ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ကို စစ်တွေမှာ ဆန္ဒပြ


2015.01.09

ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိလာတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ကို စစ်တွေမြို့ဒေသခံ တစ်ထောင်ကျော်က စစ်တွေလေဆိပ်မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ စစ်တွေမြို့ခံ ဦးမောင်ဘသိန်းကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးမောင်ဘသိန်းနဲ့ မေးမြန်းချက်အပြည့်အစုံ

ဝေယံမိုးမြင့်။                ။ ဒီနေ့ စစ်တွေမှာ ဆန္ဒပြကြတယ်လို့ သိရပါတယ်ရှင့်၊ ဘယ်သူ့ကို ဆန္ဒပြတာလဲ၊ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ပြကြတာလဲရှင့်။

ဦးမောင်ဘသိန်း။           ။ ရည်ရွယ်ချက်က ကုလသမဂ္ဂ ၆၉ ကြိမ်မြောက် အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ သဘောပဲ၊ UN ကိုယ်စား လှယ်ဖြစ်တဲ့ ရန်ဟီးလီ လာတဲ့အခါ ဒါကိုသိစေချင်လို့ ရည်ရွယ်ချက်နဲ့ပြတာဖြစ်တယ်။

ဝေယံမိုးမြင့်။                ။ ဆန္ဒပြတဲ့အခါ ဘယ်လိုအချက်အလက်တွေကို တောင်းဆိုဆန္ဒပြကြပါလဲရှင့်။

ဦးမောင်ဘသိန်း။           ။ ဘယ်လိုအချက်အလက်လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ဆိုတာလုံးဝမရှိ၊ ရခိုင်ပြည်သူတွေက ဒီအချက်ကို လုံးဝလက်မခံဘူး၊ ဒီအချက်ဟာ အဓိကပဲ၊ နိုင်ငံသား အခွင့်အရေးကို ရိုဟင်ဂျာဆိုတာပေးဖို့ လုံးဝမရှိဘူး၊ ပြည်ထဲရေး ဥပဒေနဲ့ညီတဲ့ ဘင်္ဂလီတွေကို သူ့ဥပဒေတိုင်းပေးမယ်၊ ရိုဟင်ဂျာဆိုတဲ့သူ ရခိုင်ပြည်နယ်မှာမရှိတဲ့အတွက် သူတို့ကို နိုင်ငံသားအခွင့်အရေး လုံးဝမပေးနိုင်ဘူး။

ဝေယံမိုးမြင့်။                ။ UN ရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်လို့ဆိုတော့ UN ကဘယ်လိုဆုံးဖြတ်ချက်တွေကို ဦးတို့က မကျေနပ်ကြတာလဲရှင့်။

ဦးမောင်ဘသိန်း။           ။ UN ရဲ့ဆုံးဖြတ်ချက်က မြန်မာအစိုးရကရိုဟင်ဂျာ နာမည်ကို အသိအမှတ်ပြုပေးရမယ် ဆိုတာမျိုးဆုံးဖြတ်တယ်၊ နောက်တစ်ချက်က ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် မြန်မာအစိုးရက အသိအမှတ်ပြုပေးရမယ်ဆိုတာမျိုး ဆုံးဖြတ်တယ်၊ ပြီးတော့ သူတို့လူ့အခွင့်အရေးဆိုတာတွေ၊ ဘာတွေကို ရိုဟင်ဂျာတွေကို ပေးရမယ်ဆိုတာတွေ၊ အဓိက ကတော့ ရိုဟင်ဂျာနာမည်ကို မြန်မာအစိုးရ ကလက်ခံ ရမယ်၊ အသိအမှတ်ပြုရမယ်ဆိုတာတွေက ကျနော်တို့ တစ်နိုင်ငံလုံး တိုင်းရင်းသား လူမျိုးအားလုံးက ဒီကိစ္စကို လုံးဝလက်မခံဘူး၊

