အခြေခံလူတန်းစားတွေအတွက် ငါးရာကျပ်တန် ထမင်းတစ်နပ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီလို ၅၀၀ ကျပ်တန် ထမင်းဆိုင်တွေမှာ စားသုံးဖို့ တန်းစီ စောင့်ဆိုင်းသူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။
ရွှေလုံ ၅၀၀ ကျပ်တန် ထမင်းဆိုင်ဟာ ရွှေပေါက္ကံမြို့နယ်၊ ၁၅ ရပ်ကွက်မှာ ရှိပါတယ်။ လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲနွမ်းပါးသူတိုင်း ထမင်းတစ်နပ်ကို ငွေကျပ် ၅၀၀ နဲ့ အလွယ်တကူ ဝယ်စားလို့ရအောင် ရောင်းချပေးနေတာ ခြောက်လကျော်သာ ရှိပါသေးတယ်။ တစ်နေ့ကို ထမင်းပွဲ တစ်ရာနီးပါး ရောင်းချရတဲ့ ဒီဆိုင်ကို လက်လုပ်လက်စားတွေ၊ ဈေးရောင်းသူတွေနဲ့ အခြေခံလူတန်းစားအများစု လာရောက်စားသုံးကြတာပါ။
တစ်လကို ပင်စင်လစာ ၆၈,၀၀၀ နဲ့ ရပ်တည်နေရတဲ့ အသက် ၇၀ အရွယ် ဦးချို ကတော့ ကုန်ဈေးနှုန်းမြင့်တက်နေတဲ့ ဒီကာလတွေမှာ ၅၀၀ ကျပ်တန် ထမင်းဆိုင်ကို ပုံမှန်လာစား ဖြစ်တယ်လို့ ဆိုပါတယ်။
အသားဟင်းတစ်မျိုး၊ အရွက်ကြော်နဲ့ အရည်သောက်တစ်ခွက်ပါတဲ့ ဒီထမင်းတစ်နပ်ဟာ သူ့လို ဝင်ငွေနည်းတဲ့ သူအတွက် အဆင်ပြေတဲ့ ထမင်းတစ်နပ်ပဲလို့ ဦးချိုက ပြောပါတယ်။
"ကိုယ်ကလည်း ပိုက်ဆံ ဒီလောက်ပဲရှိတော့ ထမင်းစားရတာ ထိုက်တန်တယ်၊ မရှိတဲ့လူတွေအဖို့ တော်သွားတယ်၊ ဘယ်အချိန်စားလဲဆိုတော့ သုံးရက် တစ်ခါတော့ လာစားတယ်၊ တစ်ခါတလေလည်း တစ်ပတ်တစ်ခါပေါ့၊ ပိုက်ဆံပေါ် မူတည်ပြီး စားလိုက်တယ်၊ ဒါပေမဲ့ သူက အသက်သာဆုံးပါပဲ"
ငွေကျပ် ၅၀၀ တန် ထမင်းဆိုင်တွေဟာ အာဏာသိမ်းပြီး နောက်ပိုင်း စီးပွားရေး ကျပ်တည်းလာမှုတွေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် အခြေခံလူတန်းစားတွေ အတွက် အားထားရတဲ့ ထမင်းအိုးတွေဖြစ်လာတာပါ။
နေ့စဉ် စားဝတ်နေရေးအတွက် ရန်ကုန်မြို့ လမ်းကြိုလမ်းကြားတိုင်းမှာ စွန့်ပစ် ပစ္စည်း တချို့ကို ကောက်ပြီး ပြန်ရောင်းစားရတဲ့ ဦးမိုးဝေတို့ သားအဖရဲ့ ဝင်ငွေဟာ တစ်နေ့ကို ကျပ်ငါးထောင် မကျော်ပါဘူး။ နေ့စဉ်နဲ့အမျှ အပြင်မှာနေရချိန် ပိုများလို့ ရောက်တဲ့နေရာမှာ ငွေကျပ် ၅၀၀ တန် ထမင်းကိုပဲ လိုက်ရှာပြီး ဝယ်စားဖြစ်တယ်လို့ ဦးမိုးဝေ က ပြောပါတယ်။
