တရုတ်နယ်စပ်ပိတ်မှု ပူတာအို ရှီးပဒီးလုပ်ငန်း ထိခိုက်

2022.07.19
တရုတ်နယ်စပ်ပိတ်မှု ပူတာအို ရှီးပဒီးလုပ်ငန်း ထိခိုက် ပူတာအိုဒေသက ဆေးဖက်ဝင် ရှီးပဒီး ကို ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာ တွေ့ရစဥ်
Photo: RFA

ဒီ ရဝမ်လူငယ်တွေဟာ ရေခဲတောင်ပေါ်မှာ လနဲ့ချီနေပြီး ဆေးဖက်ဝင် ရှီးပဒီးကို ရှာဖွေနေ ကြတာပါ။ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက ရေခဲတောင်တွေမှာ ရှီးပဒီးကို နှစ်စဉ် နှစ်တိုင်း မေလ နဲ့ ဇွန်လမှာ ရှာဖွေလေ့ရှိပါတယ်။

ပိုးဆေးနွယ်ရှင် (ခ) ရှီးပဒီးတွေဟာ ရေခဲတောင်တွေရှိတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ်နိုင်ငံ တိဗက်ပြည်နယ်တွေမှာ အဓိကထွက်တယ်လို့ ရှီးပဒီး ရှာဖွေသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ပူတာအိုခရိုင်တွင်းမှာရှိတဲ့ ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီ၊ ဖန်ဂရမ်ရာဇီ၊ မဒွယ် စတဲ့ ရေခဲတောင်တွေမှာ လေးနှစ်တစ်ကြိမ်သာ ထွက်တယ်လို့ ဆိုပါတယ်။

ပူတာအိုဒေသမှာ ရေခဲတောင်ပေါ်ကနေထွက်တဲ့ ရှီးပဒီး နဲ့ မြေကြီးနဲ့ သစ်ပင်ကနေထွက်တဲ့ ရှီပဒီး ဆိုပြီး သုံးမျိုး ရှိပါတယ်။ ရွှေရောင် ရေခဲတောင်ထွက် ရှီးပဒီးက ပိုပြီးဈေးကောင်းရ တယ်လို့ ရောင်းဝယ်သူတွေက ပြောပါတယ်။

ပူတာအိုဒေသထွက် ရှီးပဒီးတွေကို ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်အချိန်အထိ တရုတ်နိုင်ငံကို သာ အဓိက တင်ပို့ရောင်းချကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်း တရုတ်နိုင်ငံက ခြံစည်းရိုးကာလိုက်သလို နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာကြောင့် တရုတ်နိုင်ငံကို တင်ပို့ ရောင်းချနိုင်တာမျိုး မရှိတော့ဘူးလို့ ရှီးပဒီး ရောင်းဝယ်သူ ကိုအောင်သန်းက ပြောပါတယ်။

“ရောဂါမဖြစ်ခင်အချိန်က တရုတ်ကို ပို့တာများတယ်။ တရုတ်တို့၊ ထိုင်းတို့ ပို့ကြတယ်။ အရင်တုန်းကဆို နယ်စပ် ဖြတ်ကျော်ဖြတ်လာ သွားလို့ရတဲ့အချိန်မှာ ဝယ်ကြတယ်။ မြန်မာပြည်ထွက်တဲ့ ရှီးပဒီးလည်း ဝယ်ကြတယ်။ ဒါပေမဲ့ အခုကျ သွားလို့မရတဲ့ အနေအထားမို့လို့ မပို့တာပေါ့။ သူတို့လည်း လာလို့မရဘူး။ ကျနော်တို့လည်း သွားလို့ မရဘူး။ တရုတ်နဲ့ ဈေးကွက်ပျက်တာ သုံးနှစ်လောက် ရောဂါဖြစ်ကတည်းက အခုချိန် အထိပဲ”

ရှီးပဒီးအသုံးဝင်ပုံကို မြန်မာပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်းမှပဲ လူသိများ လာတာဖြစ်ပြီး အခုဆို ပြည်တွင်းမှာ ဝယ်လိုအားရှိလာတယ်လို့ ကိုအောင်သန်းက ပြောပါတယ်။

