မုန်တိုင်ပင်က ကျန်ရစ်သူတို့ပြောစကား

2022.10.18
မုန်တိုင်ပင်က ကျန်ရစ်သူတို့ပြောစကား စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားများအား လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးထားခဲ့သည့် ဘုန်းတော်ကြီးကျောင်းဝင်းထဲမှ သစ်သားကျောင်းဆောင်ကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ရိုက်ကူးထားသည့်ပုံ။
Photo: Citizen Journalist

"မုန်တိုင်ပင်ရွာမှာ နေပါတယ်။ ကျမရဲ့ အမျိုးသားလည်းပါသွားပါတယ်။ ဦးဇော်လွင်။ အသက်ကတော့ ၄၄ နှစ်ရှိပါပြီ"

"ရွာထဲမှာ မိတာက ကျွန်တော်တို့ ၂၉ ဦးထဲမှာက ကျနော့်ရဲ့ ယောက်ဖတစ်ယောက်။ ကျနော့်ရဲ့ တူနှစ်ယောက်၊ သုံးယောက်ပါသွားပါတယ်"

"အကြီးဆုံးက ကျော်ခိုင်တဲ့၊ အလတ်က ကျော်ပိုင်တဲ့ အငယ်ဆုံးလေးက ကျော်သူတဲ့။ အဲဒီကျော်ခိုင် ဆိုတာက သူကဒီဘုန်းကြီးကျောင်းမှာ တွေ့သွားတာတဲ့။ အဖော်တွေက ပြောတာ"

အခုပြောနေကြတဲ့ အမျိုးသားနဲ့အမျိုးသမီးတွေက စစ်ကိုင်းတိုင်း ရေဦးမြို့ရဲ့မြောက်ဘက် ၆ မိုင်အကွာ လောက်မှာရှိတဲ့ မုန်တိုင်ပင်ရွာကပါ။ ပြီးခဲ့တဲ့မေလ ၁၁ ရက်မှာ စစ်ကောင်စီတပ်သားတွေက သတ်လိုက်တဲ့သူတွေထဲ သူတို့ရဲ့သားတွေ၊ ခင်ပွန်းတွေနဲ့ ညီတွေပါသွားတဲ့အကြောင်း ပြောပြနေတာပါ။

အဲဒီမုန်တိုင်ပင်ရွာက ဖြစ်ရပ်ဆိုးကို တင်ပြခဲ့ပြီးတဲ့နောက်တော့ အသတ်ခံလိုက်ရတဲ့သူတွေရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေကို တွေ့ဆုံမေးမြန်းခဲ့တာပါ။

"စစ်တပ်တွေက နောက်က သေနတ်တွေနဲ့ ကျည်ဆန်တွေနဲ့ပစ်တဲ့အခါကျတော့ ပြေးမိပြေးရာ သူကတော့ ဘုန်းကြီးကျောင်းထဲကို ဝင်နေရစ်ပါတယ် လုံခြုံတယ်ဆိုပြီးတော့။ ကျမတို့ကတော့ ရွှေလံဘက်ကို ပြေးပါတယ်။ အဲဒီအချိန်မှာသူကနေရစ်ပြီးတော့ သုံးရက်မြောက်ရောက်ပြီဆိုမှ စစ်တပ်တွေက ဖမ်းတယ်၊ လူတွေကို ဟိုဟာဖမ်းတယ် လူသားဒိုင်းကာခေါ်သွားမယ်ဆိုပြီးတော့ သတင်းတွေကြား လာတယ်။ ကြားလာတဲ့အချိန်မှာ လူသားဒိုင်းကာမဟုတ်ဘဲနဲ့ ၁၁ ရက်နေ့ဝင် ၁၂ ရက်နေ့ ဗမာလို ရောက်ပြီဆိုတော့ မီးရှို့ပြီးတော့ သတ်ပစ်ပါတယ်။ သူတို့ကိုသတ်ပစ်တဲ့အချိန်ပဲ ၁၃ ရက်နေ့မနက်ရောက်မှ သိပါတယ် သူတို့မရှိတော့တဲ့အကြောင်း"

အသတ်ခံရတဲ့ ဦးဇော်လွင်ရဲ့ ဇနီးပြောပြသွားတာပါ။ ညီဖြစ်တဲ့ ဦးစိန်နိုင်နဲ့ တူတွေဖြစ်တဲ့ ဦးဇော်လွင်နဲ့ ဦးဇော်မိုးလှိုင်တို့ပါ ပါသွားတယ်လို့လည်း ဦးလေးဖြစ်သူက ပြောပြပါတယ်။

