အာဏာသိမ်းမှုအကျိုးဆက် ကချင်ရိုးရာ ရက်ကန်းလုပ်ငန်းအပေါ် ထိခိုက်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဆိုးကျိုးတွေဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က တစ်နိုင်တစ်ပိုင် ရိုးရာအထည်လုပ်ငန်းတွေကိုပါ ထိခိုက်စေပါတယ်။
"ကိုဗစ်ကာလအလွန် ဒီဘက်မှာတော့ ဖြစ်လာတဲ့ပြဿနာက ချည်ဈေးတက်တယ်"
ရိုးရာရက်ကန်းထည်လုပ်ငန်းကို ၁၀ နှစ်လောက် လုပ်ကိုင်ခဲ့တဲ့ ဒေါ်နန်ဆန်ဟာ အရင်က တစ်ပတ်ကို အထည်အမျိုးမျိုး ၁၀၀ လောက် ထုတ်လုပ်ခဲ့ရာကနေ အခုတော့ ၁၀ ထည် လောက်ထုတ်ဖို့တောင် အနိုင်နိုင်ဖြစ်နေပါတယ်။
“ဆယ်ပုံ တစ်ပုံလောက်တောင် မရှိဘူး။ အရင်တုန်းက ခေါင်းပေါင်းတွေ၊ စလွယ်တွေ၊ လွယ်အိတ်တွေဆိုရင် တစ်ပတ်ကို အထည် ၁၀၀ လောက်ထုတ်တယ်။ အခုကျတော့ ၁၀ ထည် သွင်းဖို့တောင်မှ နေရာအတော် ခက်ခဲတာပေါ့။ သူတို့ သိမ်းပေးတဲ့နေရာမှာ သူတို့ လည်း အရောင်းမထွက်ဘူးဆိုလို့ မသိမ်းပေးကြဘူး၊ အဲလိုမျိုးပေါ့ ရက်ကန်း အရောင်း သိပ်မဖြစ်တဲ့အခါ ကြုံရာကျရာပေါ့နော် အဲလိုမျိုး လုပ်စားတာပေါ့။ တစ်ခါတလေကျရင် ဈေးတွေဘာတွေ ရောင်းထွက်တယ်။ နေ့စားခေါ်ရင် နေ့စားလိုက်ရတာပေါ့ အဲလိုမျိုးနဲ့ တစ်ရက် တစ်ရက် ကျော်ဖြတ်ရတာပေါ့”
အရင်က ရက်ကန်းစင် ရှစ်စင်နဲ့ ရပ်တည်ခဲ့ပေမယ့် ချည်ဈေးအဆမတန် မြင့်တက်တာ၊ ကုန်ဈေးနှုန်း မြင့်တက်တာတွေကြောင့် လုပ်ငန်းတွေအဆင်မပြေတော့လို့ ရက်ကန်းစင် လေးစင်ကို ထုတ်ရောင်းလိုက်ရပါတယ်။ အခုတော့ အရင်ကလို စားဝတ်နေရေးမဖူလုံ တော့ဘဲ အခြား ကြုံရာကျပန်းနဲ့ ဈေးရောင်းတဲ့အလုပ်ကိုပါ ပူးတွဲ လုပ်ကိုင်နေရတယ်လို့ ဒေါ်နန်ဆန်က ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေကြောင့် လုပ်ငန်းရပ် ဆိုင်းလိုက်ရတဲ့ ရက်ကန်းရုံတွေရှိသလို အခြားလုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်နေရ တဲ့သူတွေလည်း ရှိနေတယ်လို့ ရိုးရာ ရက်ကန်းလုပ်သူတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ ကချင်လုံချည် အပါဝင် အခြားကချင်ရိုးရာအထည်တွေကို လက်ရက် ကန်းနဲ့ စက်ရက်ကန်း နှစ်မျိုးစလုံးနဲ့ လုပ်ကိုင်ကြတာဖြစ်ပြီး ရမ်ပူ ရပ်ကွက်တစ်ခုတည်းမှာ လုပ်ငန်းလုပ်ကိုင်သူ ၁၀၀ ကျော်လောက်အထိ ရှိပါတယ်။
လက်ရှိမှာ ချည်ဈေးနှုန်း မြင့်တက်နေပေမယ့် ရောင်းရတဲ့ အထည်ဈေးနှုန်းက ကျနေတာ ကြောင့် အရင်လောက် အမြတ်အစွန်းမရတော့ဘူးလို့ ရက်ကန်းလုပ်ကိုင်နေတဲ့ ဦးဝေဖြိုးက ပြောပါတယ်။
