YBS ယာဉ်မောင်းရဲ့ မဆင်မခြင်မောင်းခဲ့လို့ အငှားယာဉ်ပေါ်ပါ သုံးဦးသေဆုံး
YBS ၄၀ ယာဉ်နဲ့ အငှားယာဉ်တစ်စီးတိုက်မိပြီး ယာဉ်မောင်းအပါဝင် ခရီးသည် နှစ်ယောက် ဇွန် ၂ ရက်နေ့က သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ ခရီးသည်မောင်နှမ နှစ်ယောက်ဟာ နှလုံးရောဂါသည်အမေနဲ့ ဆိုက်ကားနင်းနေတဲ့အဖေကို ပြုစုလုပ်ကျွေးနေသူပါ။ အခုလိုဖြစ်ရပ်ဆိုးကို တခြားသူတွေကိုလည်း မဖြစ်စေချင်လို့ စည်းကမ်းတကျ ကြပ်မတ်စေချင်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။
-
ဇာဏီထွဏ်း
2020-06-04 -
-
-
YBS ၄၀ ယာဉ်နဲ့ အငှားယာဉ်တစ်စီးတိုက်မိပြီး ယာဉ်မောင်းအပါဝင် ခရီးသည် နှစ်ယောက် ဇွန် ၂ ရက်နေ့က သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ ခရီးသည်မောင်နှမ နှစ်ယောက်ဟာ နှလုံးရောဂါသည်အမေနဲ့ ဆိုက်ကား နင်းနေတဲ့အဖေကို ပြုစုလုပ်ကျွေးနေသူပါ။ အခုလိုဖြစ်ရပ်ဆိုးကို တခြားသူတွေကိုလည်း မဖြစ်စေချင်လို့ စည်းကမ်းတကျ ကြပ်မတ်စေချင်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။
၂၀၂၀ ပြည့်နှစ် ဇွန် ၂ ရက်က ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းမကြီး ဆင်မလိုက်အနားမှာ YBS ၄၀ က အငှားယာဉ်ကိုတိုက်လို့ သေဆုံးသွားတဲ့ မနှင်းဝေနဲ့ ကိုရဲနောင်ထွန်းတို့ရဲ့ မိခင် ဒေါ်အေးအေးဝင်းပါ။ သူ့မှာ နှလုံးနဲ့ကျောက်ကပ်ရောဂါခံစားနေရပြီး သေဆုံးသွားတဲ့ သမီးဖြစ်သူ မနှင်းဝေက ရှာဖွေပြုစုပေးနေတာလို့ သူတို့အိမ်နီးနားချင်းတွေနဲ့ ရပ်ကွက်ထဲက လူတွေက ပြောကြပါတယ်။
သေဆုံးသူ မနှင်းဝေက သူတို့မိသားစုတစ်လ တစ်သိန်း နှစ်သောင်းနဲ့ငှားနေတဲ့ စမ်းချောင်းမြို့နယ် ဝေဠုဝန် တောင်ရပ်ကွက်၊ ဝေဠုဝန် ၁ လမ်းနေအိမ်နဲ့ မလှမ်းမကမ်းက ဇေယျဝတီလမ်းပေါ်မှာ ကွမ်းယာရောင်းပါတယ်။
မနှင်းဝေရဲ့မောင် သေဆုံးသူ ကိုရဲနောင်ထွန်းက ဆိုက်ကားနင်းပါတယ်။ သူတို့မောင်နှမနှစ်ယောက်က မနက် ၄ နာရီလောက်ဆိုရင် သီရိမင်္ဂလာဈေးဘက်မှာ ကွမ်းယာသုံး ကွမ်း၊ ကွမ်းသီးသွားဝယ်နေကျဖြစ်ပြီး မနက် ၆ နာရီ လောက်ဆိုရင် အိမ်ပြန်ရောက်ကြပါတယ်။
ဇွန် ၂ ရက်မှာတော့ မနက် ၇ နာရီထိုးတဲ့အထိ ပြန်ရောက်မလာကြပါဘူး။ အဖေဖြစ်သူ ဆိုက်ကားဆရာ ဦးမောင်ဌေးတစ်ယောက် စိုးရိမ်စိတ်တွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုအဖြစ်မျိုး ဖြစ်ခဲ့လိမ့်မယ်လို့တော့ သူမထင်ခဲ့ဘူးလို့ ပြောပါတယ်။
