အိန္ဒိယနယ်စပ်ရောက် မြန်မာဒုက္ခသည်တွေ အခက်အခဲမျိုးစုံကြုံနေရ

စစ်တပ်အာဏာသိမ်းထားတဲ့ အချိန်တစ်နှစ်ကျော်အတွင်း ချင်းပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် တစ်သိန်း နီးပါး ရှိလာပြီး အဲဒီအထဲက လေးသောင်းကျော်ဟာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်နဲ့ ချင်းလူ့အခွင့် အရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
သူတို့ထဲက တချို့က နီးစပ်ရာ ချင်းလူမျိုး ဆွေမျိုးသားချင်းတွေထံမှာ ခိုလှုံ၊ တချို့က အိမ်ငှားနေထိုင်ပြီး တချို့ ကတော့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Mamit ခရိုင်က ဒပ်ချွတ်ခ် (Dapchhuah) ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြ ပါတယ်။ ခိုလှုံတဲ့နေရာ ကွဲပြားပေမယ့် သူတစ်ပါးနိုင်ငံမှာ သူတို့အားလုံး စားဝတ်နေရေး၊ ကျန်းမာရေး၊ ကလေး တွေအတွက် ပညာရေးကိစ္စအပြင် ဘာသာစကားအခက်အခဲနဲ့ပါ ကြုံတွေ့နေရပါတယ်။
Mamit ခရိုင်က ဒပ်ချွတ်ခ်ဒုက္ခသည်စခန်းလေးမှာတော့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ၇၀ ကျော် ရှိပါတယ်။
ဒီဒုက္ခသည်စခန်းမှာ အဖွဲ့အစည်းတချို့က နည်းနည်းပါးပါး ထောက်ပံ့ပေမယ့် မလုံလောက် တာကြောင့် ဘာသာစကား မတတ်တဲ့ကြားက ရရာအလုပ် ထွက်လုပ်ရတယ်လို့ ချင်းပြည် နယ် ပလက်ဝမြို့ နယ်ကနေ ထွက်ပြေးလာတဲ့ ဦးဧလိယ က ပြောပါတယ်။
“စစ်ဘေးရှောင်စခန်းမှာ နေရတဲ့အခက်အခဲကတော့ ကိုယ့်နေရာဒေသလည်း မဟုတ်၊ အသိအကျွမ်းလည်းမရှိ၊ စကားလည်းမသိတဲ့ အခါကျတော့ တော်တော့်ကို ဒုက္ခရောက် တယ်။ ဒီမှာရောက်တဲ့အချိန်မှာလည်း ရွာသားတွေက Camp တွေ၊ ဘာတွေ လုပ်ပေး ထားလို့ ဒီမှာနေရတာ။ အဖွဲ့အစည်းတွေ၊ ဘာတွေက နည်းနည်းပါးပါး ပေးကမ်း ထောက်ပံ့တယ်။ စကားမကျွမ်းတဲ့အတွက်ကြောင့် သူများနောက်လိုက်ပြီးတော့ စကားမကျွမ်းလည်း တစ်ခါတလေ အလုပ်လုပ်ပြီးမှ ဒီလိုနေနေရတယ်”
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာကျေးရွာက ဒေါ်တင်ရီကတော့ သားဖြစ်သူကို PDF လို့စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလာခဲ့တာပါ။
ဒီနေရာကိုရောက်ဖို့ လမ်းမှာ အခက်အခဲမျိုးစုံ ကြုံခဲ့ရသလို ဒီဒုက္ခသည်စခန်းမှာလည်း ကျန်းမာရေးမကောင်းတဲ့အခါ ငွေမရှိလို့ ဆေးမကုနိုင်တဲ့ ဒုက္ခမျိုးကို ကြုံရတယ်လို့ ဒေါ်တင်ရီ က ပြောပါတယ်။
“ကျမတို့ စစ်ဘေးရှောင်၊ ဟိုပုန်းရင်း၊ ရှောင်ရင်းနဲ့ ကျမတို့ပြေးခဲ့ရတယ်။ ကျမရဲ့ အချစ်ဆုံးသား တစ်ယောက်လည်း ဆုံးရှုံးခဲ့ရတယ်။ စစ်အာဏာရှင်ကြောင့် ကျမတို့ မနေရဲလို့ စစ်ဘေးရှောင်စခန်းကို ရောက်ရှိလာတာပါ။ လမ်းမှာလည်း အခက်အခဲ ပေါင်းများစွာနဲ့ ကျော်ဖြတ်လာခဲ့ရတယ်။ ဒီဘက်မှာ ခက်ခဲတယ်ဆိုတာလည်း ကျမတို့ စားဝတ်နေရေး၊ ငွေရေးကြေးရေး၊ စကားမတတ်တဲ့ အခက်အခဲလည်း အများကြီး ကြုံရတယ်။ ကျန်းမာရေးအတွက်လည်း ကျမတို့ ပိုက်ဆံမရှိတဲ့အတွက် အခက်အခဲ ကြုံတွေ့ရတယ်”
စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဦးပေါလ်ထန်း ကတော့ ချင်းပြည်နယ် မတူပီမြို့က ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ အထုတ်ခံရပြီး ထွက်ပြေးလာရသူပါ။
အိန္ဒိယနယ်စပ် ကျေးရွာတွေကို ဆိုင်ကယ်တစ်စီးနဲ့ သုံးရက်ကြာ ဖြတ်သန်းမောင်းနှင်ပြီးမှ ဒီစခန်းကို သူ ခက်ခက်ခဲခဲ လာခဲ့ရတာပါ။
“မြို့ပေါ်မှာဆိုရင် ဖမ်းဝရမ်း ထုတ်ထားတယ်။ ကျနော့်နာမည်လည်း ပါတယ်ဆိုတာနဲ့ ကျနော်က အိမ်မှာ မအိပ်တော့ဘဲနဲ့ တောမှာအိပ်ရတယ်။ တစ်ခါတလေ ရွာထဲမှာ အိပ်ရတယ်။ အဲလို အခက်အခဲတွေရှိတယ်။ မြို့ပေါ်မှာလည်း စစ်တပ်က လုံခြုံရေး အပြည့်ယူထားတဲ့အခါမှာ ကျနော်တို့အနေနဲ့ လှုပ်ရှားသွားလာဖို့ အခက်အခဲရှိတယ်။ အဲ့ဒါကြောင့် အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေးရတယ်။ ဆိုင်ကယ်နဲ့ပဲ အိန္ဒိယ နယ်စပ်ဘက်ကို ပြေးလာတယ်။ ဆိုင်ကယ်နဲ့ ပြေးလာတော့ သုံးရက်လုံးလုံး ဆိုင်ကယ်နဲ့ပဲ တစ်ခါတလေရွာမှာ အကြာကြီးနားရတယ်။ ဟိုမှာလည်း ရှေ့က အခြေအနေလည်း သုံးသပ်ရတယ်။ ပြီးမှ ကျနော်တို့ ထွက်ပြေးလာရတယ်”
"ငွေရေးကြေးရေးကတော့ တကယ်ခက်ခဲပါတယ်။ လုပ်ငန်းတွေဆိုတာလည်း မရှိပါဘူး”
နောက်ထပ်ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဒေါ်စိုးစိုးဝင်း ကတော့ သူတို့အခုနေထိုင်တဲ့ ဒုက္ခသည်စခန်းနဲ့ ကလေးတွေ စာသင်ရတဲ့ အိန္ဒိယကျေးရွာ စာသင်ကျောင်းလေးက လေးဖာလုံလောက် ဝေးတာမို့ ကလေးတွေပညာရေးက ခက်ခဲလွန်းတယ်လို့ ဆိုပါတယ်။
“ရွာနဲ့ ကျမတို့နေတဲ့ Camp နဲ့က သုံးဖာလုံ၊ လေးဖာလုံလောက် ဝေးတယ်။ မိုးရာသီ အချိန်ဆိုတော့ လမ်းတွေက အရမ်းချော်တယ်။ ပြီးတော့ ကလေးတွေအတွက် အရမ်းအခက်အခဲဖြစ်တယ်။ ကျောင်းသွားရင် ကျောင်းစာတွေကို ဆရာမတွေက ကျောင်းစာတွေရှင်းပြရင်လည်း နားမလည်ဘူး။ အိမ်ပြန်ရောက်တော့ မိဘတွေက ကျောင်းသားတွေကို စာပြန်ရှင်းပြဖို့ဆိုလည်း မိဘတွေက ဘာသာစကားနားမလည် တဲ့အတွက် အရမ်းကိုခက်ခဲပါတယ်။ တချို့မိဘတွေဆို အငှားအရမ်းလေး လိုက်ပြီးမှ ကျောင်းသားတွေကို ခဲတံ၊ စာအုပ်တို့ ဝယ်ပေးကြတယ်။ တချို့မိဘတွေဆိုရင်တော့ အရမ်းခက်ခဲတယ်။ မုန့်ဖိုးတွေ ပေးရတယ်။ မတတ်နိုင်တဲ့သူတွေက ကလေးတွေကို အိမ်မှာပဲ ထမင်းဝအောင် ကျွေးပြီး လွှတ်လိုက်တယ်”
အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုကြောင့် ချင်းပြည်နယ် မင်းတပ်မြို့ကနေ ထွက်ပြေးလာတဲ့ ကျောင်းဆရာမ ဒေါ်နိုင်းရောင် ကတော့ အခြေအနေကောင်းရင် ဇာတိရပ်ရွာကို ပြန်ပြီး ကလေးတွေကို စာသင်ပေးချင်တယ်၊ မိဘဆွေမျိုးသား ချင်းတွေနဲ့လည်း ပြန်တွေ့ချင်တယ်လို့ ဆိုပါတယ်။
