ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေရဲ့ ဈာပန

2022.05.20
ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေရဲ့ ဈာပန
Photo: RFA

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေရဲ့ စျာပနကို မေလ ၂၀ ရက်နေ့ နေ့လယ် ၂ နာရီက ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ကျူချောင်း သုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ အသက် ၉၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးသုဝေဟာ ရန်ကုန် ရွှေပြည်သာမြို့နယ်က နေအိမ်မှာ မေလ ၁၈ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဦးသုဝေကို ၁၉၃၂ ခုနှစ်မှာ အဖဦးဘအုန်း၊ အမိဒေါ်လှတင်တို့က တောင်ငူမြို့မှာ မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ ရခဲ့ပါတယ်။ ကျောင်းသားဘဝကစပြီး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး ၁၉၅၇ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်အတွင်း ဖဆပလအစိုးရ ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်းရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဦးသုဝေဟာ အဂတိတရားကင်းပြီး နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ဖြောင့်ဖြောင့်မတ်မတ် လုပ်ကိုင်ခဲ့သူ ဖြစ်တဲ့အတွက် နိုင်ငံရေးခေါင်းဆောင်တွေက သူ့အပေါ် လေးစားမှုရှိတယ်လို့ ဖဆပလဝန်ကြီးချုပ် ဦးနုရဲ့ သမီးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ပြောပါတယ်။

“တော်တော်တည်တည်ငြိမ်ငြိမ်ရှိတယ်ပေါ့နော်။ ကျွန်မတို့အများကြီး အတုယူဖို့ကောင်းပါတယ်။ အကုန်လုံးက ဦးသုဝေဆို လေးစားကြတယ်။ ကျွန်မတို့တင်မကဘူး။ တခြားနိုင်ငံရေးပါတီက ခေါင်းဆောင်တွေကပါ လေးစားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အဂတိလိုက်စားမှုလည်း မရှိဘူး။ သမာသမတ်ကျကျနဲ့ သူနိုင်ငံရေးလမ်းကြောင်းပေါ်မှာပဲ ဖြောင့်ဖြောင့်မတ်မတ် လျှောက်သွားတာပါ။ အဲ့ဒီတော့ ကျွန်မတို့ ပါတီအတွက်ကတော့ အကြီးအကျယ်ဆုံးရှုံးမှုကြီး တစ်ခုပါပဲရှင်”

ဦးသုဝေဟာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအပြီးမှာ ၁၀ နှစ်ကျော် ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ ထောင်က ပြန်လွတ်လာပြီးနောက် ဝန်ကြီးချုပ်ဟောင်းဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ ဒုဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေရဲ့သမီး ဒေါ်နေရီဗဆွေတို့နဲ့အတူ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ကို ထူထောင်ခဲ့ပါတယ်။

ဦးသုဝေနဲ့ ထောင်တွင်းမှာ အတူတူနေထိုင်ခဲ့ဖူးတဲ့ စာရေးဆရာ ဦးတင်မောင်ဝင်းကလည်း အခုလိုပြောပါတယ်။

“ဦးသုဝေဟာအသက်ကို မငဲ့ပဲနဲ့ သူ့ရဲ့ဒီမိုကရေစီစိတ်ဓာတ်ကို သေတဲ့အထိ တာဝန်ထမ်းဆောင်သွားတဲ့အတွက်ကြောင့် ကျနော်ဂုဏ်လည်းယူတယ်။ လေးလည်းလေးစားတယ်။ နောင်ဘဝဆက်တိုင်းဆက်တိုင်းမှာ မြန်မာပြည်နိုင်ငံရေးမှာ သူလို့ ရေရှည်ဇွဲကောင်းတဲ့ ဒီမိုကရေစီ နိုင်ငံရေးသမားတစ်ယောက် ပြန်လည်းပေါ်ပေါက်ထွန်းကားပါစေလို့ ဆုတောင်းပါတယ်”

