မိုင်ဂျာယန်က ဖက်ဒရယ်ကောလိပ်

2022.06.06
မိုင်ဂျာယန်က ဖက်ဒရယ်ကောလိပ် တရုတ်-မြန်မာနယ်စပ်အနီးက မိုင်ဂျာယန်မြို့က Federal Law Academy မှာ ပညာသင်ကြားနေသူတွေကို တွေ့ရစဉ်
Photo: RFA

ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ်အနီးက မိုင်ဂျာယန်မြို့ဟာ ကချင်ပြည်နယ် လွယ်ဂျယ်မြို့အနီးမှာတည်ရှိပြီး ကေအိုင်အို လွှမ်းမိုးတဲ့ မြို့လေးဖြစ်ပါတယ်။

ဒီမြို့လေးမှာ ၂၀၁၄ ခုနှစ်ကစလို့ မိုင်ဂျာယန်ကောလိပ် Institute of Liberal Art and Sciences - ILAS နဲ့အတူ ‘လူ့အခွင့်အရေးကို ဦးတည်တဲ့ ဖက်ဒရယ်စနစ်’ ဆိုင်ရာ ပညာရပ်တွေကို သင်ကြားပေးနေတဲ့ ဖက်ဒရယ်ကောလိပ်လို့ အလွယ်ခေါ်တဲ့ Federal Law Academy ကျောင်းကို ဖွင့်လှစ်ထားပါတယ်။

စစ်အစိုးရ ရေးဆွဲထားပြီး လက်ရှိ စစ်ကောင်စီ ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မလာနိုင်တာကြောင့် အခုလို ကေအိုင်အို ထိန်းချုပ်ရာနယ်မြေမှာ လူ့အခွင့်အရေးကို အခြေခံတဲ့ ဥပဒေ ပညာရပ်တွေ သင်ကြားပေးတဲ့ ဖက်ဒရယ်ကောလိပ် ဖွင့်ရတာလို့ ကျောင်းတာဝန်ခံတွေက ပြောပါတယ်။

ဒီကျောင်းမှာ ကချင်ပြည်နယ်က ၁၀ တန်းအောင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေသာမက မွန်၊ ရခိုင်၊ ‘ဝ’ ဒေသနဲ့ ရန်ကုန်က တိုင်းရင်းသားလူငယ်တွေပါ လာရောက်ပညာသင်ကြား နေတယ်လို့ ဖက်ဒရယ်ကောလိပ်ရဲ့ လက်ထောက်နည်းပြဖြစ်သလို စီမံခန့်ခွဲရေးအဖွဲ့ဝင် လည်းဖြစ်တဲ့ ဦးလဖိုင်နော်ဆန့် က ပြောပါတယ်။

“အာဏာသိမ်းပြီးတဲ့နောက် ထူးထူးခြားခြား ခက်ခဲလာတဲ့ဟာတော့ မရှိဘူး။ ကျောင်းကို လာရောက်မယ့် ကျောင်းသားတချို့က ခရီးသွားလာမှုတစ်စုံတစ်ရာ အကန့်အသတ် တော့ ရှိလာတယ်။ ထူးခြားမှုတစ်ခုဖြစ်တာကတော့ ပြည်တွင်းက တက္ကသိုလ်အများစုက ပိတ်ထားလိုက်ရတယ်။ တက္ကသိုလ်အသီးသီးကလည်း အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အနေနဲ့ အလုပ်မဆင်းတော့ဘူး။ CDM လုပ်ထားကြတယ်ဆိုတော့ ဒီနောက်ခံကနေ ကျောင်းသားတစ်ခုတော့ ပိုပြီးတော့များလာတယ်”

အရင်နှစ်တွေက ဖက်ဒရယ်ကောလိပ်တက်ဖို့ ကျောင်းသား ၇၀ လောက်သာ လျှောက်လွှာ တင်လေ့ရှိပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အယောက် ၁၀၀ ကျော်ထိ တိုးလာတယ်လို့ သူက ဆိုပါတယ်။

ဒီကျောင်းမှာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ၊ ဥပဒေစိုးမိုးရေးနဲ့ ဥပဒေသိပ္ပံ၊ နိုင်ငံတစ်ခုအတွက် အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်စနစ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ ပြစ်မှုဆိုင်ရာ ဥပဒေများ စတဲ့ ဘာသာရပ်တွေအပါအဝင် စုစုပေါင်း ဘာသာရပ် ၂၂ ခုကို သင်ကြားပေးနေပါတယ်။

