တပ်မတော်နဲ့ ဦးဂါရွာသူ အမှု
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါရွာမှာ အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်သား သုံးယောက်ကို ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလမှာ ထောင်ဒဏ်အနှစ် ၂ဝ စီ ချမှတ်လိုက်ပြီမို့၊ ကာယကံရှင် နစ်နာသူအမျိုးသမီးအတွက် နောက်ဆုံးမှာ တရားမျှတမှုကို ရရှိခဲ့ပါပြီ။ တပ်မတော်သားတွေ ကျူးလွန်တဲ့အမှုတွေနဲ့ ပတ်သက်လာရင် အများအားဖြင့် အမှုမှန် မပေါ်ပေါက်တာ၊ အရေးယူမခံရတာတွေပဲ ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါရွာမှာ စစ်သားသုံးယောက်ရဲ့ အုပ်စုလိုက် အဓမ္မပြုကျင့်မှုခံခဲ့ရတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ တရားမျှတမှုရဖို့ ၆ လလောက် စောင့်ဆိုင်းခဲ့ရပြီးနောက် အခုတော့ သက်ပြင်းချနိုင်ခဲ့ပါပြီ။
အဓမ္မပြုကျင့်ခံရသည့် ဦးဂါရွာသူ
“ဒီအမှု မပြီးမချင်း ကျမအနေနဲ့ ပုန်းပြီးတော့ နေခဲ့ရပါတယ်။ အခုလိုပုန်းနေခဲ့ရတာကလည်း ကျမအသက် အန္တရာယ်စိုးရိမ်ရလို့ပါ။ ဒီအမှု အောင်မြင်သွားချိန်ကျမှ ကျမလည်း စိတ်အေးရပါတော့တယ်။ အခုလို အမှုမှန်ပေါ်ပေါက်လာခဲ့တဲ့အတွက် ကျမအနေနဲ့ ကျေနပ်ရပါတယ်။”
တရားခံတွေဖြစ်တဲ့ တပ်သား အောင်မင်းမင်း၊ မင်းသူရနဲ့ မြင့်လွင် တို့ကို စစ်တွေမြို့က တပ်မတော် အကျဉ်းစစ်တရားရုံးမှာ စစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂ဝ စီ ချမှတ်လိုက်တာပါ။
ဒီစစ်သားတွေဟာ ၂ နှစ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် AA ကို ချေမှုန်းဖို့ တာဝန်ကျနေတဲ့စစ်သားတွေ ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း ရာနဲ့ချီတဲ့ အရပ်သားတွေ သေဆုံးခဲ့ရသလို၊ ဒေသခံရွာသားတွေဟာလည်း ဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ကြရပါတယ်။
မြန်မာစစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း အရပ်သားတွေအပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲနေကြတာပါ။ တပ်မတော်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်သတင်းတွေ မကြာခဏဆို သလို ကြားရလေ့ရှိပေမဲ့ အရေးယူအပြစ်ပေးတာမျိုး မကြားခဲ့ရပါဘူး။ အခု ဒီအမှုကတော့ ရှားရှားပါးပါး အရေးယူလိုက်တဲ့အမှုလို့ ဆိုရမှာပါ။
စောမြရာဇာလင်း - ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)
