နေရပ်ပြန်ဖို့ ခက်နေတဲ့ ပလက်ဝက မိသားစု

နေရပ်မပြန်နိုင်တဲ့သူတွေထဲ ချင်းပြည်နယ် ပလက်ဝမြို့နယ် တမန်းသားရွာကနေ စစ်တွေ မြို့ကို ထွက်ပြေးခိုလှုံခဲ့တဲ့ ဒေါ်မဝိုင်းတို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။ သူတို့နှစ်ဦးဟာ ဝိဘဇ္ဇ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
အသက် ၅၀ ကျော်အရွယ်တွေဖြစ်တဲ့ ဒေါ်မဝိုင်းနဲ့ သူ့ရဲ့ အမျိုးသား ဦးမောင်စံရွှေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက် ဝိဘဇ္ဇဝါဒီ စစ်ဘေးဒုက္ခသည်စခန်းအနီးက မြေကွက်လပ်မှာ ၂၀၂၀ ခုနှစ်ကတည်းက တဲအိမ်ဆောက်ပြီး နေထိုင်ခဲ့တာပါ။
ချင်းပြည်နယ် ပလက်ဝမြို့နယ် တမန်းသားရွာ ဇာတိဖြစ်ပြီး စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေကြောင့် သူတို့ အိုးအိမ်စွန့်ခွာခဲ့ရတာ ဖြစ်ပါတယ်။
“ရွာကိုပြန်သွားရင်လည်း အိမ်ကတော့ မရှိတော့ဘူး။ ဥယျာဉ်ခြံတွေကလည်း အားလုံး ပျက်စီးသွားခဲ့ပြီ"
ဒေါ်မဝိုင်းတို့ ဇနီးမောင်နှံဟာ ဝိဘဇ္ဇဝါဒီ ဒုက္ခသည်စခန်းမှာပဲ ဟင်းသီးဟင်းရွက်တွေပြန် ရောင်းရင်း ဘဝကိုရုန်းကန်နေရတာပါ။
“သူများက လှူဒါန်းတာတစ်ခုတည်းနဲ့ လုံလောက်တဲ့အခါ လုံလောက်တယ်။ မလုံ လောက်တဲ့အခါ မလုံလောက်ဘူး။ ကိုယ့်မှာလည်း အလုပ်လုပ်ဖို့ လူမရှိဘူး။ ကျမတို့ နှစ်ယောက်ပဲရှိတာ။ ကျမတို့ နှစ်ယောက်ကလည်း အသက်အရွယ်ရလာတော့ ပင်ပင်ပန်းပန်း မလုပ်နိုင်တော့။ ဒီမှာနေရတာ အချိန်ကလည်း ကြာလာပြီဆိုတော့ အခုလို ဟင်းရွက်တွေစိုက်၊ ရောင်းချပြီး စားနေရတယ်”
သူတို့နှစ်ဦး ဘဝကို အခုလိုဖြတ်သန်းလာတာ တစ်နှစ်ကျော်လာခဲ့ပါပြီ။ အခကြေးငွေ မယူဘဲ နေထိုင်ခွင့်ပေးထားတဲ့ မြေကွက်ပိုင်ရှင်က အိမ်ဆောက်တော့မှာဖြစ်လို့ ဒီလအတွင်း ဖယ်ပေးဖို့ ပြောလာတဲ့အတွက် နေစရာပါပျောက်တော့မယ့် အခြေအနေဖြစ်လာပြီလို့ ဒေါ်မဝိုင်းက ပြောပါတယ်။
“ဒီနေရာက ပြောင်းရတော့မယ်။ ဘာလို့လဲဆိုရင် ဒီနေရာက ကိုယ့်မြေမှ မဟုတ်ဘဲ။ သူများပိုင်တဲ့နေရာမှာ ကျမတို့ကို သနားလို့ တစ်မိုး၊ တစ်ဝါ ခဏထားတာ။ ဒီ တစ်မိုးပြီးရင် ရွာကို ပြန်ရမလားဆိုပြီး ခဏထားတာလေ။ အခု မြေပိုင်ရှင်ကလည်း ဒီလအတွင်း အိမ်ဆောက်တော့မယ် ဆိုပြီးပြောတယ်။ အဲဒီလိုဆိုရင်တော့ ကျမတို့ ဒီအိမ်က ပြောင်းရတော့မယ်။ ပြောင်းရတော့ မယ်ဆိုတော့ ဘယ်နေရာမှာ နေရမ လဲဆိုတာ မသိတော့ဘူး။ ကိုယ့်ရွာကို ပြန်ဖို့ကလည်း ရွာနားမှာ စစ်သားတွေ စခန်းအမာခံဆောက်ပြီး နေနေတော့ မပြန်ရဲဘူး။ စိုးရိမ်တယ်”
ဝိဘဇ္ဇဝါဒီ ဒုက္ခသည်စခန်းမှာလည်း နေရာလွတ်မရှိတော့တာကြောင့်လည်း အခုလို အခက်အခဲနဲ့ ရင်ဆိုင်နေရတာပါ။
လူတစ်ယောက် တစ်ရက်မှာ ဆန်နို့ဆီ နှစ်ဘူးဆိုတဲ့ အစိုးရအထောက်အပံ့နဲ့ လူတစ် ယောက် တစ်လငွေကျပ်တစ်သောင်းခွဲနှုန်းနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ အထောက်အပံ့ကိုပဲ ဒုက္ခသည်တွေ အဓိက မှီခိုစားသောက်နေကြတာပါ။