"အဲဒီထဲမှာ ပါသွားတာကတော့ ကျနော့် ညီတစ်ယောက် ကိုစိန်နိုင်တဲ့။ တူနှစ်ယောက်ကတော့ အကြီးကောင်က ကိုဇော်လွင်တဲ့။ အငယ်ကောင်က ကိုဇော်မိုးလှိုင်တဲ့။ ကျနော့်ရဲ့ ညီက ကိုစိန်နိုင် တဲ့။ သူတို့သုံးယောက် အဖမ်းခံရတာကို သိလိုက်ရပါတယ်။ အဲဒီတော့ အကူအညီတောင်းသော်လည်း ဘယ်မှအကူအညီမတောင်းဝံ့တော့ ကိုယ့်ဟာကိုယ်တောင်မှ လွတ်ရာလွတ်ကြောင်းဆိုပြီးတော့ပြေးရပါတယ်။ ကျနော်တို့ဒီရွာထဲမှာ မီးရှို့ထားတဲ့ အိမ်တွေကို သူတို့ထွက်သွားပြီး သုံးရက်မြောက်မှာရောက်တော့ ကျနော်တို့ရွာထဲကို မီးသတ်ကြပါတယ်။ မီးသတ်တဲ့အခါကျတော့ ပထမဦးဆုံးတော့ အလောင်းရယ်လို့ မသိရဘူး။ နောက်မှ မီးငြှိမ်းရင်း ငြှိမ်းရင်းနဲ့ မသာလောင်း ခြောက်လောင်းတွေ့လိုက်တဲ့ အိမ်တွေ့လိုက်တော့ နောက်အိမ်တွေရောက်တော့လည်း ကျနော်တို့ မီးသတ်ရင်းနဲ့ အိမ်တိုင်းကို ကျနော်တို့ရှာပါတယ်။ တစ်အိမ်မှာက ခြောက်လောင်း။ နောက်တစ်အိမ်မှာက ခြောက်လောင်း။ နောက်တစ်အိမ်မှာက သုံး လောင်း တွေ့ရပါတယ်။ ဟိုးနောက်ဆုံးတွေ့ရတဲ့ စက် ငါးဘုံစက်အိမ်ကတော့ နှစ်လောင်းပဲတွေ့ပါတယ်။ အဲဒီကနေပြီးတော့မှ ကျနော်တို့ အဲဒီနေ့မှာပဲ ညနေပိုင်းရောက်တော့ ကျနော်တို့အရှေ့ဘက် အေမင်ရွာဆိုတာရှိပါတယ်။ အေမင်ရွာမှာက ၁၀ လောင်းသတ်ထားတာ တွေ့လိုက်ပါတယ်။ အဲဒီတော့ရုပ်ကလာပ်ရယ်လို့တော့ ပီပီပြင်ပြင် မရှိတော့ပါဘူး။ လူဦးရေခန့်မှန်းလောက်ပဲရပါတယ်"

၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ‌ရေဦးမြို့နယ် မုန်တိုင်ပင်ရွာကို စစ်ကောင်စီတပ်သားများ ဝင်ရောက်ခဲ့ပြီးနောက် သတ်ဖြတ်မီးရှို့ခံခဲ့ရသည့် ရွာသားတစ်ဦး၏ ရုပ်အလောင်းပုံ။
၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ‌ရေဦးမြို့နယ် မုန်တိုင်ပင်ရွာကို စစ်ကောင်စီတပ်သားများ ဝင်ရောက်ခဲ့ပြီးနောက် သတ်ဖြတ်မီးရှို့ခံခဲ့ရသည့် ရွာသားတစ်ဦး၏ ရုပ်အလောင်းပုံ။

အဲဒီလူတွေထဲမှာ ကိုကျော်ခိုင်၊ ကိုကျော်ပိုင်၊ ကိုကျော်သူဆိုတဲ့ ညီအစ်ကိုသုံးယောက်လုံးပါသွားတဲ့ အကြောင်းကိုလည်း ကျန်ရစ်သူအမေအိုက ပြောပြပါတယ်။

