စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ့် အလားအလာရှိလို့ KIA ပြော
2021.04.13
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲမှာ အာဏာသိမ်း စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။
မနေ့က တနေ့လုံး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ရှိခဲ့ပြီး၊ ဒီနေ့ မနက်ပိုင်းအထိလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကိုပြောပါတယ်။
မိုးမောက်မြို့နယ်ထဲက အလော့ဘွမ်တောင်စခန်းကို KIA ဘက်က ပြီးခဲ့တဲ့ မတ်လထဲမှာ သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာပါ။
အဲ့ဒီနယ်မြေမှာ စစ်ကောင်စီတပ်သားတွေ နောက်ပြန်မဆုတ်ဘဲရှိနေသေးတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေမယ့် အလားအလာတွေ ရှိနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မန္တလေး မိုးကုတ်မြို့မှာလည်း KIA နဲ့ မြန်မာစစ်တပ်ကြား မနေ့ညပိုင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် မြန်မာစစ်တပ်ဘက်က အကျအဆုံး အများအပြားရှိတယ်လို့ ပြည်တွင်း သတင်းတွေမှာရေးသားဖော်ပြနေပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ ကချင်ပြည်နယ်တင်မက ရှမ်းပြည်မြောက်ပိုင်းဘက်မှာပဲ KIA နဲ့ မြန်မာစစ်တပ်ကြား ပြောက်ကျားတိုက်ပွဲတွေရှိနေတယ်လို့ဆိုပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကို RFA ဝိုင်းတော်သား စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။