“ကျမတို့လည်း အိမ်မြန်မြန် ပြန်ချင်ပြီ။ ဆွေမျိုးသားချင်းတွေ၊ မိဘ၊ အဖေ၊ အမေတွေနဲ့လည်း တွေ့ချင်ပြီ။ ကလေးတွေကိုလည်း အမြန်ဆုံး စာပြန်သင်ချင်ပြီ။ ကလေးတွေ ပညာရေးအတွက် တကယ်စိုးရိမ်ပါတယ်။ အခက်အခဲတွေကတော့ အများကြီးပဲ။ ဝန်ထမ်းဖြစ်တယ်ဆိုတော့ ဒီဘက်မှာ ရောက်လာတော့ ဝန်ထမ်းဖြစ်တဲ့ အချိန်မှာ လစာတစ်ခုတည်းပဲ အားကိုးနေရတယ်။ ဒီစီးပွားရေး၊ စိုက်ပျိုးရေးတွေလည်း ဘာမှမရှိဘူး။ မလုပ်တတ်ဘူး။ လစာတစ်ခုတည်းကို အားကိုးနေတဲ့အခါကျတော့ ဒီဘက်ရောက်လာတဲ့ အခါကျတော့ ငွေရေးကြေးရေးကတော့ တကယ်ခက်ခဲပါတယ်။ လုပ်ငန်းတွေဆိုတာလည်း မရှိပါဘူး”
စစ်အာဏာသိမ်းမှုကို တူမီးသေနတ်နဲ့ အစောဆုံး ဆန့်ကျင်ခဲ့တဲ့ ကလေးမြို့နယ်က ကြံသာရွာသူ ဒေါ်ရေဗွေ ကတော့ တော်လှန်ရေးမြန်မြန်အောင်မြင်ဖို့ မျှော်လင့်နေပါတယ်။
သူ့ဇာတိ ကြံသာရွာမှာ မီးရှို့ခံရလို့ နေအိမ်မရှိတော့ဘူးဆိုရင်တောင် ခြံထဲမှာ တဲထိုး နေထိုင်မယ်၊ ဇာတိရွာကိုပဲ ပြန်ချင်တယ်လို့ RFA ကို ပြောပါတယ်။
“မျှော်လင့်ချက်ကတော့ မြန်မာနိုင်ငံကြီး အရေးတော်ပုံမြန်မြန်အောင်စေချင်လှပြီ။ အဲ့ဒါ မျှော်လင့်ချက် ကြီးကြီးမားမား ထားတယ်။ ကိုယ့်ရဲ့ မြန်မာပြည် NUG အစိုးရ အောင် မြင်သွားပြီးနောက်မှာ မြန်မာနိုင်ငံကို ဘာပဲဖြစ်ဖြစ် မြန်မြန်လေးပြန်ပြီးမှ ကိုယ့်ရဲ့ဒေသ၊ ကိုယ့်ရဲ့ နယ်မြေ၊ ကိုယ့်ရဲ့အိမ်ဝန်းထဲမှာ ကိုယ့်ရဲ့အိမ်မရှိလည်း မိုးကာတဲလေးထိုးပြီးမှ စိတ်ချမ်းချမ်းသာသာ၊ အေးအေးချမ်းချမ်းနဲ့ နေချင်လှပါတယ်”
အိန္ဒိယပြည်နယ် မီဇိုရမ်ပြည်နယ်မှာ နေထိုင်တဲ့ မီဇို တိုင်းရင်းသားတွေဟာ ချင်းပြည်နယ် က ဇိုမီး ချင်းတိုင်းရင်းသားတွေနဲ့ လူမျိုးစု တစ်စုတည်း ဖြစ်တာကြောင့် ချင်းပြည်နယ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို မီဇိုရမ်ပြည်နယ်အစိုးရက လက်ခံထားပြီး တတ်နိုင် သလောက် ကူညီထောက်ပံ့ပေးနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါပေမဲ့ လုံလောက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေ အကူအညီရရှိရေး ကိစ္စ၊ နယ်စပ်ဖြတ်ပြီး ထိုင်းနဲ့ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က မေးမြန်းတဲ့အခါတိုင်း စစ်ကောင်စီက အကောင်းဆုံး စီစဥ်လုပ်ဆောင်နေပါတယ်လို့ ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။
လက်တွေ့မှာတော့ နိုင်ငံရေး မတည်ငြိမ်မှု၊ စားဝတ်နေရေးအခက်အခဲနဲ့ ချင်းပြည်နယ် နေရာအနှံ့မှာ ရှိနေတဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေး သွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးဟာ ခက်ခဲနေဆဲဖြစ်ပါတယ်။