ကွတ်ခိုင်နဲ့သိန္နီအကြား တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ


2019.08.22
kutkai_01

ကွတ်ခိုင်မြို့ လွိုင်ဆမ်ဆစ်တောင်။

kutkai_02

တိုက်ပွဲဖြစ်ပွားခဲ့သည့် မန်ပြိန်းရွာ။

kutkai_03

ကွတ်ခိုင်မြို့ပေါ်မြင်ကွင်း။

kutkai_04

လွိုင်ဆမ်ဆစ်တောင်ခြေတွင် ကင်းလှည့်နေသည့် တပ်မတော်သားများ။

kutkai_05

ကွတ်ခိုင်မြို့ပေါ်တွင် တွေ့ရသည့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး။

kutkai_06

လွိုင်ဆမ်ဆစ်တောင်အောက် နမ့်ပါချီးရွာကားလမ်းပေါ်တွင် သွေးစွန်းနေသည့် ဖိနပ်တစ်ဖက်နှင့် ကျောပိုအိတ်တစ်လုံးကို တွေ့ရစဉ်။

kutkai_07

ခိုလုံဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေးလာသည့် ဒုက္ခသည်များ။

kutkai_08

ခိုလုံရွာဘုန်းကြီးကျောင်းရောက် ဒုက္ခသည်များ။

kutkai_09

နမ့်ပါချီးရွာအနီး ကားလမ်းပေါ်တွင် ကတုတ်ကျင်းတစ်ခုကို တွေ့ရစဉ်။

kutkai_10

ခိုလုံရွာဘုန်းကြီးကျောင်းရောက် ဒုက္ခသည်များ။

kutkai_11

ဒုက္ခသည်စခန်းမှ ကျန်းမာရေးမကောင်းသူများကို ကွတ်ခိုင်ဆေးရုံသို့ပို့ဆောင်စဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့ သိန္နီမြို့နယ်အကြား မန်ပြိန်းရွာနဲ့၊ ကွတ်ခိုင်မြို့ လွိုင်ဆမ်ဆစ်တောင်ခြေတစ်ဝိုက်နဲ့၊ ကွတ်ခိုင်မြို့အထွက် နမ့်ကွပ်ရွာအနီးတစ်ဝိုက်မှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ သြဂုတ်လ ၁၇ ရက်နေ့က စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာ မစိုးရိမ်ဘုန်းကြီးကျောင်း၊ ခိုလုံရွာ ဘုန်းတော်ကြီးကျောင်း၊ ရပ်ကွက် (၈) တောင်တန်းသာသနာပြုကျောင်း၊ ရပ်ကွက် (၂) ဧဒင်ဥယျာဉ် ခရစ်ယာန်ကျောင်းနဲ့လွယ်ကန်ကျေးရွာမှာ ထွက်ပြေးခိုလှုံနေရသူ တစ်ထောင့်နှစ်ရာလောက် ရှိနေပါတယ်။

ကွတ်ခိုင်နဲ့သိန္နီအကြား ၃၈ မန်ပြိန်းရွာနဲ့လွိုင်ဆမ်ဆစ်တောင်ခြေတစ်ဝိုက်တိုက်ပွဲကြောင့် အခုလ ၁၇ ရက်နေ့ ညနေပိုင်းကနေ ၁၉ ရက်နေ့အထိ ကွတ်ခိုင်သိန္နီလမ်းပိုင်းမှာ အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။

တပ်မတော်ဘက်ကလည်း သိန္နီအဝင်အထွက် ခရီးသွားတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးခဲ့သလို၊ လွိုင်ဆမ်ဆစ်တောင်ခြေမှာ တပ်စွဲခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ခရီးသွားတွေကို တင်းကြပ်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကမနက်ပိုင်းမှာ ကွတ်ခိုင်မြို့နယ် မန်ပြိန်းကောင်းခံရွာအနီးကနေ ပစ်ခတ်သံတွေ ကြားရသလို၊ နေ့လည်ပိုင်းမှာ နမ့်ပါချီးရွာအနောက်ဘက် လေးမိုင်အကွာ နမ့်ကျင်းလင်းရွာဘက်ကလည်း ပစ်ခတ်သံတွေ ကြားနေရပါတယ်။

ကွတ်ခိုင်-သိန္နီလမ်းပိုင်းမှာတော့ သြဂုတ်လ ၂၂ ရက်ဒီနေ့မှာ ခရီးသည်တင်ကားတွေ ပုံမှန်သွားလာနေသလို၊ နမ့်ပါချီးရွာအလွန် လွိုင်ဆမ်ဆစ်တောင်ခြေမှာ တိုင်းရင်းသားအဖွဲ့တွေက လမ်းပေါ်မှာ ကတုတ်ကျင်းတွေ လုပ်ထားတာ တွေ့ရပါတယ်။ လမ်းလယ်ကောင် ကတုတ်ကျင်းနေရာမှာတော့ သွေးစွန်းနေတဲ့ ကျောပိုးအိတ် တစ်လုံးနဲ့ စစ်ဖိနပ်တစ်ဖက်ကို တွေ့ရပါတယ်။

လမ်းတစ်လျှောက်မှာ တပ်မတော်စစ်ကြောင်းတွေ လုံခြုံရေးယူထားတာ တွေ့ရပေမယ့်၊ ကွတ်ခိုင်-မူဆယ် လမ်းပိုင်းမှာတော့ မနေ့ညနေပိုင်းအထိ သွားလာမှုတွေ ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။