“သူဟာ သူ့ရဲ့ပြဿနာကို တရားရုံးမှာ ရင်ဆိုင်ခဲ့တယ်။ အဲလိုပွင့်ပွင့်လင်းလင်းရင်ဆိုင်တဲ့အတွက်လည်း အမျိုးသမီးတစ်ယောက်ရဲ့သတ္တိကိုအားလုံးက လက်ခံလာရတာဖြစ်ပါတယ်။ သူ့ကိုလည်း ကျွန်မတို့အနေနဲ့ ဂုဏ်ပြုပါတယ်။ ချီးကျူးပါတယ်။ ဒါကတစ်ချက်ပါ။ နောက်တစ်ချက်ကဆိုလို့ရှိရင် မြန်မာ့တပ်မတော် စစ်သားတွေက အဲလိုမျိုးကျူးလွန်တယ်လို့ဆိုတာကို တရားရုံးမှာ ပထမဆုံးအကြိမ်ပဲ လူထုကတရားစွဲဆိုမှု အောင်မြင်လိုက်တယ်လို့လည်း ပြောလို့ရပါတယ်”
ဖြစ်စဉ်ကတော့… ၂၀၂၀ ဇွန်လ ၃ဝ ရက် ညသန်းခေါင်ယံမတိုင်ခင် အချိန်ဟာ ဦးဂါရွာသူအတွက် ကံဆိုး မိုးမှောင်ကျမယ့်နေ့ ဖြစ်ခဲ့ပါတယ်။ တပ်မ-၂၂ လက်အောက်ခံ စစ်ကြောင်းတစ်ခု ရွာထဲကိုဝင်လာချိန်၊ ဒေသခံတွေဟာ ရွာမှာမနေရဲတော့ဘဲ နီးစပ်ရာရွာတွေဆီကို ထွက်ပြေးခဲ့ကြပါတယ်။
အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေး လေးယောက်မိခင်ကတော့ ထွက်မပြေးခဲ့ပါဘူး။ ကလေးမီးဖွားပြီးတာ ငါးရက်ပဲရှိသေးတဲ့- သွေးနုသားနု သမီးကြီးကို ငဲ့ပြီး၊ သမီးဖြစ်သူနဲ့ ရက်သားအရွယ် မြေးငယ်၊ ယောက္ခမ၊ ယောက်မတို့နဲ့အတူ မိသားစုလိုက် အိမ်အောက်က ဗုံးခိုကျင်းမှာ ပုန်းနေခဲ့ကြတာပါ။ အိမ်အပေါ်ထပ်ကို စစ်သားတွေ တက်ရှာနေချိန်မှာပဲ ဗုံးခိုကျင်းထဲက ကလေးရဲ့ငိုသံက တိတ်ဆိတ်နေတဲ့ အမှောင်ထုကို စတင် ဖြိုခွင်းလိုက်ပါတယ်။
“အခု ဒီနေရာဟာ တပ်မတော်သားသုံးယောက်က ရွာခံအမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်မှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ဦးဂါကျေးရွာက အခင်းဖြစ်နေအိမ် ဖြစ်ပါတယ်။ ဒီဘက်ကအိမ်ဆိုရင် အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီး ပုန်းအောင်နေခဲ့တဲ့နေရာဖြစ်ပါတယ်"
ဦးမောင်ရွှေကျော် - အဓမ္မပြုကျင့်ခံရသူ၏ အိမ်နီးချင်း
“မိသားစုတွေ ခိုလှုံခွင့်ရအောင်ဆိုပြီး လုပ်ထားတာပါ။ ကလေးအသက်ကလည်း ငါးရက်ပဲရှိသေးတယ်ဆိုတော့ ငယ်သေးတယ်။ သွားရမယ့်ခရီးက ကြမ်းတော့ ဒီနေရာမှာပဲ မသက်သာလို့ ထားခဲ့ရတာပေ့ါ။ အဲ့ဒီလို ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ကျနော့်ဆီကို အကြောင်းကြားလာတယ်။ အဲဒါကို ကြားကြားချင်းပဲ ကျနော် စိတ်မကောင်းဖြစ်ပြီး ဒေါသလည်း ထွက်မိတယ်”
အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ဦးဂါရွာသူဟာ သူ့မိသားစုကို သတ်ပစ်မယ်လို့ သေနတ်နဲ့ ခြိမ်းခြောက်ခံနေရတာကို ကာကွယ်ဖို့အတွက် သူ့ရဲ့အရှက်နဲ့ သိက္ခာကို ပေးဆပ်ခဲ့ရပါပြီ။
ဗိုလ်ချုပ်ဇော်မင်းထွန်း - ဥက္ကဋ္ဌ (တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)
“ရသေ့တောင်ကိစ္စက နယ်မြေမှာ လုံခြုံရေးစစ်ဆေးမှုတွေလုပ်တိုင်း အဲဒီဘက်သတင်းဌာနတွေက အမြဲတမ်းဖွနေတဲ့ဟာတွေဖြစ်တယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီးတော့မှ မြေပြင်မှာ သေချာစုံစမ်းစစ်ဆေး တယ်။ ဖြစ်စဉ် မမှန်ကြောင်း အတည်ပြုနိုင်တော့မှ ကျနော်တို့က ထုတ်ပြန်တာဖြစ်ပါတယ်”