"ငါးရာဆိုတော့ ဒီ့ပြင်ဆိုင်တွေထက် ဈေးသက်သာတယ်လေ၊ ဖြစ်သလို ကိုင်ရတာပေါ့၊ ကျနော်တို့ ဒီဆိုင်ကို အမြဲတမ်းလာစားတယ်၊ ဗိုက်ပြည့်ဖို့ အရေးကြီးတယ်။ ကြက်သား တစ်တုံး ပါတယ်၊ နောက်ပြီးတော့ ချဉ်ပေါင်ရွက်ပါတယ်၊ တို့စရာပါတယ်၊ ငါးပိရည်ပါတယ်၊ ဟင်းချိုပါတယ်"
ပြည်တွင်းစားသောက်ကုန် ဈေးကွက်မှာတော့ ဈေးနှစ်ဆကျော် မြင့်တက်နေတဲ့ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်တို့အပြင် အသီးအရွက်၊ အသား၊ ငါးတွေရဲ့ ဈေးနှုန်းကလည်း နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပါတယ်။
အလှူရှင်တစ်ဦးဖြစ်တဲ့ မတင်မိုးနိုင် ကတော့ အခုလို ခက်ခဲတဲ့အချိန်မှာ ကောင်းမွန်တဲ့ ထမင်းတစ်နပ်ကို ရောင်းသူက ဈေးအဆမတန် လျှော့ရောင်းပေးထားတာကြောင့် လိုအပ်နေသူတွေကို ပေးလှူရတဲ့ သူ့အတွက်လည်း ဝမ်းမြောက်ရတယ်လို့ ဆိုပါတယ်။
"အစ်မတို့ဆီမှာဆိုရင်တောင် စားသုံးစရိတ်က တော်တော်ကို မြင့်တက်လာတဲ့အတွက် ကြောင့် နွမ်းပါးတဲ့ သူတွေအတွက်ဆိုရင် ဒီ ၅၀၀ တန် ထမင်းက တော်တော်ကို အဆင်ပြေတဲ့နေရာ ဖြစ်သွားတယ်။ ကုန်ဈေးနှုန်းတွေက အဆမတန်ကို တက်နေတာ၊ နှစ်ဆ၊ သုံးဆလောက်အထိ တော်တော်ကို ကုန်ဈေးနှုန်းတက်နေတဲ့အတွက်ကြောင့် ဒီ ၅၀၀ တန် ထမင်းက ဖွင့်တဲ့ လူအတွက်လည်း ကောင်းတယ်၊ လှူရတဲ့လူအတွက်လည်း အဆင်ပြေတယ်၊ ဝယ်စားရတဲ့ လူတွေလည်း အဆင်ပြေတယ်"
"ကျနော်တို့လို နယ်က အလုပ်လာလုပ်တဲ့သူတွေအနေနဲ့ ဒီ ၅၀၀ ကျပ်တန် ထမင်းက အကောင်းဆုံး ထမင်းတစ်နပ်ပါပဲ"
ငတ်မွတ်ခေါင်းပါးသူတွေအတွက် ဒီလို အဆမတန်ဈေးလျှော့ရောင်းတာဟာ ဈေးရောင်းရင်း အလှူလုပ်နေတာလို့ ထမင်းဆိုင်ပိုင်ရှင် မဝေဝေက ဆိုပါတယ်။
"အခုက အဘက်ဘက်က လူတိုင်းအဆင်မပြေဘူး၊ အဆင်ပြေတဲ့လူလည်း အခု အဆင်မပြေဘူး၊ အဆင်မပြေတဲ့ လူဆို အခုပိုဆိုး၊ အဲဒါကြောင့်မို့ ဒီဆိုင်လေးကို စဖွင့်တာ၊ အခုချိန်ထိတော့ အမြတ်မရှိဘူး၊ အစ်မက ဒီဆိုင်ကို ပရဟိတသတ်သတ်ပဲ လုပ်တာ၊ အမြဲတမ်းကြီးလည်း ကိုယ်လည်း မလှူနိုင်ဘူးလေ၊ အလှူရှင်ကလည်း အမြဲတမ်း မရှိဘူး၊ ရှိတဲ့အချိန် လှူပေးတယ်ပေါ့"
