နည်းပညာအကူအညီနဲ့ အာဏာရှင်ဆန့်ကျင်ရေး ထောက်ပံ့နေသူများ
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက် အာဏာဖီဆန်သူတွေရော၊ လက်နက် ကိုင် တော်လှန်ရေး ဆင်နွှဲသူတွေပါ အင်အားသုံးဖြိုခွင်းခံရမှု၊ ဖမ်းဆီးသတ်ဖြတ် ထောင်ချ ခံရမှုတွေကြောင့် အခုနောက်ပိုင်းမှာ နည်းပညာကျွမ်းကျင်တဲ့ လူငယ်တွေဟာ စစ်အာဏာ ရှင် ဆန့်ကျင်ရေး နည်းလမ်းတွေကို အင်တာနက်အွန်လိုင်းကနေ အသုံးပြုလာကြပါတယ်။
နည်းပညာကျွမ်းကျင်တဲ့ ပြည်ပရောက်လူငယ်တွေက Click to Donate နဲ့ Play to Donate အစီအစဥ်တွေကို အွန်လိုင်းပေါ်မှာ ဖွင့်ထားပြီး ဝင်ရောက်ကြည့်ရှုသူ၊ ဂိမ်းကစား သူများလာတာနဲ့အမျှ အလှူငွေရရှိတဲ့ အစီအစဥ်ပဲ ဖြစ်ပါတယ်။
Click to Donate အစီအစဥ်မှာ Application ၁ဝ ခုအထိ ရှိပါတယ်။ We Click ဆိုတဲ့ Youtube စာမျက်နှာလည်း ရှိပါတယ်။ Youtube စာမျက်နှာမှာတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး သီချင်းတွေ၊ ကဗျာတွေ၊ ကာတွန်းတွေနဲ့ PDF တွေနဲ့ သက်ဆိုင်တဲ့ Animation တွေကို စုစည်းပေးထားပါတယ်။ အဲဒီဗီဒီယိုဖိုင်တွေကို ကြည့်မယ်ဆိုရင်တော့ ကြည့်ရှုသူ အရေအတွက်ပေါ် မူတည်ပြီး အလှူငွေ ရရှိနေတာပါ။
Play to Donate အစီအစဥ်ကတော့ ဂိမ်းကစားတာကို နှစ်သက်ကြတဲ့ လူကြီးလူငယ်တွေ အကြား ရေပန်းစားတဲ့ အစီအစဥ်တစ်ခု ဖြစ်ပါတယ်။ အဲဒါကတော့ စစ်ကောင်စီတပ်နဲ့ PDF တွေရဲ့ စစ်ပွဲဂိမ်း ဖြစ်ပါတယ်။ ဂိမ်းတစ်ပွဲ ပြီးတိုင်း ကြော်ငြာတစ်ခု တက်လာတာကြောင့် အဲ့ဒီကြော်ငြာကို အစအဆုံးကြည့်လိုက်တိုင်း တည်ထောင်ထားသူက မြန်မာငွေ ၅ဝ ကျပ်နီးပါးကို အလှူငွေအဖြစ် ရရှိပါတယ်။
သူ့ကိုယ်သူ ကိုအောင်ဦး လို့ အမည်လွှဲပေးထားတဲ့ ရန်ကုန်မြို့က လူငယ်တစ်ယောက် ကတော့ Click to Donate အစီအစဥ်ကို နေ့စဥ် အချိန်နှစ်နာရီပေးပြီး ပုံမှန်ဝင်ရောက် ကြည့်ရှုပါတယ်။ အခုဆို အပေါင်းအသင်းတွေနဲ့ လက်ဖက်ရည်ဆိုင် မထိုင်တော့ဘဲ Click to Donate အစီအစဥ် ဝင်ရောက်တာဟာ သူ့ရဲ့ နိစ္စဓူဝကိစ္စတွေထဲက တစ်ခုဖြစ်နေပါပြီ။
ဒါဟာ စစ်အာဏာရှင်ကို Digital နည်းပညာနဲ့ တော်လှန်နေတာလို့ ကိုအောင်ဦး က ပြောပါတယ်။
“ကျနော်ကတော့ ပြောရမယ်ဆိုရင် သေနတ်မကိုင်တဲ့ လေလှိုင်းတော်လှန်ရေး တပ်သားပေါ့။ ဒီလောက်ပါပဲ။ သေနတ်တော့ သူများလိုတော့ မကိုင်နိုင်ဘူးပေါ့။ အာဏာရှင်ပြုတ်ကျဖို့အတွက် တစ်ဖက်တစ်လမ်းကနေ Digital Strike တွေကို၊ ကလစ်တွေကို အတတ်နိုင်ဆုံး ဆုံးတဲ့အထိ သွားကြမယ်ပေါ့။ သူများတွေပြောသလို အဆုံးထိတော်လှန်ကြမယ်။ ကျနော်တို့ Clicker တွေအနေနဲ့ ဒီကောင်ပြုတ်ကျတဲ့ တစ်နေ့၊ ပြီးဆုံးတဲ့အထိ ကလစ်သွားမယ်လို့ ကျနော် ပြောချင်ပါတယ်။”