ဒီကောလိပ်မှာ လက်ရှိပညာသင်ကြားနေတဲ့ ဒုတိယနှစ်ကျောင်းသူ မဂျန်ပါထော က ဒီကျောင်းကိုလာတက်တဲ့အတွက် မြန်မာ့နိုင်ငံရေးနဲ့ ဥပဒေဘာသာရပ်တွေကို ပိုသိလာရတယ်လို့ ပြောပါတယ်။

“ဒီကျောင်းကို မလာခင်ကတည်းကဆို နိုင်ငံရေးအကြောင်းတွေရော၊ ဥပဒေ အကြောင်းတွေရောဆို ကိုယ်က လက်လှမ်းမမီဘူး၊ သိတဲ့အတိုင်းပဲ။ မြန်မာနိုင်ငံမှာ လည်း ပြည်သူလူထုတွေ၊ နိုင်ငံသားတွေ ဥပဒေကို လက်လှမ်းမီနိုင်အောင် အဲလိုမျိုး အခြေအနေတွေ ဖန်တီးထားတာ မရှိဘူးပေါ့နော်။ ဟိုမှာနေတဲ့အချိန်တော့ အဲလိုမျိုး အကြောင်းတွေကို လက်လှမ်းမမီဘူး၊ ဥပဒေဆိုတာသိတော့ သိတယ်။ ဒါပေမဲ့ ဘယ်လိုမျိုးဆိုတာ မသိခဲ့ဘူးပေါ့နော်။ ဖွဲ့စည်းပုံဆိုတာလည်း ဘယ်လိုမျိုးက ဖွဲ့စည်းပုံလို့ ခေါ်တာလဲဆိုတာ မသိခဲ့ဘူးပေါ့၊ ဒီကျောင်းကိုရောက်လာပြီးနောက်ပိုင်း အဲအကြောင်းတွေ အများကြီးလေ့လာခဲ့ပြီးမှ သိရတယ်ပေါ့။ ပြောရမယ်ဆိုရင်တော့ အရင်ထက်အများကြီး ပိုပြောတတ်လာတယ်ပေါ့”

federal-law-academy-.jpg
Federal Law Academy မှာ ပညာသင်ကြားနေသူများကို တွေ့ရစဉ်

သူက တနင်္သာရီတိုင်း ရေဖြူမြို့နယ်က မွန်တိုင်းရင်းသူလေးပါ။ ဒီကျောင်းမှာ သူအရင်က နားလည်ထားတဲ့ အလွတ်ကျက်စနစ်မျိုးမဟုတ်ဘဲ ဆရာ၊ ဆရာမတွေက ဦးဆောင်ပို့ချပြီး ကိုယ်တိုင်လည်း လေ့လာဆည်းပူးရင်း ပြန်လည်ဆွေးနွေးတဲ့စနစ်ကို ကျင့်သုံးတယ်လို့ မဂျန်ပါထော က ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တန်ယန်းမြို့ကနေ ဥပေဒဘာသာရပ်ကို လာရောက်သင်ကြားနေတဲ့ ‘ဝ’ တိုင်းရင်းသား ကိုအက်ရွယ်ကတော့ ကျောင်းပြီးသွားရင် သူ့ဒေသအတွက် တစ်စုံတစ်ရာ အကျိုးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။

“ဒီကျောင်းပြီးသွားပြီဆိုရင် ကျနော့်ဒေသမှာပြန်ပြီးတော့ အဓိက လူငယ်တွေပေါ့၊ ကိုယ်တတ်ထားတဲ့ ဖက်ဒရယ် ဥပဒေဆိုင်ရာ၊ ဖွဲ့စည်းပုံဆိုင်ရာ ဒါတွေကို ဟိုဘက်မှာ ရှိတဲ့ လူငယ်တွေကို၊ မသိမတတ်တဲ့လူငယ်တွေကို ပြန်လည်ဝေငှပေးဖို့ရှိတယ်။ ပြီးတော့ ကျနော်တို့ဒေသမှာဆို တရားရေးဌာနရှိတယ်၊ တရားရေးဌာနမှာ ဝင်ရောက် အလုပ်လုပ်မယ်လို့ အဲလိုတော့ ရည်မှန်းချက်ချထားတယ်ပေါ့”