အာဏာမသိမ်းခင်က ရန်ကုန်၊ မန္တလေး အပါဝင် အခြားမြို့ကြီးတွေကနေ ရှီးပဒီး ဝယ်တဲ့ သူတွေ အများအပြားရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် ပူတာအို မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်လာတာကြောင့် အရင်လောက် မရောင်းရတော့ဘူးလို့ ပူတာအိုမြို့မှာ ဆေးဖက်ဝင် ပစ္စည်းရောင်းဝယ်ရေးဆိုင် ဖွင့်ထားတဲ့ အန်တီလှက ပြောပါတယ်။

“အန်တီက ရန်ကုန်ပို့တယ်။ နေပြည်တော်ပို့တယ် နယ်စုံပေါ့။ ကချင်ပြည်နယ်လည်း တစ်ပြည်နယ်လုံးပေါ့။ အော်ဒါတက်လာပြီဆို အန်တီတို့က ပို့လိုက်တာပဲ။ အရင်နှစ် တွေက လမ်းပန်းဆက်သွယ်ရေး ကောင်းတော့ ရောင်းကောင်းပါတယ်။ ရောင်းရတယ် တော်တော်ကွာတာပေါ့။ ဒီနှစ်က ပစ္စည်းလည်း မရှိဘူးလေ။ ပစ္စည်းရှိရင် ရှိသလို ရောင်းလိုက်တာပေါ့။ ပစ္စည်းက ဒီနှစ် တော်တော်ရှားတယ်”

အာဏာသိမ်း တစ်နှစ်ပြည့်တဲ့နေ့မှာ ပူတာအိုမြို့နယ် ဆွမ်ပီယာန်ရွာအနီးက စစ်စခန်း တစ်ခုကို ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) သိမ်းယူလိုက်ချိန်ကစလို့ မြစ်ကြီးနား - ပူတာအို ပြည်ထောင်စု ကားလမ်းမပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီလမ်းမကြီးကို အသုံးပြုပြီး ပူတာအို ထိ ရှီးပဒီးသွားရှာတဲ့သူတွေလည်း လုံခြုံရေးအခြေ အနေကြောင့် အလုပ် မလုပ်နိုင်တော့ပါဘူး။

"ပစ္စည်းက ဒီနှစ် တော်တော်ရှားတယ်”

ရှီးပဒီးတွေဟာ ရေခဲတောင်ပေါ်က မြေကြီးအတွင်းပိုင်းမှာရှိတဲ့ သက်ရှိ ပိုးကောင်ကနေ တစ်ဆင့် လေးနှစ် တစ်ကြိမ် ရှီးပဒီးအပင်အဖြစ် ပြောင်းလဲသွားတာလို့ ရှီးပဒီးရှာသူတွေက ရှင်းပြပါတယ်။

အရင်က တိဗက်လူမျိုးတွေဟာ ရှီးပဒီးကို ဆေးဝါးဖော်စပ်ဖို့အတွက်ပဲ အနည်းငယ် ရှာဖွေခဲ့ပါတယ်။ ရှီးပဒီးရဲ့ တန်ဖိုးကို လူသိများလာပြီးတဲ့နောက် ၂၀၀၀ ပြည့်နှစ်ကစလို့ တရုတ်နိုင်ငံမှာ ဝယ်လိုအားမြင့်လာပြီး စီးပွားဖြစ် ရှာဖွေရောင်းဝယ်ဖောက်ကားတာတွေ များလာခဲ့ပါတယ်။

ပူတာအိုမြို့နယ်က ဒေသခံတွေဟာ ခြောက်ယောက်တစ်ဖွဲ့ အုပ်စုဖွဲ့၊ တစ်နှစ်ကို တစ်ကြိမ် ရေခဲတောင်ပေါ်တက်၊ လနဲ့ချီပြီး ရှီးပဒီးကို ရှာဖွေကြတာပါ။