"စာသင်ကျောင်းကို ကျော်ခိုင်ကို လိုက်ပြတဲ့။ အိမ်ကကလေးလေးတစ်ယောက်က ပြေးလာတာမောလို့ သေနတ်သံတွေကြားတော့။ မင်း မောလို့ပါလားဟဲ့ ပြေးလာတာဆိုတော့ မကြာဘူး သေနတ်တွေနဲ့ရောက်လာတာ လူပေါင်း ၅၀ လောက် ရှိတယ်။ ရောက်လာပြီးတော့တစ်ခါ စာသင်ကျောင်းလိုက်ပြတဲ့။ အဘိုးကြီးမထားခဲ့ဘူး ခေါ်သွားမှာတဲ့။ အဘိုးကြီးကကွယ် ကျန်းမာရေးမကောင်းပါဘူးလို့ဆိုလို့ ခေါ်သွားတာ။ နောက်တော့မှ မသွားနိုင်လို့ထားခဲ့တာ။ ရှေ့ကိုတစ်ဖွဲ့တက်သွားပြီးတော့ ၁၅ ယောက်လောက်က ကျုပ်ကိုခါးလယ်ခေါင်မှာထားပြီးတော့ ဝိုင်းနေကြသေးတာ။ အဲဒီတော့ အကြာကြီးပဲ။ သူတို့ကလည်း ဘာမှမမေးဘူး။ ကျုပ်ကလည်း ဘာမှမပြောဘူး။ နောက်ကျတော့ အဘွားကြီးကို နေရာချပေးမှဆိုပြီးတော့ ဦးမြင့်ဆွေရဲ့အဲဒီစာသင်တဲ့ အိပ်တဲ့အခန်းလေးနားကို ဒီနားထိုင်နေဆိုပြီးတော့ ကျော်သူလေးကို ကျောင်းလိုက်ပြဆိုပြီးတော့ ခေါ်သွားတာ"

ဦးဇော်လွင်ဟာ ဖားကန့်က ကျောက်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပြီး မိသားစုကို ရှာဖွေေကျွေးမွေးနေတဲ့သူဖြစ်လို့ အခုလိုအသတ်ခံလိုက်ရတဲ့အခါမှာ မိသားစုအတွက် အားကိုးရာမဲ့သွားရပြီလို့ သူ့ဇနီးက ပြောပါတယ်။

"ကျမအိမ်သားကလည်း ဖားကန့်ကိုသွားပြီး တစ်လ နှစ်သိန်းရပါတယ်။ အလုပ်လုပ်ရပါတယ် သူများကုမ္ပဏီကို။ တစ်လကို တစ်သိန်းတော့ပို့ပါတယ် သူ့လုပ်အားခကျန်တဲ့ဟာလေးကို။ အဲဒါလေးနဲ့ ကျမတို့ သားအမိနှစ်ယောက်ချွေတာပြီး စားကြပါတယ်။ ကျမယောကျ်ားမှာ ကျမယောကျ်ားအပြစ် မရှိဘဲနဲ့ သတ်သွားပါတယ်။ ကျမသားလေး တစ်ယောက်လည်းရှိပါတယ်။ ကိုးနှစ်သားလေးပါ။ အလုပ်လေး အဆင်ပြေမယ်ဆိုလို့ရှိရင်လည်း အလှူလေးဘာလေး ပေးရအောင်လို့လည်း ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့လို့ အခုအချိန်က အဲဒီရည်မှန်းချက်တွေ မျှော်လင့်ချက်တွေက ပျောက်ကွယ်သွားပါပြီ။ သူကလည်းမရှိတဲ့နောက် ရည်မှန်းချက် မျှော်လင့်ချက် ဆိုတာလည်း မရှိတော့ပါဘူး။ အော် စစ်သားတွေလည်း ကိုယ့်မိသားစုတွေလို မပြိုကွဲပါစေနဲ့ ကိုယ့်မိသားစု မိဘ သားသမီးတွေလိုအဖေအမေ မခွဲရ မခွာရပါစေနဲ့လို့ သူတို့ကိုလည်း ဆုတောင်းပါတယ်။ ကိုယ့်မိသားစုလိုမပြိုကွဲပါစေနဲ့ သူတို့သားသမီးတွေလည်း ကိုယ့်လိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းတယ်"

လူသားအချင်းချင်း ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာတွေကို ရပ်တန်းကရပ်ဖို့ စစ်တပ်ကိုပြောချင်တယ်လို့ ဦးစိန်နိုင်ရဲ့အစ်ကိုက ပြောပါတယ်။

" စစ်သားဆိုတာလည်းလူပါပဲ။ ကျနော်တို့ဆိုတာလည်း လူသားတွေပါပဲ။ အဲဒီတော့ လူသားအချင်းချင်း ဒီလိုလက်နက်အားကိုးပြီးတော့ လိုက်ပြီးသတ်နေတာတွေကျတော့ ကျနော်တို့ဒီဟာတွေကို ရပ်တန်းကရပ်စေချင်ပါပြီ။ ဒီလိုအနိဋ္ဌာရုံတွေ ကျနော်တို့ကြားလည်း မကြားချင်ပါဘူး။ မြင်လည်းမမြင်ချင်ပါဘူးခင်ဗျာ"