အရင်ကတော့ သူက ပဲခူးတက္ကသိုလ်မှာ စိတ်ပညာဘာသာရပ်ကို တက်ရောက်သင်ကြား ခဲ့ပြီး ပထမနှစ် စတက်တဲ့အချိန်မှာပဲ ကိုဗစ်ကပ်ရောဂါကြောင့် တက္ကသိုလ် ကောလိပ်တွေ ပိတ်လိုက်ရပါတယ်။ အဲဒီနောက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် မိုင်ဂျာယန်က ဖက်ဒရယ်ကောလိပ်ကို ရောက်လာပြီး နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ ဥပဒေ ပညာရပ်တွေကို သင်ယူနေတာပါ။

ဒီကောလိပ်ကနေ ကျောင်းပြီးသွားတဲ့အခါ နိုင်ငံတကာတက္ကသိုလ်တွေက ပါမောက္ခတွေ လက်မှတ်ထိုး အသိအမှတ်ပြုထားတဲ့ Diploma In Law ဒီပလိုမာ လက်မှတ်ကို ရရှိပါတယ်။

ဒီကျောင်းမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ကမ္ဘာ့နိုင်ငံတွေက ဥပဒေတွေအပြင် မြန်မာနိုင်ငံက ဥပဒေတွေကိုလည်း သင်ကြားပေးနေတယ်လို့ ကျောင်းသူ၊ ကျောင်းသား တွေက ပြောပါတယ်။

"ဒီကျောင်းမှာလာပြီးမှ လေ့လာသွားတဲ့ ကျောင်းသားတချို့ ဆိုရင် သူတို့ရဲ့ အဖွဲ့အစည်းတွေမှာဆို အများကြီးအကျိုးပြုနေတာ တွေ့ရတယ်"

ခေတ်အဆက်ဆက် ဖိနှိပ်မှုတွေကြောင့် ပြည်နယ်အသီးသီးက တိုင်းရင်းသားတွေဟာ တွေးခေါ်မြော်မြင်မှုအပိုင်းမှာ အားနည်းလွန်းတာကြောင့် ဥပဒေပညာရပ်ဟာ လူသားတွေ အတွက် ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို ဒီကောလိပ်ကနေ နားမျက်စိဖွင့် ပေးနေတာလို့ နည်းပြဆရာမတစ်ဦး ဖြစ်တဲ့ မလုဒင်က ပြောပါတယ်။

“ကျမတို့ မြန်မာပြည်က လက်ရှိ ဥပဒေနဲ့ဆိုရင် အမြင်ကျဉ်းတယ်လို့ ပြောလို့ရသေး တယ်။ ဒါကြောင့်မို့ ဒီမတူညီတဲ့ ဥပဒေအရ ဘယ်လောက်ထိ ဖိနှိပ်မှုတွေ ခံနေရတယ် ဆိုတာက ကျမတို့ တိုင်းရင်းသား အများစုတွေက အမြင်ကျဉ်းတယ်။ ပြီးရင် မတွေးတတ်တဲ့အထိ ဥပဒေ ဆိုတာဘာလဲဆိုတာ နားမလည်တဲ့အပိုင်းတွေ အများကြီး ရှိနေသေးတယ်။ ဒါကြောင့် ဒီကျောင်းမှာလာပြီးမှ လေ့လာသွားတဲ့ ကျောင်းသားတချို့ ဆိုရင် သူတို့ရဲ့ အဖွဲ့အစည်းတွေမှာဆို အများကြီးအကျိုးပြုနေတာ တွေ့ရတယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ အရေးကြီးတယ်၊ ဘယ်လောက်ထိ အကျိုးပြုတယ်၊ မိမိရဲ့အဖွဲ့အစည်းမှာဆိုရင် ဘယ်လောက်ထိ ဒါကို ဘယ်လိုရှိတယ် ဥပဒေက၊ ဘယ်လောက်ထိ ဖိနှိပ်ခံထားရတယ်ဆိုတာတွေကို သူတို့ အမြင်ပွင့်သွား တယ်”

ဖက်ဒရယ်ကောလိပ်ရဲ့ စီမံခန့်ခွဲရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးလဖိုင်နော်ဆန့်ကတော့ ဖက်ဒရယ်ကောလိပ်မှာ နှစ်နှစ်ကြာ ပညာသင်ကြားပြီး ကျောင်းပြီးသွားသူတွေဟာ တစ်နေ့မှာ ကိုယ့်ရဲ့ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတဲ့အခါ ကိုယ့်ပြည်နယ်အရေးကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်သူတွေ၊ ဥပဒေအရေးနဲ့ စီမံခန့်ခွဲရေးပိုင်းမှာ ကိုယ်တိုင်ပါဝင်နိုင်သူတွေ ဖြစ်လာဖို့အထိ ရည်ရွယ်မျှော်လင့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။