ဒေါ်မဝိုင်းတို့ မိသားစုအတွက် ဟင်းသီးဟင်းရွက်ရောင်းရငွေက တစ်ရက်ကို ကျပ် နှစ်ထောင်ဝန်းကျင်သာရတာကြောင့် နေအိမ်ပြောင်းဖို့ အခက်တွေ့နေပါတယ်။
ရွာကို ပြန်ဖို့ကလည်း ရွာမှာ ကျန်ခဲ့တဲ့ သူတို့ရဲ့ နေအိမ်နဲ့ ဥယျာဉ်ခြံတွေ ပျက်စီးသွားပြီ ဖြစ်သလို စစ်တပ်က ရွာအနီး စခန်းချထားတာကြောင့် မပြန်ရဲဘူးလို့ ဒေါ်မဝိုင်းရဲ့ အမျိုးသား ဦးမောင်စံရွှေက ပြောပါတယ်။
“ရွာကိုပြန်သွားရင်လည်း အိမ်ကတော့ မရှိတော့ဘူး။ ဥယျာဉ်ခြံတွေကလည်း အားလုံး ပျက်စီးသွားခဲ့ပြီ။ ကိုယ်စိုက်ပျိုးခဲ့တဲ့ သီးပင်စားပင်တွေကလည်း အားလုံးပျက်စီးသွားပြီ လေ။ လူမရှိတော့ ကျွဲ၊ နွားတွေ ပျက်စီးတယ်။ ပြီးတော့ ကျနော်တို့ နေခဲ့တဲ့နေရာက လည်း စစ်တပ်နဲ့ နီးနီးလေး။ သူတို့အဲဒီအနားမှာ ကင်းပုန်းဝပ်တယ်။ အဲဒီအနားမှာ ဗုံးရှိလား။ ဘာရှိလဲ မသိဘူး။ ဒါကြောင့် အဲဒီနေရာကို ဘယ်သူမှ မဝင်ရဲဘူး။ အခု အိမ်ကလည်း ပြိုရတော့မှာ ဆိုတော့ ဆရာတော်ကတော့ အိမ်ဆောက်ဖို့ သစ်တွေ၊ ဝါးတွေ ပေးထားတယ်။ ဒါပေမဲ့ ဆောက်မယ့်မြေက မရှိဘူး။ အိမ်ရာမရှိတော့ ဘယ်မှာသွားနေရမလဲ မသိတော့ဘူး”
ဝိဘဇ္ဇဝါဒီ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးစက္ကိန္ဒကတော့ ဒုက္ခသည်စခန်း မြေနေရာတွေဟာ ငှားရမ်းထားရတာဖြစ်ပြီး ဝယ်ဖို့လည်း ငွေကြေးမရှိတာကြောင့် ဘာမှမတတ်နိုင်တော့ဘူးလို့ မိန့်ပါတယ်။
“ငွေရှာပေးရမယ် အဲဒီလို ကြီးကြီးမားမား စိန်ခေါ်မှုတွေကျတော့ ကိုယ့်မှာကလည်း ငွေက မရှိဘူး။ တကာ၊ တကာမ ကျောထောက်နောက်ခံကလည်း မရှိဘူး။ ဘယ်သူ့ကို ပြောပြော ပြောလို့ရှိရင်လည်း အရာမထင်ဘဲ ပြီးသွားတဲ့အခါကျတော့ နေရာလှပ်ပေး ရမယ်ဆိုရင် တခြားစခန်းကိုပဲ သွားနေလိုက်တော့လို့ပဲ ပြောနေရတယ်။ အခုလို မြေ ကိစ္စတွေက သိန်းရာချီလိုတော့ မနိုင်ဘူး။ အကူအညီပေးရင်တော့ ကောင်းတာပေါ့။ အပိုင်ပေးပါလို့ ပြောတာမဟုတ်ဘူး။ ခဏငှားပေးကြမယ်ဆိုရင် အဲဒီမှာ ဆောက်ပေး လိုက်မယ်”
ဝိဘဇ္ဇဝါဒီ စစ်ဘေးဒုက္ခသည်စခန်းမှာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြားစတဲ့ မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၀၀ ကျော်နဲ့ လူဦးရေ ၄၀၀ ကျော် ခိုလှုံနေတာပါ။

အခုလို စစ်တွေမြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရေးအခက်အခဲ ဖြစ်နေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့ စာရင်းတွေအရ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ နှစ်ကုန်အထိ နှစ်နှစ်နီးပါးကာလအတွင်း စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒေသခံ နှစ်သိန်းကျော်အထိ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
တိုက်ပွဲတွေ ရပ်စဲနေတာကြောင့် ဒုက္ခသည် ၁၅၀,၀၀၀ ဝန်းကျင် နေရပ်ပြန်သွားပေမယ့် ဒေါ်မဝိုင်းတို့လို ဒုက္ခသည် ၆၀,၀၀၀ ဝန်းကျင်ကတော့ ရွာအနီးမှာ စစ်စခန်းချထားတာတွေ၊ မိုင်းအန္တရာယ်တွေနဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် နေရပ်ပြန်ရေးအိပ်မက်က မျှော်လင့်ချက်မဲ့နေဆဲ ဖြစ်ပါတယ်။