ဝေယံမိုးမြင့်။                ။ ဟုတ်ကဲ့ဦး၊ ဘယ်သူတွေက ဆန္ဒပြကြတာလဲရှင့်။

ဦးမောင်ဘသိန်း။           ။ ရဟန်းတော်တွေပါတယ်၊ မြို့ခံတွေပါတယ်၊ အမျိုးသမီး အဖွဲ့အစည်းတွေ၊ မြို့မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ အစုံပါတယ်၊ လူအင်အား ကတော့ ၁ ထောင်ပတ်ဝန်းကျင်လောက်ရှိမယ်။

ဝေယံမိုးမြင့်။                ။ ဟုတ်ကဲ့၊ ဥိးတို့က လက်ရှိပေါ့နော်၊ ဘယ်နေရာမှာ၊ ဘယ်လိုပုံစံမျိုးတွေနဲ့ ဆန္ဒပြနေကြတာလဲ

ဦးမောင်ဘသိန်း။           ။ လေဆိပ်အထွက်မှာ လမ်းတလျှောက်ပေါ့၊ ပရိတ်သတ်တွေ က တန်းစီနေကြတယ်၊ ရဲတွေကတော့ လုံခြုံရေးတာဝန်နဲ့ လူထုရှေ့မှာ ပဲစောင့်နေကြ တယ်၊ စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်များအဖွဲ့က ကိုယ့်လူထုကို စည်းကမ်း တကျဖြစ်အောင် ထိန်းသိမ်းနေကြတယ်၊ စည်းကမ်းအတိုင်းပဲ ကျနော်တို့လုပ်မယ်၊

ဝေယံမိုးမြင့်။                ။ ရန်ဟီးလီ လာတဲ့အခါမှာ ဦးတို့ဘယ်လိုမျိုးတွေ တောင်းဆိုပြီး ဆန္ဒပြသွားမလဲရှင့်

ဦးမောင်ဘသိန်း။           ။ ရန်ဟီးလီလာရင် တောင်းဆိုတာတွေက ၄၊ ၅ချက်ရှိတယ်၊ ရခိုင်ပြည်မှာ ရိုဟင်ဂျာ လုံးဝမရှိ၊ ရန်ဟီးလီ အမှန်တရားကို နားလည်ပါ၊ ပြီးတော့ ကုလ သမဂ္ဂ ဆုံးဖြတ်ချက်တွေ လုံးဝမတရားဘူး၊ ဆိုတာတွေရှိတယ်၊ ပြောစရာကတော့ ကျနော်တို့ ရခိုင်လူထုက ဒါဟာ မောင်တောဒေသ မှာ နိုင်ငံတော်အစိုးရက တတ်နိုင်သ လောက်တော့လုပ်တယ်လေ၊ လုပ်ပေမယ့် နယ်စပ်ဒေသမှာ ဒီလောက်များတဲ့ လူဦးရေ၊ တဖက်နိုင်ငံမှာ သန်းပေါင်း ၁၇၀ လောက်ရှိတယ်၊ အဲ့ဒီကခိုးဝင်လာတဲ့ ဘင်္ဂလီတွေ ကလဲ ထိန်းမနိုင်ဖြစ်နေပြီ အဲ့ဒါတွေကို တားဖို့၊ ဆီးဖို့ဆိုတာ တော်တော်လေးတော့ အခက်အခဲရှိတယ်၊ ဆိုတော့ ဒီအခက်အခဲတွေကို ကျနော်တို့ကရင်ဆိုင်နေရတယ်၊ ဒါတွေကို ရခိုင်လူထုက လုံးဝမကျေနပ်ဘူး၊ ဆိုတော့ အခုတစ်ခါ ကုလသမဂ္ဂ အထွေထွေညီလာ ခံက ဒီကိစ္စမျိုး ရိုဟင်ဂျာဆို နိုင်ငံသားမျိုးခွင့်ပြုရမယ်ဆိုတာတော့ မတရားဘူး၊ ကျနော်တို့ အဲ့လိုခံစားရတယ်။

ဝေယံမိုးမြင့်။                ။ ဟုတ်ကဲ့ရှင့်၊ အခုလိုဖြေကြားပေးလို့ ဦးကို ကျေးဇူးတင်ပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။