သူတို့မောင်နှမနှစ်ယောက်နဲ့အတူ သေဆုံးသွားတဲ့ အငှားယာဉ်မောင်းမှာလည်း အသက် ၂ နှစ်နဲ့ နို့စို့အရွယ် ကလေး နှစ်ယောက်ရှိပါတယ်။ အဲဒီအငှားယာဉ်မောင်းက စိတ်သဘောထားကောင်းမွန်တာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာတာတွေကြောင့် မနှင်းဝေတို့ မောင်နှမနှစ်ယောက် မနက်ဈေးသွားတိုင်း စီးဖြစ်ကြတယ် လို့ အဖေဖြစ်သူ ဦးမောင်ဌေးက ပြောပါတယ်။
ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၁၀၂ လိုင်းနဲ့ ယာဉ်အစီးရေ ခြောက်ထောင်ကျော်၊ ယာဉ်လိုင်း ကြောင်းပေါင်း ၁၃၀ ကျော်ပြေးဆွဲနေတာပါ။ တစ်ရက်မှာ ခရီးသည် ခြောက်သောင်းလောက်က အသုံးပြု နေတာပါ။
မြန်မာနိုင်ငံတဝှမ်းမှာ ၂၀၂၀ ဇန်နဝါရီကနေ ဧပြီအထိ ယာဉ်တိုက်မှုပေါင်း ၄၅၀၀ နီးပါးဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရ သူ ၆၉၀၀ ကျော်၊ သေဆုံးသူ ၁၆၈၄ ယောက်ရှိခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းထဲမှာ ၂၀၂၀ ဇန်နဝါရီကနေ ဧပြီအထိ ယာဉ်မတော်တဆမှု ၇၀၀ ကျော်၊ ထိခိုက်မှု ၈၀၀ နီးပါးနဲ့၊ သေဆုံးမှု ၂၂၀ ကျော်ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇွန် ၂ ရက်နေ့က ယာဉ်မတော်တဆမှုမှာ YBS ၄၀ က လမ်းကြောင်းပြောင်းပြန်မောင်းလာတယ်လို့လည်း ပြောကြပါတယ်။ အဲဒီနေရာကို ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ဦးမြင့်ဝင်း က ယာဉ်မောင်းကို ခက်ခက်ခဲခဲထုတ်ခဲ့ရတယ်လို့ ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ YBS ၄၀ ယာဉ်မောင်း ဦးဇော်ထက်ကတော့ အဲဒီနေရာကနေ ထွက်ပြေးသွားပြီး အခုချိန်ထိ ဖမ်းမမိသေးပါဘူး။ သူ့ကို ကမာရွတ်မြို့နယ်ရဲစခန်းက ပုဒ်မှတ် ၉/၂၀၂၀ ပုဒ်မ ၃၀၄ (က) ၊ ၂၇၉၊ ၂၀၂ တို့နဲ့ အမှု ဖွင့်ထားတယ်လို့ သတင်းတွေအရ သိရပေမဲ့ အဲဒီရဲစခန်းကတော့ အတည်ပြုချက်မပေးပါဘူး။ တရားခံဖမ်းဖို့ ကိုလည်း ယာဉ်မှုစစ်ကလုပ်နေတာဖြစ်တယ်လို့ ကမာရွတ်ရဲစခန်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
လူ သုံးယောက်သေတဲ့ ယာဉ်မတော်တဆမှုဖြစ်ခဲ့တဲ့ အဲဒီယာဉ်မောင်းဟာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ YRTA မှာ ယာဉ်မောင်းမှတ်ပုံတင်မထားတာဘဲ အဲဒီယာဉ် ကလည်း ပုဂ္ဂလိကပိုင်ဖြစ်ပြီး ပိုင်ရှင်အဆင့်ဆင့် လွှဲပြောင်းထားတာဖြစ်ပြီး ယာဉ်မောင်းကို လိုက်ရှာနေတယ်လို့ YRTA တွဲဘက်အတွင်းရေးမှူး ဦးလှအောင် က ပြောပါတယ်။