ဒီအစီအစဥ်တွေကို နိုင်ငံတစ်ဝန်းကနေ နေ့စဥ် ဝင်ရောက်ကြည့်ရှုသူနဲ့ ဂိမ်းကစားသူ သုံးသောင်းကျော်လောက်ရှိပြီး တစ်နေ့ကို မြန်မာငွေ ကျပ် သိန်း ၂၀၀ လောက်အထိ ရရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ Click to Donate တည်ထောင်သူ လူငယ်တစ်ဦးက ပြောပါတယ်။
ချင်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ဆလိုင်းရေဂင် ကလည်း We Click Youtube စာမျက်နှာ က ဗီဒီယိုတွေကို နေ့စဉ်ကြည့်ရှုနေသူပါ။ ချင်းပြည်နယ်မှာ ပြည်သူတွေ သတ်ဖြတ်ခံရပြီး အနှစ်နှစ်အလလက ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရတဲ့ ကျေးရွာတွေ၊ နေအိမ်တွေ မီးရှို့ ခံနေရတာကို မကြည့်ရက်တာကြောင့် တော်လှန်ရေးကို တတ်နိုင်တဲ့ဘက်ကနေ ကူညီနေတာလို့ ဆလိုင်းရေဂင် က ပြောပါတယ်။
“တိုင်းရင်းသားတွေက နယ်မြေတွေမှာ အများကြီး ခံစားရတာတွေရှိတယ်။ ဒါတွေက သမိုင်းတွေက အများကြီး ရှိခဲ့တယ် ဆိုတော့ စိတ်မကောင်းရုံကလွဲပြီးတော့ ဒီမှာပဲ အတိုးချပြီးတော့ လုပ်တာပေါ့နော်။ ကလစ်လုပ်တာကလည်း စိတ်သက်သာမှု တစ်ခု ပြန်ရတာပေါ့။ ဒီကောင်က မှတ်ကျောက်တစ်ခုဖြစ်တာပေါ့နော်။ ဆိုတော့ ကျနော်တို့ ဘယ်လောက်ညီသလဲဆိုတာကို ဒီကနေ သက်သေပြနေတာ ဖြစ်တယ်ပေါ့နော်။ ဆက် ပြီးတော့ လုပ်ပါ။ နောက်ဆုံးမှာတော့ ကျနော်တို့ အောင်မြင်မှု မလွဲမသွေရမှာဖြစ်တယ် လို့ ပြောချင်ပါတယ်။”
"ပြောရမယ်ဆိုရင် သေနတ်မကိုင်တဲ့ လေလှိုင်းတော်လှန်ရေး တပ်သားပေါ့"
သူ့ကိုယ်သူ ကိုဇင်သူ လို့ အမည်လွှဲ နာမည်ပေးထားသူ အသက် ၂၃ နှစ်အရွယ် လူငယ် တစ်ဦးကတော့ Play to Donate ဂိမ်းကို တစ်နေ့ အနည်းဆုံး နှစ်နာရီကျော် ကစားပါတယ်။ တစ်နေ့ကို မြန်မာငွေ ကျပ် ၁ဝဝဝ ကနေ ၂၅ဝဝ ကြား ရရှိအောင် ကစားပြီး တော်လှန် ရေးအတွက် အလှူငွေ ထောက်ပံ့နေတာလို့ ကိုဇင်သူက ဆိုပါတယ်။
“ကိုယ်လည်း လှူချင်တာပေါ့။ မြန်မာနိုင်ငံထဲက ဒီနိုင်ငံထဲက နိုင်ငံသားတစ်ယောက် အနေနဲ့ လှူတော့ လှူချင်တာပေါ့။ ဒါပေမဲ့ ကိုယ့်မှာဝင်ငွေမရှိတဲ့အခါကျတော့ အခက်အခဲရှိတာပေါ့။ အလုပ်အကိုင်လည်း မရှိတဲ့အခါကျတော့။ အဲ့တော့ ဒီကနေ ဂိမ်းဆော့ရင်းနဲ့ သူတို့ကို ဝင်ငွေရှာပေးနိုင်တယ်ဆိုတော့၊ ပုံမှန်လည်း ဂိမ်းဆော့ဖြစ် တာကို ဂိမ်းဆော့ဖြစ်တဲ့အချိန်ကနေ သူတို့အတွက် ပိုက်ဆံရှာပေးနိုင်တယ်ဆိုတော့ ပိုဆော့ဖြစ်တယ်ပေါ့။ ဒါကကျတော့ အလုံခြုံဆုံးနည်းနဲ့ သူတို့ဆီ ထောက်ပံ့ပေးနေတဲ့ နည်းကိုး။ ယုံယုံကြည်ကြည်နဲ့ကို ဆော့ပါတယ်။ တစ်နေ့ကို အနည်းဆုံး နှစ်နာရီ။”