“ကိုဗစ်ကာလတော့ နိုင်ငံအနှံ့ အေးဆေးငြိမ်သက်ပြီး နေရတဲ့ ကာလဆိုတော့ အဲချိန်က စီးပွားရေးက အေးတာပေါ့၊ လုပ်လို့မရတဲ့ ကာလ ဒုတိယမှာ နည်းနည်းလေး ရှင်သန်လို့ ရနိုင်ပြီဆိုတော့ လုပ်ကြည့်သေးတယ်။ တတိယမှာတော့ ကျနော်တို့ နိုင်ငံမှာ တော်တော် ထိတယ်။ အဲမှာတော့ တော်တော်လေး ခံရတယ်။ စီးပွားရေးရော၊ စားဝတ်နေရေးရော တော်တော်ကျပ်တည်းခဲ့ပါတယ်။ ကိုဗစ်ကာလအလွန် ဒီဘက်မှာတော့ ဖြစ်လာတဲ့ ပြဿနာက ချည်ဈေးတက်တယ်၊ ချည်ကို အဓိကထားသုံးရတာဆိုတော့ ချည်ဈေးတက် တယ် နောက်ပြဿနာ တစ်ခုက ဈေးကွက်မတည်မငြိမ် ဖြစ်တဲ့အခါမှာ ဝယ်ရတဲ့ ကုန် ကြမ်းကတက်ပြီး ရောင်းရတဲ့ အခြေအနေက ကျတယ်ဆိုတော့ စားဝတ်နေရေးအတွက် အမြတ်အစွန်း နည်းတယ်ပေါ့”
ဦးဝေဖြိုးဟာ ရက်ကန်းရက်တဲ့ လုပ်ငန်းအပြင် ရက်ကန်းစင် ဆောက်လုပ်တာ၊ အထည် ကောက်တာ စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေတာ ၁၀ နှစ်ကျော် ရှိနေပါပြီ။
ရှေးယခင်က ကချင်ရိုးရာအထည်တွေကို ဂျပ်ခုတ်နဲ့ ထုတ်ကြတာဖြစ်ပြီး အခုအချိန်မှာ တော့ ဂျပ်ခုတ်ထည်တွေကို ကိုယ်တိုင်ဝတ်ဆင်ဖို့အတွက် အသက်ကြီးပိုင်း ကချင်အမျိုး သမီး အနည်းကျဉ်းလောက်ပဲ လုပ်ကိုင်ကြတော့တယ်လို့ ရက်ကန်းလုပ်သူတွေက ပြောပါတယ်။
အခုတော့ နည်းပညာတိုးတက်လာတာနဲ့အမျှ အရင်က ကချင်ရိုးရာ အထည်တွေကို ဂျပ်ခုတ်နဲ့ ထုတ်လုပ်ရာက လက်ရက်ကန်း၊ စက်ရက်ကန်းတို့နဲ့ ရိုးရာအထည်တွေကို ထုတ်လုပ်လာကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက် ရိုးရာအထည်လုပ်ငန်းနဲ့ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် အခြားလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေရတယ်လို့ ရက်ကန်း လုပ်ငန်းကနေ အခြားလုပ်ငန်းပြောင်းလဲလုပ်ကိုင်နေတဲ့ ဒေါ်ခေါ်လိန်က ပြောပါတယ်။
“အရင်ကတော့ သူ့ဟာနဲ့ သူ အဆင်ပြေတယ်။ ဒါပေမဲ့ အခုကျတော့ ချည်ဈေးကလည်း တက်၊ ကုန်ဈေးနှုန်းကလည်း တက်ဆိုတော့ ရက်ကန်းလုပ်ငန်းက ဘယ်လိုမှ အဆင် မပြေနိုင်တော့ဘူး။ ဒါကြောင့် အခြားအလုပ်တစ်ခု ပြောင်းလုပ်နေရတယ်။ ရောင်းတဲ့သူ တွေကလည်း မရောင်းရတော့ မသိမ်းပေးဘူး။ မသိမ်းပေးတော့ ထုတ်တဲ့သူကလည်း ချည်ဈေးနဲ့ ဘာနဲ့ဆို စားဝတ်နေရေးအတွက်က တော်တော်ထိခိုက်လာနိုင်တယ်။ အခု ဆက်ပြီး လုပ်နေတဲ့သူတွေကလည်း မငတ်ရုံ တမယ်ပဲ လုပ်နေကြတာ အရမ်းကောင်း တာတော့ မဟုတ်ဘူး”
တိုင်းရင်းသား လူမျိုးတိုင်းမှာ ကိုယ်ပိုင်ရိုးရာအထည်တွေရှိပြီး ကချင်ရိုးရာအထည်တွေ ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဈေးကွက်အခိုင်အမာ ရှိထားပါတယ်။
ကချင်ရိုးရာအထည်တွေကို ပြည်တွင်းမှာသာမက တရုတ်၊ ထိုင်း၊ အိန္ဒိယ စတဲ့ နိုင်ငံတွေ ကိုလည်း တင်ပို့ရောင်းချကြရတာပါ။
ဒါပေမဲ့ အခုလက်ရှိ ကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ကြောင့် ထိခိုက်ကျဆင်းနေတဲ့ ရိုးရာအထည်ထုတ်လုပ်တဲ့လုပ်ငန်းတွေ ပြန်လည်ကောင်း မွန်လာဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။