အစပိုင်းမှာတော့ တပ်မတော်တာဝန်ရှိသူတွေက ဒီဖြစ်ရပ်ဟာ မဟုတ်မှန်ဘူးလို့ ငြင်းဆိုခဲ့ကြပါတယ်။ အဓမ္မပြုကျင့်မှုဖြစ်ခဲ့ပြီး နှစ်ရက်အကြာ ဇူလိုင်လ ၂ ရက်နေ့က RFA က မေးမြန်းချိန်မှာ ဗိုလ်ချုပ် ဇော်မင်းထွန်း က ဒီသတင်းမမှန်ကြောင်း ပြောဆိုခဲ့သလို၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ်မှာလည်း ဒီသတင်းဟာ မဟုတ်မှန်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဗိုလ်မှူးကြီးမင်းသန်း - ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နှင့် နယ်စပ်ရေးရာဝန်ကြီး
“သူက တရားဝင် တရားစွဲရမယ်။ လုပ်ထုံးလုပ်နည်းအရ သူက အမှုဖွင့်ရမယ်။ အဲလို အမှုဖွင့်တာမလုပ်ဘဲ သွားပုပ်လေလွင့် ပြောသလို ဖြစ်နေတာလေ။ ဘယ်သူပဲဖြစ်ဖြစ် မုဒိမ်းကျင့်ခံရတယ်ဆိုရင် အကျင့်ခံရ တဲ့သူက ရဲစခန်းမှာ တိုင်ကြားနိုင်တယ်။ တိုင်ကြားရင် ရဲစခန်းမှာ အမှုဖွင့်ပြီးတော့ စစ်ဆေးမယ်။ ဒါမျိုးပဲသွားရမှာလေ။ အခု အဲဒီကိစ္စ စိစစ်လိုက်တော့ အဲဒီနေ့ညက တပ်က အဲဒီမှာအိပ်တာမရှိဘူး”
အဓမ္မကျူးလွန်ခံရတဲ့ အမျိုးသမီးအပါအဝင် သူ့ရဲ့မိသားစုဝင်တွေ၊ နီးစပ်တဲ့ မိတ်ဆွေတွေ၊ ဒေသခံရွာသားတွေ အစရှိတဲ့ လူပေါင်း ၂ဝ လောက်ကို RFA က မေးမြန်းစုံစမ်းခဲ့ပါတယ်။ သူတို့အားလုံးက ဒီဖြစ်ရပ်မှန်ကန် ကြောင်း ပြောခဲ့ကြပါတယ်။ ဒါကြောင့် အခင်းဖြစ်ပြီး သုံးရက်အကြာ ဇူလိုင်လ ၃ ရက်နေ့မှာပဲ ဒီသတင်းကို ထုတ်လွှင့်ဖို့ RFA က ဆုံးဖြတ်ခဲ့ပါတယ်။
RFA က သတင်းထုတ်လွှင့်ခဲ့ပြီးနောက် ဇူလိုင်လ ၁ဝ ရက်မှာ ကာယကံရှင်အမျိုးသမီးဟာ ပြစ်မှုကျူးလွန် ခဲ့တဲ့ တပ်သားသုံးယောက်ကို စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။
“တပ်မတော်ကို တရားစွဲဖို့အတွက် အမအနေနဲ့ ဘယ်လိုမျိုးသတ္တိတွေ မွေးခဲ့ရလဲ။ ဘယ်လိုဆုံးဖြတ်ချက် တွေချခဲ့ရလဲ”
အဓမ္မပြုကျင့်ခံရသည့် ဦးဂါရွာသူ
“အဲဒီတုန်းက ကျမရဲ့ ကံတရားပဲလို့ယူဆပြီး ဖြေသိမ့်နေလိုက်တော့မယ်လို့ ကျမဆုံးဖြတ်ခဲ့ပါတယ်။ အဲလို နေလာရင်း တပ်မတော်က ဒီလိုမျိုး မကျူးလွန်ဘူးလို့ ပြောလာချိန်မှာ ကျမ မခံချင်တဲ့စိတ်တွေ ဖြစ်လာ ပါတယ်။ ကျမဘဝ ကျမဂုဏ်သိက္ခာလည်း ကျဆင်းသွားခဲ့ပြီ။ အမှန်တကယ် ဖြစ်ခဲ့ရဲ့သားနဲ့ မဖြစ်ခဲ့ဘူးလို့ ဘာကြောင့်ပြောရသလဲ ဆိုတာကို ကြားရချိန်မှာ ကျမအနေနဲ့ မခံချင်စိတ်တွေဖြစ်ပြီးတော့ ဒီအမှန်တရား ကို အောင်မြင်အောင် ဖော်ထုတ်သွားမယ်ဆိုပြီး သတ္တိတွေ ရလာခဲ့တာပါ”