ဦးသုဝေဟာ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ အနိုင်မရခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ နိုင်ငံရေးအလုပ်အပေါ်မှာ ရိုးသားတာကြောင့် သူလို နိုင်ငံရေးသမားမျိုး ဆုံးပါးသွားတာဟာ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက မှတ်ချက်ပြုပါတယ်။

၁၉၈၈ ခုနှစ်တည်းက ဦးသုဝေနဲ့ နိုင်ငံရေးအတူလုပ်ကိုင်ခဲ့သူ ဦးရန်ကျော်ကတော့… ဦးသုဝေ ကွယ်လွန်တာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်အတွက် လက်တစ်ဖက် ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။

“ကျွန်တော့်အတွက် အမှတ်ရစေတာက ဦးသုဝေက ဘယ်တော့မှ ဒေါသဖြစ်တဲ့သူ မဟုတ်ဘူး။ ဘယ်တော့မှလည်း ဆဲတယ်ဆိုတယ်၊ ရင့်သီးတဲ့စကားလုံးတွေသုံးတယ်၊ ကြမ်းတမ်းတဲ့ စကားလုံးတွေသုံးတယ် ဆိုတာလည်း ဦးသုဝေရဲ့ဘဝမှာ မရှိခဲ့ပါဘူး။ ဒါကတော့ ကျွန်တော့်ရဲ့ အမှတ်တရ အဖြစ်ဆုံးပါ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်အတွက်တော့ ဒါက လက်တစ်ဖက် ဆုံးရှုံးခဲ့တယ်လို့ ပြောရင်တောင်မှ လွန်မယ်လို့မထင်ဘူး။ ဦးသုဝေဟာ သူရဲ့ သဘာနဲ့ ဝါနဲ့ နေလာတဲ့သူတစ်ယောက်ပါ"

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေဟာ လက်ရှိမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ ဒုဥက္ကဋ္ဌတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

283173598_10161835595918128_7622951534456197713_n.jpg
Photo: RFA

ဦးသုဝေရဲ့ နိုင်ငံရေးအတွေ့အကြုံတွေကို လေ့လာသင်ယူခဲ့ဖူးသူ တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ညိုညိုသင်းကလည်း ပြည်သူလူထုအပေါ် သစ္စာစောင့်သိမှုက စံထားရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုပါတယ်။

“အသက်အရွယ်နဲ့မလိုက်အောင် နေ့တိုင်းပေါ့နော်၊ အများပြည်သူအတိုင်း ရထား၊ ဘတ်စ်ကားတို့နဲ့ နေ့တိုင်းရုံးတက်ပြီးတော့ တကယ့်ကိုပဲ တိုင်းပြည်အတွက် အလုပ်လုပ်သွားခဲ့တယ်။ ဥက္ကဋ္ဌကြီးရဲ့ ရိုးဂုဏ်ပေါ့။ နိုင်ငံရေးသမားတစ်ယောက်ရဲ့ ရိုးဂုဏ်၊ ပြည်သူလူထုအပေါ်မှာ သစ္စာစောင့်သိပုံဟာ ကျွန်မတို့ တကယ့်ကိုပဲ စံထားရတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်တယ်။ ကျွန်မတို့ဒါ ဥက္ကဋ္ဌကြီးရဲ့ ဆုံးရှုံးမှုဟာဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်”

ဦးသုဝေဟာ ၁၉၄၈ ခုနှစ် တောင်ငူခရိုင်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဘဝကနေ ၁၉၈၀ ပြည့်နှစ် ပြည်သူ့ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူးအထိ ရဲ့ နိုင်ငံရေး‌နယ်ပယ်မှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် သတင်းစာဆရာအဖြစ်လည်း ၁၉၆၇ ခုနှစ်မှာ Bangkok World Daily သတင်းစာ အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ၁၉၇၆ ခုနှစ်မှာ ထိုင်းနိုင်ငံ Morning Express Daily သတင်းစာအယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။