ချင်းမိုင် ဆွေးနွေးပွဲ


2018.11.17

 

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့တို့ဟာ အလွတ်သဘော ဆွေးနွေးပွဲတွေကနေတဆင့် တရားဝင်ဆွေးနွေးပွဲတွေကို အမြန်ဆုံး ပြန်သွားနိုင်ရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ၃ နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

RFA သတင်းထောက် ကိုအောင်မိုးမြင့်က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ချင်းမိုင် ဆွေးနွေးပွဲ
(အောင်မိုးမြင့်)

အလွတ်သဘောဆွေးနွေးပွဲမှာ တစ်ဖက်နဲ့တစ်ဖက် ပွင့်ပွင့်လင်းလင်းနဲ့ နှစ်ဘက် မကြေလည်တဲ့ကိစ္စ အားလုံးနီးပါးကို ဆွေးနွေးခဲ့ကြပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းကြောင်းအပေါ် ပုံမှန်ပြန်လည်ရောက်ရှိဖို့အတွက် တူညီတဲ့ သဘောထားတွေ ရရှိခဲ့ကြတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချူပ် ဦးဇော်ဌေးက ပြောပါတယ်။ 

"ဆွေးနွေးပြီးတော့ ဒီ NCA လမ်းကြောင်းကို ပိုပြီးတော့ ခိုင်မာအောင်ပေါ့ နှစ်ဘက်က အမြင်ကြည်ကြည်နဲ့ ကြေကြေလည်လည်နဲ့ သွားနိုင်ရင်တော့ ပိုပြီးတော့ မြန်ဆန်မယ်၊ အဲ့အတွက် ကျနော်တို့ ဆွေးနွေးဖို့ လိုတယ်ဆိုတာ ကျနော်တို့ လက်ခံတယ် နှစ်ဘက်ကလည်း လက်ခံတယ်။ လက်ခံတော့ ကျနော်တို့ကတော့ အမြန်ဆုံးပေါ့နော် နှစ်ဘက်လုံးကနေ အမြန်ဆုံး တွေ့ဆုံနိုင်ဖို့လည်း ကျနော်တို့ ကြိုးပမ်းသွားမယ် နှစ်ဘက်လုံးကလည်း သူ့ဖက် ကိုယ့်ဖက် ပြန်တင်ပြရမှာ"

ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အဓိက ပင်မဖြစ်တဲ့ NCA အကောင် အထည်ဖော်မှုမှာ မတူညီတဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေကြောင့် အခုလို အဆင်မပြေမှုတွေ ကြုံတွေ့နေရတဲ့ အခြေခံပေါ်မူတည်ပြီး ဘယ်လို ဆက်အဖြေရှာမလဲဆိုတာကို အဓိက ဆွေးနွေးကြတယ်လို့ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူး က ပြောပါတယ်။ 

"ဆွေးနွေးပွဲတိုင်းက အကျိုးရှိပြီးတော့ အရာထင်တယ်လို့ပဲ ကျနော်တို့ ယုံကြည်ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ ဆွေးနွေးပွဲတွေကနေတဆင့် တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ ကျနော်တို့ ယဉ်ကျေးမှုကို တဆင့်စီတိုင်း တစ်လှမ်းခြင်း လှမ်းရမည့်ခြေလှမ်းတွေလို့ ကျနော်တို့ နားလည်တာကိုနော့်၊ အဲ့အတွက်ကြောင့် ကျနော်တို့ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ပေါ်အောင် အကောင်အထည်ဖော်တဲ့နေရာမှာလည်း ဒီဆွေးနွေးပွဲဟာ ဒီအလွတ်သဘော ဆွေးနွေးပွဲတွေဟာ အလွတ်သဘောလို့ ပြောတယ်ဆိုပေမယ့် အမှန်တကယ် ပွင့်ပွင့်လင်းလင်း နဲ့ ရင်းရင်းနှီးနှီးနဲ့ ကျနော်တို့ အဖြေရှာနိုင်တဲ့ အခြေခံတွေ ရတဲ့အတွက်ကြောင့် ကျနော်တို့ ဒီအခြေခံတွေကနေပြီးတော့ ကျနော်တို့ ရှေ့ဆက်သွားနိုင်တဲ့ အများကြီး အထောက်အကူ ပေးပါတယ်"

နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က ပဒို စောတာဒိုမူး ဦးဆောင်ပြီး ဗိုလ်မှူး တူးတူးလေး၊ ပဒိုစောဆဲဂေး ၊ ပဒိုစောစတီ၊ နော်အယ်သူဟဲ တို့တက်ရောက်ခဲ့ပြီး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ကတော့ အငြိမ်းစား ဒုဗိုလ်ချူပ်ကြီးဟောင်း ဦးခင်ဇော်ဦး နဲ့အတူ ဦးဇော်ဌေး၊ ဦးအောင်စိုး၊ ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦးတို့ တက်ရောက်ခဲ့ကြပါတယ်။ 

ဒီကနေ့ ဆွေးနွေးပွဲမှာတော့ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ အခြေခံကို ကိုင်စွဲပြီး NCA စာချုပ်မှာပါတဲ့ မူဝါဒတွေနဲ့ အညီ ဆွေးနွေးခဲ့တယ်လို့ ပဒို စောကွယ်ထူးဝင်း ကပြောဆိုပါတယ်။ 

"NCA လမ်းကြောင်းက NCA လက်မှတ်ထိုးထားတဲ့ KNU အတွက်ကတော့ အသင့်အတော်ဆုံးလမ်းကြောင်း တစ်ခု ဖြစ်ပြီးတော့ ကျနော်တို့ ဒီအခြေခံကနေ တစ်စိုက်မတ်မတ် ဆက်သွားမယ်၊ ဒါပေမဲ့ ဆက်သွားတဲ့ နေရာမှာ NCA လမ်းကြောင်းသည် မှန်ကန်ပြီးတော့ တရားမျှတတဲ့ လမ်းကြောင်းဖြစ်အောင်တော့ ကျနော်တို့ ကြိုးစားသွားမယ်၊ ဆိုတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာတဲ့နေရာမှာ ပရောဆက်တွေက မှန်ကန်ဖို့လိုပြီးတော့ တရားမျှတမှုရှိရမှာဖြစ်သလို ကျနော်တို့ ဆပ်ဆန့် လို့ခေါ်တဲ့ ဒီ ဆွေးနွေးမှု အကြောင်းအရာပိုင်းမှာလည်း အားလုံးကြားမှာ ဘုံဆန်တဲ့ သဘောထားတွေ ချမှတ်နိုင်ဖို့က အရမ်းအရေးကြီးတဲ့ အတွက်ကြောင့် ဒီလိုအခြေခံမျိုးတွေရအောင် ကျနော်တို့ ကြိုးစားပြီးတော့ ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်"

ဒီအလွတ်သဘောဆွေးနွေးပွဲနဲ့ တဆက်တည်းမှာပဲ NCA အပစ်ရပ် အဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အကြံပေးပုဂ္ဂိုလ် ဦးဟန်ညောင်ဝေ၊ ပြည်ထောင်စုသိပ္ပံ PI အဖွဲ့က စီမံကိန်း ဒါရိုက်တာ ဦးခွန်ဆိုင်း၊ ကရင်အမျိုးသားအစည်းအရုံး KNU မှ အကြံပေးပုဂ္ဂိုလ် ဗိုလ်မှူးကြီး တူးတူးလေးတို့နဲ့ အလွတ်သဘော တွေ့ဆုံခဲ့ကြပြီး အကြံညဏ်တွေနဲ့ အမြင်သဘောထားတွေ ဖလှယ်ခဲ့တာတွေလည်းရှိပါတယ်။

ဒီကိစ္စကိုတော့ သတင်းမီဒီယာတွေကိုတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဟာ မနက်ဖြန် နိုဝင်ဘာလ ၁၈ ရက်နေ့မှာတော့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကခေါင်းဆောင်တွေနဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က ခေါင်းဆောင်တွေကိုလည်း အလွတ်သဘော ထပ်မံတွေ့ဆုံဆွေးနွေးဖို့ ရှိနေတယ်လို့လည်း သိရကြောင်းပါ ခင်ဗျာ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။