ထမင်းဆိုင် ဆိုင်ခန်းငှားစရိတ်၊ အလုပ်သမားစရိတ်နဲ့ ကုန်ဈေးနှုန်း မြင့်တက်နေပေမယ့် သူ့ရဲ့ ကျပ် ၅၀၀ တန် ထမင်းဆိုင်ကို ရေရှည်ရပ်တည်နိုင်ဖို့ မဝေဝေက ရည်ရွယ် ထားပါတယ်။
အာဏာသိမ်းပြီး ၁၈ လအတွင်းမှာ အတက်အကျမြန်တဲ့ ကုန်ဈေးနှုန်းဒဏ်ကို အခြေခံ လူတန်းစား အလွှာတစ်ရပ်လုံးက ရင်ဆိုင်ကြုံတွေ့နေရတာပါ။
ရွှေပေါက္ကံမြို့နယ်ရှိ လူမျိုးမရွေး ဘာသာမရွေး စားသုံးနိုင်သည့် ရွှေဇလုံ ၅၀၀ ကျပ်တန် ထမင်းလှူဒါန်းနေသည်ကို ၂၀၂၂ ခုနှစ် သြဂုတ် ၇ ရက်နေ့က တွေ့ရစဉ် (Photo: RFA)
တစ်နေ့လုပ် တစ်နေ့စားတွေအတွက် ၅၀၀ တန် ထမင်းဟာ တစ်နေ့တာ ဝင်ငွေနဲ့ သင့်တင့်မျှတလို့ ဒီလိုထမင်းဆိုင်တွေ များများပေါ်စေချင်တယ်လို့ နယ်ကနေ ရန်ကုန်မှာ လာအလုပ်လုပ်နေရတဲ့ ဒီဆိုင်ရဲ့ ပုံမှန်စားသုံးသူ ကိုမောင်မောင် က ပြောပါတယ်။
"ကျနော်တို့လို နယ်က အလုပ်လာလုပ်တဲ့သူတွေအနေနဲ့ ဒီ ၅၀၀ ကျပ်တန် ထမင်းက အကောင်းဆုံး ထမင်းတစ်နပ်ပါပဲ၊ ထမင်းစားပြီး ဗိုက်မဝရင်တောင် ရေသောက်လိုက်ရင် ဗိုက်ပြည့်သွားပြီ၊ အဲဒါကြောင့် ၅၀၀ တန် ထမင်းဆိုင်တွေ များများဖွင့်နိုင်ဖို့နဲ့ ဆိုင်ရှင်တွေ ကျန်းမာချမ်းသာဖို့ ဆုတောင်းပေးတယ်"
သူ့ရဲ့ တစ်နေ့တာ လုပ်အားခဟာ တစ်နေ့ ကျပ် ငါးထောင်ကျော်သာ ရှိတဲ့အတွက် အဆောင်လခနဲ့ ရေဖိုး၊ မီးဖိုး မြင့်တက်နေတဲ့ အခုလိုအချိန်မှာ နေ့စဉ် အသုံးစရိတ်ကို ချွေတာနေရလို့ ဒီလိုထမင်းဆိုင်တွေကို တမင်ရွေးပြီး ရှာဖွေ စားသောက်ဖြစ်တယ်လို့ ဆိုပါတယ်။
လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့ဦးရေ များလာပြီး ဆင်းရဲနွမ်းပါးမှုဒဏ်ကို လူဦးရေထက်ဝက်ကျော် ရင်ဆိုင်ခံစားရနိုင်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP)က အခုနှစ် နှစ်ဆန်းပိုင်းက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ကလည်း ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်း နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် မြန်မာနိုင်ငံဟာ ၂၀၂၂ ပထမ ငါးလမှာတင် အလုပ်လက်မဲ့ ပြဿနာ ပြင်းပြင်းထန်ထန် ခံစားနေရကြောင်း ပြီးခဲ့တဲ့ ဇွန်လဆန်းမှာ ကြေညာချက် ထုတ်ပြန် ထားပါတယ်။