သားသုံးယောက်ရဲ့မိခင်ကြီးကလည်း သူတို့ဇနီးမောင်နှံ အားကိုးရတဲ့သားတွေ အသတ်ခံလိုက်ရလို့ သူတို့အတွက် အားကိုးရာမဲ့နေပြီလို့ပြောပါတယ်။

"အမေက မနိုင်လို့ လွှတ်လိုက်ရတာ။ တစ်ရက်မှ မမေ့ဘူးလို့။ မနိုင်လို့လွှတ်လိုက်ရတာ မမေ့ဘူး။ အမေ့သား သုံးယောက်ကို ဘာအပြစ်မှမရှိဘဲနဲ့ အသတ်ခံရတာ။ ပြန်ကိုမပြောဝံ့ဘူး သူတို့ကြောက်လို့။ နောက်တစ်ဖွဲ့ကလည်း တက်လာတာ ၇၀၊ ၈၀ လောက်ရှိတယ်။ အထမ်းတွေ အပိုးတွေနဲ့ သေနတ်တွေနဲ့။ ထွက်ခဲ့ ထွက်ခဲ့တဲ့၊ လာလာတဲ့၊ ဒီခုံရှည်ပေါ်ကို ထိုင် ထိုင်တဲ့ ဦးမြင့်ဆွေအိပ်တဲ့အခန်းနားမယ်။ ဝိုင်းထားတယ် ထမင်းကျွေးတဲ့အခန်းထဲ။ ဒီဘက်ကို ထွက်ခဲ့တဲ့ ဒီနားထိုင်ဒီနားထိုင်တဲ့။ ခုနလေး တစ်ဖွဲ့ကတော့ကွယ် လို့ ဒီနားလေးကပ်ထိုင်လို့ နေရာချပေးထားခဲ့တာလို့။ တောင်သူတွေလုပ်တယ်။ သူများအငှားခေါ်ရင်လည်းလိုက်တယ်။ သူတို့လုပ်ကိုင်ကျွေးတာ စားရတာ။ ဒို့ဘဝတွေမယ်ဟေ့လို့ သားသမီးတွေမရှိတော့ ဘာလုပ်စားလို့လုပ်စားရမယ်မှန်းမသိဘူး။ အခုဘဝ တွေ ပျက်နေတာ အဘိုးကြီး အဘွားကြီး။ လူသားတိုင်းလူသားတိုင်း ကျမသားလေးတွေလည်း လူသား ပါ။ လူသားလေးတွေကိုမသတ်ဖို့ရာ ရှေ့ဆက်ပြီးမသတ်ဖို့ရာပြောချင်ပါတယ်။ တော်တို့ စစ်သားလေးတွေ ကလည်း လူသားချင်းကိုယ်ချင်းစာနာကြပါ။ ကျုပ်တို့မှာလည်း တော်တို့သတ်လို့ အဘိုးကြီး အဘွားကြီး ဘဝတွေပျက်နေပါပြီ"

စစ်သားတွေ လူသားချင်းကိုယ်ချင်းစာကြပါလို့လည်း ဦးဇော်လွင်ရဲ့ဇနီးက ပြောပါတယ်။

"ပြည်သူပြည်သားတွေ အပြစ်မရှိတဲ့ ပြည်သူပြည်သားတွေကိုလည်း မသတ်ဖို့ရာ ဒီနေရာကနေ တောင်းပန်ပါတယ်။ စစ်သားတွေကို။ ကျမတို့ရွာသတ်သွားတဲ့ စစ်သားတွေကို လူသားချင်းကိုယ်ချင်းစာပါ။ လူသားချင်းကိုယ်ချင်းစာပြီးတော့လည်း မသတ်ကြပါနဲ့။ အခုက ကျမတို့လို မုဆိုးမတွေဖြစ်သွားကြပါတယ်။ သားသမီးတွေမှာ အဖေမခေါ်ရတဲ့ သားသမီးတွေအများကြီးရှိသွားပါတယ်။ ကျမတို့ရွာကို လာသတ်တဲ့ စစ်သားတွေ လူသားချင်းကိုယ်ချင်းစာပါ"

မုန်တိုင်ပင်ရွာဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဇွန်လထဲမှာ မေးမြန်းခဲ့တုန်းကတော့ “မေးမြန်းစုံစမ်းပြီးမှသာ အကြောင်းပြန်နိုင်မယ်၊ မေးမြန်းလျက်ရှိပါတယ်” လို့ RFA ကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ အခုလေးလလောက်ကြာတဲ့အထိတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။