အမှုမှန်ပေါ်ပေါက်ဖို့ကြိုးပမ်းရာမှာ သက်ဆိုင်ရာနယ်မြေခံရဲစခန်းဖြစ်တဲ့ ရသေ့တောင်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ရမှာဖြစ်ပေမဲ့ လုံခြုံရေးစိတ်မချရတဲ့အတွက်၊ မသွားရောက်နိုင်တာကြောင့် စစ်တွေမြို့မရဲစခန်းမှာပဲ တိုင်ချက်ဖွင့်ခဲ့ရတာလည်း ဖြစ်ပါတယ်။
အဲဒီကာလတွေတလျှောက် အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးကိုယ်တိုင် ပုန်းအောင်းနေခဲ့ရသလို၊ ဒီအမှုကို တရားစွဲနိုင်ဖို့အတွက် ကူညီပေးခဲ့ကြတဲ့ စစ်တွေမြို့ အရပ်ဘက်အဖွဲ့အစည်းတချို့ဟာလည်း ဘယ်သူ ဘယ်ဝါမှန်း မသိသူတွေရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရပါတယ်။
ဒေါ်ညိုအေး - ရခိုင်အမျိုးသမီးများကွန်ရက်
“ရသေ့တောင်ကိုမဆင်းနဲ့။ ဦးဂါရွာကို မလာနဲ့ ဆိုတာတွေလည်း ပါသေးတယ်ပေါ့နော်။ ခရီးထွက်လို့ ရှိရင်လည်း ခင်ဗျားက ခရီးများတဲ့သူ ခင်ဗျားအသက် ဘယ်နားပါသွားမလဲ ဆိုတာတွေပေါ့နော်။ ခြိမ်းခြောက်မှုတွေကတော့ ဖုန်းနဲ့ဆိုရင် သုံးလေးကြိမ်လောက် ခြိမ်းခြောက်ခံခဲ့ရတယ်။ ဒါပေမဲ့ ဘယ်သူလဲလို့ ကျမတို့ ခြေရာခံလိုက်တဲ့အချိန်မှာ ဖုန်းနံပါတ်တွေက ပိတ်ထားတယ်။ ပြီးလို့ရှိရင် အဲဒီမိသားစုကို ကျမအိမ်ကို ခေါ်လာတာဆိုတော့ နှစ်လလုံးလုံး ကျမတို့အိမ်ရှေ့မှာ ကင်းအစောင့် ထားရတယ်”
ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်သားသုံးယောက်ရဲ့ သုတ်သွေးတွေပေကျံနေတဲ့ ထမီကိုလည်း သက်သေခံပစ္စည်း အဖြစ် သိမ်းဆည်းထားသလို၊ အမှုမှန်ပေါ်ပေါက်ပြီး တရားမျှတမှုရဖို့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံရုံး တချို့ကိုလည်း အမှုမှန်ပေါ်ပေါက်ရေး အကူအညီပေးသူတချို့က အသိပေးခဲ့တာတွေ ရှိပါတယ်။
စက်တင်ဘာ လဆန်းပိုင်းမှာတော့ တပ်ဖွဲ့ဝင်တချို့ကနေ အဓမ္မပြုကျင့်မှုကို ကျူးလွန်ခဲ့ကြောင်း တပ်မတော် က ဝန်ခံလိုက်ပါပြီ။
ဗိုလ်ချုပ်ဇော်မင်းထွန်း - ဥက္ကဋ္ဌ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
“စုံစမ်းစစ်ဆေးရေးခုံရုံး ပထမဆုံးလုပ်ခဲ့တယ်။ စစ်သည်တွေအနေနဲ့ မလုပ်ခဲ့ဘူးလို့ ထွက်ဆိုတယ်။ ခုံရုံးက အစီရင်ခံတဲ့အပေါ်မှာ ထပ်မံစစ်ဆေးဖို့ လိုအပ်တယ်ဆိုတာကို တွေ့ရှိတယ်။ ဒါကြောင့်မို့ ဒီစစ်သည်တွေကို ထပ်စစ်တယ်။ အဲဒီအခါမှာ စစ်သည်တစ်ဦးက ဝန်ခံခဲ့တယ်”
ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က သီးသန့် တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း… ကျူးလွန် ခံရသူ အမျိုးသမီးရဲ့ကိုယ်မှာ တွေ့ရှိတဲ့ အထောက်အထားတွေနဲ့ အခင်းဖြစ်တဲ့နေ့က ဦးဂါရွာကို ရောက်ခဲ့တဲ့ တပ်မတော်သားတချို့ရဲ့ DNA စစ်ဆေးချက်တွေ တူညီနေတယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ပြစ်မှုကျူးလွန်တဲ့ စစ်သားသုံးယောက်ကို အောက်တိုဘာလ ၁၄ ရက်က စပြီး စစ်တွေတပ်နယ်မှာ ချုပ်နှောင် ထားခဲ့တာဖြစ်ပါတယ်။
