ခမရ ၅၂၈ က ဗိုလ်ကြီးလင်းထက်အောင် လွတ်မြောက်နယ်မြေ ရောက်ရှိ

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.04.09

တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မိုင်းပြင်းမြို့နယ်ရှိ ခမရ ၅၂၈ က ဗိုလ်ကြီး လင်းထက်အောင်ဟာ အာဏာရှင်စစ်ကောင်စီကို ဆန့်ကျင်ဖီဆန်ကာ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းလိုက်ပါပြီ။

CRPH နဲ့ တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်ပြီး ဒီရက်ပိုင်းအတွင်း ထိုင်းမြန်မာနယ်ခြား ဒေသ တိုင်းရင်းသား နယ်မြေတခုကို ရောက်ရှိခိုလှုံနေတဲ့ သူ့ရဲ့ကိုယ်ပိုင်နံပါတ်က ၆၂၁၃၆ ဖြစ်ပြီး မေမြို့ စစ်တက္ကသိုလ် အမှတ်စဉ် ၅၄ ကို ၂ဝဝ၈-၂ဝဝ၉ ခုနှစ်က စတင်တက်ရောက်အောင်မြင်ခဲ့သူပါ။

ဗိုလ်ကြီး လင်းထက်အောင် က ပြည်သူတွေကို စစ်တပ်က လက်နက်ကြီးတွေ၊ ဗုံးသီးတွေအသုံးပြုပြီး မညာမတာ တိုက်ခိုက်နေတာဟာ သူလက်ခံထားတဲ့ တပ်မတော်ရဲ့ ဂုဏ်အင်္ဂါနဲ့ မကိုက်ညီတော့တဲ့အတွက် အခုလို သူ့တပ်ရင်းကို စွန့်ခွာလာခဲ့တာဖြစ်ပါတယ်။ သူနဲ့အတူ ထွက်ပြေးလာသူတွေကို စစ်တပ်က လိုက်လံတိုက်ခိုက်ခဲ့ရာမှာ တချို့ကျန်ရစ်ပြီး သူနဲ့ တခြားသူတချို့ လွတ်မြောက်လာခဲ့ပါတယ်။

စစ်တပ်ထဲက ယုတ်မာတဲ့အာဏာရှင်တချို့ကြောင့် မြန်မာပြည်မှာ အာဏာရှင်စနစ် ပြန်လည် ပေါ်ပေါက်လာခဲ့ပြီး မျိုးဆက်သစ်တွေရဲ့ အသက်တွေလည်း ဆုံးရှုံးခဲ့ရတယ်။ လူထုကို အကြမ်းဖက်သမားတွေလို့ ရှုမြင်အောင် အယူအဆမှားတွေ စစ်တပ်ထဲမှာ ရိုက်သွင်းထားတယ်၊ ဖယ်ဒရယ်တပ်မတော်ပေါ်ထွန်းလာရင် ပြည်သူတွေ မုချအနိုင်ရမယ်၊ လက်ရှိ စစ်တပ်မှာ အင်အား ၃ သိန်းကျော်ပဲရှိပြီး အရာရှိအနည်းဆုံး ၇၅ ရာခိုင်နှုန်းဟာ လက်ရှိ စစ်ခေါင်းဆောင်တွေ မှားယွင်းနေတာကို သိပေမယ့် ရုန်းမထွက်နိုင်သေးတာဖြစ်တယ်။ တော်လှန်ရေးတိုက်ပွဲတွေ ဖြစ်လာရင် ကြံ့ကြံ့ခိုင်တိုက်မယ့်သူ အနည်းအကျဉ်းပဲရှိပြီး ဖက်ဒရယ်တပ်မတော်နဲ့ လာရောက်ပူးပေါင်းမယ့် တပ်မတော်သားတွေ အများအပြား ရှိတယ်၊ အမှန်တရားဘက်က သူရပ်တည်တိုက်ပွဲဝင်မယ်လို့ RFA ကို ပြောပါတယ်။

ဒါ့အပြင် စနိုက်ပါလက်ဖြောင့်တပ်ဖွဲ့တွေ မြန်မာစစ်တပ်မှာ ပေါ်လာတာ ၃ နှစ်လောက်ပဲရှိသေးပြီး အဓိကတာဝန်က ရန်သူလက်နက်ကြီးသမားတွေ၊ ခေါင်းဆောင်တွေကို ပစ်ခတ်သတ်ဖြတ်ဖို့ ဖြစ်ပေမယ့် အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ဦးခေါင်းတွေ ပွင့်ထွက်သွားအောင် ပစ်ခတ်နှိမ်နင်းပြလိုက်ရင် ပြည်သူအားလုံးကြောက်ရွံ့သွားကြပြီး အာဏာဖီဆန်မှုတွေ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားမယ်လို့ ရည်ရွယ် သုံးစွဲခဲ့တာဖြစ်တယ်။ ဒါပေမယ့် လူထုက ကြောက်ရွံ့မသွားပဲ စစ်တပ်ကို ပိုမို နာကျည်းလာခဲ့တဲ့အတွက် စစ်ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက် မအောင်မြင်ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

ဗိုလ်ကြီး လင်းထက်အောင် ဟာ ၁၉၉၂ ခုနှစ်မှာမွေးဖွားတဲ့အတွက် အသက် ၂၉ နှစ်ပဲ ရှိပါသေးတယ်။ ခမရ ၅၂၈မှာ တပ်ခွဲမှူးတာဝန် ထမ်းဆောင်နေရာကနေ ပြည်သူတွေဖက်ကို ကူးပြောင်းလာခဲ့တဲ့ ဗိုလ်ကြီး လင်းထက်အောင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဝါရှင်တန်ဒီစီကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။