အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ တရားစွဲခံထားရမှု နောက်ဆုံးအခြေအနေ

2021.02.15

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စွဲဆိုထားတဲ့ အမှုကို စစ်ဆေးဖို့ ချုပ်ရက် ရမန် ယူထားတဲ့နေ့ဟာ လာမယ့် ဖေဖော်ဝါရီလ ၁၇ ရက်အထိ ဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ဒီနေ့ ပြောပါတယ်။

သတင်းမီဒီယာတွေနဲ့ အွန်လိုင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ ရမန်လျှောက်ထားတဲ့စာမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဒီနေ့ ရမန်တစ်ပတ် ပြည့်မှာဖြစ်တဲ့အတွက် ရှေ့နေပါဝါတင်ဖို့ ဒက္ခိဏခရိုင်တရားရုံးကို တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်တို့ ဒီနေ့ မနက်ပိုင်းက လာရောက်ခဲ့ပါတယ်။

ဒက္ခိဏခရိုင်တရားသူကြီးက ရမန်ပြည့်တဲ့ရက်က ဖေဖော်ဝါရီလ ၁၇ ရက်အထိ ဖြစ်ကြောင်းနဲ့ အဲဒီနေ့မှာလည်း တရားရုံးက အမှုကြားနာ စစ်ဆေးတာကို ဗီဒီယို ကွန့်ဖရန့်နဲ့သာပြုလုပ်သွားမယ်လို့ သိရကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ၊ သမ္မတဦးဝင်းမြင့် ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ပြီး ချုပ်ရက် ရမန်ယူထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။