Phil Robertson - လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)
“မြန်မာစစ်တပ်ရဲ့ ကနဦးတုံ့ပြန်ချက်က အမှုကို ပယ်ဖျက်ဖို့ဆိုတာကို မမေ့သင့်ပါဘူး။ စစ်သား သုံး ယောက်က ဝန်ခံလိုက်လို့သာ အမှုကို စစ်တရားရုံးမှာ အမှုကိုစစ်ခဲ့တာပါ။ ဒါကြောင့်လည်း အခုအမှုက ဒီတပ်သား ၃ ယောက်လို အောက်ခြေအဆင့် တပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ရင် ဝန်မခံကြဖို့ စစ်တပ်က သတင်းစကားပါးရာရောက်နေတယ်လို့ ထင်ပါတယ်”
ပြစ်မှုကျူးလွန်တဲ့ တပ်သား သုံးယောက်ကို ဒီဇင်ဘာလ ၃ ရက်နေ့မှာ စွဲချက်တင်ခဲ့ပြီးနောက် ၈ ရက်အကြာ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာတော့ သုံးယောက်စလုံးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂ဝ စီ အသီးသီးချမှတ် ခဲ့ပါတယ်။
ဒေါ်မြသူဇာ - တရားလိုရှေ့နေ
“အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်တာ ကျမတို့ တွေ့ရတယ်။ ဒါက ဥပဒေပိုင်းအရ ကျမလည်း နစ်နာသူရဲ့ ရှေ့နေတယောက် ဖြစ်နေတဲ့အတွက် ပြောရမယ်ဆိုရင် ဒါက တရားမျှတတယ်လို့ ပြောချင်တယ်။ ကျမရဲ့အမှုသည်ကိုယ်တိုင်ကလည်း ဒီအမှုမှာ ထောင်ဒဏ် နှစ် ၂ဝ ချမှတ်တာကို သူကိုယ်တိုင် က ကျေနပ်တယ်လို့ ပြောတဲ့အတွက် ကျမအနေနဲ့ ပိုပြီးတော့ တရားမျှတတယ်လို့ ပြောချင်ပါတယ်”
ဦးဂါရွာမှာ အဓမ္မပြုကျင့်မှုဖြစ်ခဲ့ပြီးချိန်ကစလို့ တရားရုံးတော်က အမိန့်ချခဲ့တဲ့အချိန်ထိ ဒီအမှုကို RFA က တောက်လျှောက် မျက်ချေမပြတ် စောင့်ကြည့်ပြီး သတင်းရေးသားဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အဓမ္မပြုကျင့်ခံရသည့် ဦးဂါရွာသူ
“အစိုးရတပ်ဘက်က ဒီလိုမျိုးအခင်းဖြစ်စဉ်ဖြစ်တာ မရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့ကြတာပေါ့။ အဲလိုငြင်းပေမဲ့ နောက်ပိုင်းမှာ ဝန်ခံလိုက်ကြတာပေါ့။ ကျမထင်ပါတယ်၊ ဘာကြောင့် သူတို့ဝန်ခံလိုက်ကြသလဲဆိုတာ ပြောရရင် RFA သတင်းဌာနက ကျမရဲ့ဖြစ်စဉ်အသေးစိတ်ကို ထုတ်လွှင့်လိုက်တဲ့အချိန်မှာ လူသိရှင်ကြား ဖြစ်သွားလို့ ဒီအမှု အောင်မြင်လာတယ်လို့ ကျမအနေနဲ့ ယူဆတယ်”
နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံခဲ့ရတဲ့ စစ်သားသုံးယောက်ကို ဒီစစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ ဒီအမှုမှာ တရားမျှတမှုရရှိခဲ့တယ် ဆိုပေမယ့်၊ ဒီအမှုဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း AA နဲ့ တပ်မတော်အကြား စစ်ရေးပဋိပက္ခတွေ ပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲက တစ်ခုသာဖြစ်ပါတယ်။