နှင်းတွေနဲ့ ဖုံးနေတဲ့ ရှီးပဒီးကို ရေခဲအရည်ပျော်ကျချိန်ဖြစ်တဲ့ ဇွန်လမှာ အဓိက ရှာဖွေကြ တာ ဖြစ်ပေမယ့် တောင်ပေါ်ကို တစ်လလောက် ကြိုတင်ရိက္ခာပို့ဆောင်ရတယ်လို့ ရှီးပဒီး ရှာသူတွေက ပြောပါတယ်။

ကချင်ပြည်နယ် ပူတာအိုဒေသရှိ ရေခဲတောင်ပေါ် မှာ ရှီးပဒီး ရှာနေသူတွေကို ၂၀၂၂ ခုနှစ် ဇွန်လမှာ တွေ့ရစဥ်
ကချင်ပြည်နယ် ပူတာအိုဒေသရှိ ရေခဲတောင်ပေါ် မှာ ရှီးပဒီး ရှာနေသူတွေကို ၂၀၂၂ ခုနှစ် ဇွန်လမှာ တွေ့ရစဥ်

မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ရှီးပဒီးရှာထွက်တဲ့အခါမှာ အခက်အခဲအမျိုးမျိုးနဲ့ ကြုံတွေ့ရတယ်လို့ ရှီးပဒီးရှာသူ လန်ဝမ်ရန်ဆန်း က ပြောပါတယ်။

“အခက်အခဲတော့ အများကြီးရှိတယ်။ လမ်းမှာ အခက်အခဲရှိတယ်။ ဒီလမ်းမှာဆိုရင် တော့ တံတားမရှိဘူး။ မြောက်ကိုးတံတားကနေ သွားရတယ်။ ရေကြီးရင်တော့ မြောက်ကိုး တံတား ဖြတ်လို့မရရင်တော့ အဲဒီမှာ နှစ်ရက်၊ သုံးရက်လည်း အိပ်ရတယ်။ အဲမှာ ရေကျတဲ့အထိစောင့်ပြီးမှပဲ ကူးလို့ရတာပေါ့။ အန္တရာယ်လည်းများတာပေါ့။ လမ်းမှာတော့ ရေခဲမပျော်တဲ့အချိန်မှာ အဲဒီနေရာမှာ စရောက်တဲ့ အချိန်မှာ နည်းနည်း ဒုက္ခရောက်တယ်။ အိပ်မယ့်နေရာက ကောင်းကောင်းရေခဲမပျော်ဘူးဆိုလည်း တူးပြီး အိပ်ကြတယ်”

အရင်က ရှီးပဒီး တစ်ကောင်ကို ကျပ်ငွေ နှစ်ထောင်၊ သုံးထောင်ဝန်းကျင်နဲ့ ရောင်းချပေမယ့် ဒီနှစ်မှာ ရှီးပဒီး တစ်ကောင်ကို ကျပ်ခြောက်ထောင်အထိ ဈေးမြင့်တက်လာတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာ ရှီးပဒီး အထွက်နည်းတာကြောင့် လူတစ်ယောက်ကို အများဆုံး အကောင် ၅၀ လောက်အထိပဲ ရကြတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ပြီးနောက် တရုတ်နိုင်ငံကို မတင်ပို့နိုင်တော့သလို အာဏာသိမ်း ပြီးနောက် ပြည်တွင်းမှာလည်း ရှီးပဒီး အရောင်းအဝယ်က အဆင်မပြေတော့ဘူးလို့ ရှီးပဒီးရောင်းဝယ်သူတွေက ပြောကြပါတယ်။

မြန်မာပြည်မြောက်ဖျားက ကချင်ပြည်နယ် ပူတာအိုဒေသမှာ ဆေးဖက်ဝင် ရှီးပဒီးအပြင် ခမ်းတောက်မြစ်၊ မချစ်ဥ၊ ရေခဲဂျင်ဆင်း၊ တောရှောက်မြစ်၊ ကျောက်လက်ဝါး စတဲ့ ရေခဲတောင်ထွက်ဆေးမြစ်တွေလည်း ထွက်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။