စစ်ကောင်စီက ပြည်သူကို နည်းလမ်းမျိုးစုံနဲ့ နှိပ်ကွပ်လာတဲ့အခါ လက်နက်ကိုင်တော် လှန်ရေးကို နည်းလမ်းမျိုးစုံ သုံးပြီး ထောက်ပံ့ရမှာက ပြည်သူအားလုံးရဲ့ တာဝန်လို့ Click to Donate အစီအစဥ်ကို နေ့စဥ်အသုံးပြုနေသူ ကိုအောင်ဦးက ပြောပါတယ်။
“စစ်အာဏာရှင်ပြုတ်ကျရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးပြီဆိုကတည်းက နောက်မှာ Funding လုံးဝ မရှိလို့မရဘူး။ အဲ့ Funding ကို ဘယ်သူတွေက ပေးမှာလဲ၊ ကျနော်တို့ ပြည်သူတွေက အားလုံးထောက်ပံ့ရမှာပဲ။ ပြည်သူတွေက ထောက်ပံ့ဖို့ အတွက်မှာမှ ဒီစစ်ကောင်စီက ကျနော်တို့ကို နည်းလမ်းမျိုးစုံနဲ့ နှိပ်ကွပ်လာတဲ့အခါမှာ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါတို့က ထောက်ပံ့မယ်ဆိုတဲ့ စိတ်ခံယူချက်အပြင်းစားနဲ့ ကျနော်တို့က ဒါတွေကိုသွားတာ။ အဲ့တော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ဒီ Funding ကို ပေးကို ပေးရမယ်။ ပေးတော့မှသာ ကျနော်တို့ ရဲဘော်တွေ နေအိမ်ပြန်နိုင်မှာ၊ ကျနော်တို့ လိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီရမှာပါ။”
ဒီအင်တာနက် စာမျက်နှာနှစ်ခုကို တည်ထောင်သူ လူငယ်တွေက ရရှိတဲ့အလှူငွေကို NUG ကတစ်ဆင့် လက်နက်ကိုင်တော်လှန်ရေးကို ကူညီပေးသလို မကွေး၊ စစ်ကိုင်း၊ ချင်း၊ ကရင်နဲ့ ကရင်နီဒေသက စစ်ဘေးဒုက္ခသည်တွေကိုလည်း ကူညီပေးတယ်လို့ ပြောပါတယ်။
အရင်က Click to Donate အစီအစဥ်ကနေ တစ်လကို မြန်မာငွေ သိန်း ခုနစ်ထောင်နီးပါး လောက် ရရှိခဲ့ဖူးပါတယ်။ Play to Donate အစီအစဥ်ကနေလည်း တစ်ရက်ကို ကျပ်သိန်း ၃၀ လောက်ရရှိခဲ့ပေမယ့် အခု နောက်ပိုင်းမှာတော့ ဆိုးရွားတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ အင်တာနက် ဖြတ်တောက်မှုတွေကြောင့် ဝင်ငွေလျော့နည်းလာတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ပြုတ်ကျရေးအတွက် မြေပြင်သပိတ်နဲ့ လက်နက်ကိုင်တော်လှန်ရေးက အရေးကြီးသလို တစ်နှစ်အတွင်း တစ်သန်းကျော်အထိ တိုးလာတဲ့ စစ်ဘေးဒုက္ခသည် တွေကို ကူညီနိုင်ဖို့အတွက် နည်းပညာနဲ့ အွန်လိုင်း တော်လှန်ရေးကလည်း အရေးကြီး တယ်လို့ Click to Donate နဲ့ Play to Donate တည်ထောင်သူတွေက ပြောပါတယ်။