ဒီဖြစ်ရပ်မှာ သေဆုံးသူတွေအတွက်ကို ထောက်ပံ့တာတွေရှိတယ်လို့ ဦးလှအောင် က ပြောပါတယ်။
အများပြည်သူသုံးယာဉ်တွေကို စီးတဲ့သူအများစုက အခြေခံလူတန်းစားတွေများပါတယ်။ အခုလိုအခြေအနေမျိုးနဲ့ ကြုံလာရတဲ့အခါ ဘယ်သူတွေက မားမားမတ်မတ် ရပ်တည်ပေးမလဲဆိုတာကို အိမ်နီးချင်းဖြစ်တဲ့ မမြတ်မြတ်ခိုင် က မေးခွန်းထုတ်လိုက်ပါတယ်။
သူတို့မိသားစုဟာ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ နေထိုင်ခဲ့ကြပြီး နာဂစ်မုန်တိုင်းဒဏ် ထိခိုက်ခံစား ခဲ့ကြရသူတွေပါ။ အဲဒီနောက်ပိုင်း ရန်ကုန်မှာ ပြောင်းရွှေ့နေထိုင်ခဲ့ကြတာပါ။ မိသားစုထဲမှာ အဓိကမှီခိုအားထား နေရတဲ့ သားသမီးတွေ ရုတ်တရက်သေဆုံးသွားတဲ့နောက်ပိုင်း ဆေးခန်းကို ခဏခဏသွားနေရတဲ့ ရောဂါသည် အမေအိုနဲ့ဆိုက်ကားဆရာအဖေတို့ရဲ့ ရေရှည်ဘဝရပ်တည်ရေးကို မစဉ်းစားနိုင်ကြသေးပါဘူး။ သူတို့မှာ သားသမီး သုံးယောက်ရှိပေမဲ့ သမီးကြီးဖြစ်သူ မယုမော်ဌေးက အိမ်ထောင်ကြပြီး ဧရာဝတီတိုင်းမှာနေထိုင်ပါတယ်။
ထွက်ပြေးနေတဲ့ယာဉ်မောင်းကို အမြန်ဆုံးဖမ်းမိစေချင်ပြီး အခုလိုတွေ ထပ်မဖြစ်အောင် အစိုးရတာဝန်ရှိသူတွေ အနေနဲ့ ထိန်းသိမ်းပေးစေချင်တယ်လို့ သေဆုံးသူမောင်နှမရဲ့ အစ်မကြီးဖြစ်သူ မယုမော်ဌေးက ပြောပါတယ်။
အများပြည်သူသုံး ယာဉ်တွေကို စီးနင်းနေရတဲ့ ခရီးသည်တွေမှာ မိသားစုဝင်တွေရှိကြသလိုပဲ ယာဉ်မောင်းတွေမှာ လည်း အိမ်ပြန်လာမှာကိုစောင့်မျှော်နေတဲ့ မိသားစုတွေရှိကြပါတယ်။ ဒီလို ယာဉ်မတော်တဆမှုတွေဖြစ်ပြီး အိမ်အပြန်လမ်းမပျောက်ဖို့က အားလုံးသော ယာဉ်မောင်းတိုင်းမှာ တာဝန်ရှိတယ်လို့ ကိုသူရစိုးက ပြောပါတယ်။
တကမ္ဘာလုံးက နိုင်ငံတွေမှာ ကူးစက်ခံရပြီး ကြောက်လန့်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံမှာ တစ်ရက်တည်း လူ သုံးယောက် မသေခဲ့ပါဘူး။ ဒါပေမဲ့ ယာဉ်မတော်တဆမှုကြောင့် တစ်ရက်တည်း တပြိုင်တည်း လူ သုံးယောက်သေဆုံးခဲ့ပါတယ်။ ဒါကလည်း သတင်းတွေအရသာ သိရတာတွေပါ ။ ကျမတို့မသိရတဲ့ ယာဉ်မ တော်တဆမှုနဲ့ သေဆုံးတာတွေလည်းရှိနိုင်ပါတယ်။ ဇွန် ၂ ရက်မတိုင်ခင်က ကွမ်းယာဝယ်သူတွေနဲ့ လက်မလည် အောင် ရောင်းနေရတဲ့ စမ်းချောင်းမြို့ ဇေယျဝတီလမ်းမှာ မနှင်းဝေရောင်းနေကျ ကွမ်းယာဆိုင်လေးကတော့ အခုချိန်မှာ ပိုင်ရှင်မဲ့ပြီး ခြောက်ကပ်နေပါတော့တယ်။