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာညွှန်ကြားရေးမှူး Phil Robertson ကလည်း ဗြိတိန်အစိုးရရဲ့ ရိုဟင်ဂျာတွေကို အခုလို အထောက်အပံ့ဖြတ်တောက်လိုက်တာ အံ့သြတုန်လှုပ်မိကြောင်းနဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်ပြင်ပြီး အရင်လို အကူအညီတွေ ရက်ရက်ရောရော ပေးသင့်ကြောင်း ပြောပါတယ်။
"ရိုဟင်ဂျာဒုက္ခသည်တွေကို ဗြိတိန်အစိုးရက အကူအညီတွေ သိသိသာသာ လျှော့ချလိုက်တာအတွက် တုန်လှုပ်ခြောက်ခြားမိသလို ယုတ္တိမတန်သလိုလည်း ခံစားရပါတယ်။ ရိုဟင်ဂျာအရေးကို နိုင်ငံတကာက အာရုံစိုက် ပြောဆိုနေကြချိန်မှာ ဗြိတိန်အစိုးရက အကူအညီပေးလိုတဲ့ဆန္ဒရှိခဲ့ပေမယ့်လည်း အခု ရိုဟင်ဂျာပဋိပက္ခက ကမ္ဘာ့ထိပ်တန်းပြဿနာမှာ မရှိတော့တဲ့အခါမှာတော့ ရိုဟင်ဂျာအရေးကို ကျောခိုင်းလိုတဲ့ ပုံစံမြင်ရတယ်။ ဗြိတိန်အစိုးရရဲ့ အခုလိုလုပ်ဆောင်မှုကြောင့် လတ်တလောမှာတင် ဒုက္ခသည်မိသားစုတွေကို အစားအသောက်ခွဲတမ်းတွေ လျှော့ချနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်အစိုးရအနေနဲ့ဒီဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီးတော့ မူလအတိုင်း ရက်ရက်ရောရော ကူညီထောက်ပံ့သင့်ပါတယ်"

ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ WFP က အခုမတ်လဆန်းကစပြီး ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ငွေ ၁၇ ရာခိုင်နှုန်း လျှော့ချခဲ့ပါတယ်။
အခုထပ်ပြီး အလှူရှင်နိုင်ငံဖြစ်တဲ့ ဗြိတိန်အစိုးရက အထောက်အပံ့ ၈၂ ရာခိုင်နှုန်း ထပ်ပြီး ဖြတ်တောက်မယ်ဆိုရင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ရိုဟင်ဂျာတွေအတွက် လစဉ်စားနပ်ရိက္ခာထောက်ပံ့ငွေက အခုထက်ပိုနည်းလာလိမ့်မယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က RFA ကို ပြောပါတယ်။
“ကျွန်တော်လည်း လွန်ခဲ့တဲ့အင်္ဂါနေ့ကမှ ဘင်္ဂလားဒေ့ရှ်က ထွက်လာတာ။ သက်ဆိုင်ရာအလှူရှင်နိုင်ငံတွေနဲ့လည်း တွေ့ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့လည်းတွေ့ခဲ့တယ်။ ဒီလူတွေကို ကျွေးမွေးဖို့ လုံလောက်တဲ့ ဘက်ဂျက်ငွေမရဘူးဆိုရင် ထပ်ပြီးတော့ကို လျှော့မှာ။ ဒီလိုလျှော့လိုက်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာ ကျွန်တော်တို့က ဗြိတိန်အပါအဝင် အလှူရှင်နိုင်ငံတွေကို တစ်နိုင်ငံချင်းစီ သွားတွေ့ပြီးတော့ ပြောခဲ့တယ်။ ဗြိတိန်ကနေ အတိအလင်း ပြောလာပြီဆိုရင် ၈၂ ရာခိုင်နှုန်းဖြတ်လိုက်ပြီဆိုရင် စားဖို့သောက်ဖို့မှာ ပိုပြီးထိခိုက်လာမယ်။ အခု ၁၀ ဒေါ်လာကနေ ၈ ဒေါ်လာအထိ လျှော့တာဖြစ်နိုင်သလို ၆ ဒေါ်လာအထိ လျှော့တာလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ တော်တော်လေးကို မြေပြင်မှာသွားပြီး ထိခိုက်မှုတွေရှိနိုင်တယ်”

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို WFP က တစ်ဦးကို တစ်လ ၁၂ ဒေါ်လာ ထောက်ပံ့နေရာကနေ ရန်ပုံငွေရရှိမှု ကျဆင်းလာတဲ့အတွက် အခုမတ်လကစပြီး တစ်လကို ၁၀ ဒေါ်လာသာ ထောက်ပံ့နိုင်တော့တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်က ဒုက္ခသည်တွေက စားနပ်ရိက္ခာအတွက် ငွေမလုံလောက်လို့ ထောက်ပံ့ကြေးကို တစ်လ ဒေါ်လာ ၂၀ ကနေ ၃၀ တိုးပေးဖို့ တောင်းဆိုနေရာကနေ ခု တောင်းဆိုတဲ့အတိုင်း တိုးမရတဲ့ အပြင် လျှော့တောင် လျှော့ချတာနဲ့ ကြုံတွေ့ရတယ်လို့ ပြောကြပါတယ်။
"နဂိုကတည်းကနေ ကျွန်တော်တို့မှာ လုံလောက်မှုမရှိဘူး။ ၁၂ ဒေါ်လာနဲ့တောင် ကျွန်တော်တို့မှာ မလုံလောက်ဘူး။ ကျွန်တော်တို့မှာ မလုံလောက်လို့ မလေးတို့၊ အင်ဒိုနီးရှားတို့ စသဖြင့်အသက်နဲ့ရင်းပြီးတော့ ထွက်သွားတာတွေရှိတယ်။ ပင်လယ်မှာ သေဆုံးလိုက်၊ လူကုန်ကူးအဖွဲ့တွေဆီ ငွေညှစ်ခံလိုက်၊ ညှဥ်းပန်းနှိပ်စက်ခံလိုက်၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံလိုက်၊ အဲ့လိုအနေအထားမှာ ရှိတယ်။ အခုလို လျှော့ချလိုက်ပြီဆိုတော့ အခြေအနေက ဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်ပါတယ်။ "
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းက ကိုအောင်မြိုင်ပြောသွားတာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ခွင့် မရကြတဲ့အတွက် ထောက်ပံ့ငွေနဲ့သာ နေထိုင်နေရလို့ ထောက်ပံ့မှုလျှော့လိုက်မယ်ဆိုရင် ပင်လယ်ဖြတ်ပြီး တခြားနိုင်ငံကို အသက်စွန့်သွားကြာတာတွေ ပိုများလာနိုင်သလို လူကုန်ကူးမှုနဲ့ ရာဇဝတ်မှုတွေလည်း ပိုတိုးလာနိုင်တယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ပင်လယ်ခရီးဖြတ်ရင်း သေဆုံးခဲ့တဲ့ရိုဟင်ဂျာ နှစ်ရာနီးပါး ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းတွေက ဒီရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေကနေ အသက်မသေဘဲ လွတ်မြောက်လာကြသူတွေ ဖြစ်ကြပြီး၊ အခုတော့ သူတို့ဟာ အခြေခံအကျဆုံးလိုအပ်ချက် ဖြစ်တဲ့ စားနပ်ရိက္ခာအတွက်တောင် နိုင်ငံတကာအသိုင်းအဝိုင်းက ဖြည့်ဆည်းပေးဖို့ ပျက်ကွက်မှုရဲ့ဒဏ်ကို ထပ်ပြီးခံနေကြရတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နှစ်ဦးကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။