အဝေးသင် အနီးကပ် နှစ်ကြိမ်တက်ရမယ့်ကိစ္စ ကန့်ကွက်


2019.05.13

 

■ အဝေးသင်ပညာရေးစနစ်သစ်ကို ပြောင်းလဲတဲ့အနေနဲ့ အနီးကပ် သင်တန်း ၁ဝ ရက်ကို နှစ်ကြိမ်ခွဲပြီး တက်ရောက်တဲ့ စနစ်ကို ဆက်ကျင့်သုံးဖို့ တင်ပြချက်ကို ကန့်ကွက်ကြောင်း ဖဲကြိုးနီ ကမ်ပိန်းကို ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဒီနေ့မနက်က ဆောင်ရွက်ခဲ့ပါတယ်။

RFA သတင်းထောက် မခေမဏီဝင်းက တင်ပြထားပါတယ်။

~~~~~~~~~~

အဝေးသင် အနီးကပ် ၁ဝ ရက်ကို နှစ်ကြိမ်ခွဲတက်ဖို့ စီစဉ်တာဟာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကုန်ကျစရိတ်တွေ ပိုများလာမှာဖြစ်တဲ့အပြင် အလုပ်ရှင်က ခွင့်ရက်  နှစ်ကြိမ်မပေးတာတွေ ဖြစ်လာနိုင်တာကြောင့် ကန့်ကွက်နေတာဖြစ်ကြောင်း ဖဲကြိုးနီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေက ပြောပါတယ်။

အဝေးသင်ကျောင်းသားအများစုဟာ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေများပြီး နှစ်ကြိမ်ခွဲ တက်ခိုင်းတာကြောင့် ကုန်ကျစရိတ်ပိုများလာမှာကို ကန့်ကွက်တာဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်က ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်ဇော်က ပြောပါတယ်။

“ငါးရက် ဆိုပြီး နှစ်ခါခွဲခေါ်လို့ ဒီကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ အဝေးသင်ကျောင်းသားတွေ အခက်ခဲဖြစ်လာတယ်။ ခါတိုင်း အနီးကပ် ၁ဝ ရက်တောင် ကျောင်းသားတွေ တစ်လတက်ရတယ်။ ကျုရှင်တတ်ရတယ်။ အဆောင်လခတွေ ဈေးကြီးတယ်။ အခုဆိုရင် အဆောင်လခတွေ နှစ်ခါကုန်မယ်”

ဒီကနေ့မှာဆိုရင် အဝေးသင်ဌာနမှာ လာရောက်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဖဲကြီးနီတွေ ဝေငှခဲ့ပြီး လုပ်ဆောင်ရတဲ့ ကန့်ကွက်ရတဲ့အကြောင်းတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တဲ့ ကမ်းပိန်းမှာ ပါဝင်ခဲ့တဲ့ အဝေးသင် ပထမနှစ် ဥပဒေ ကျောင်းသား ကိုသူရိန်မိုးကလည်း အခုလို ပြောပါတယ်။

“ဒါက အဆင်မပြေဘူး။ ကျနော်တို့က စီးပွားရေး အဆင်မပြေမှုတွေရှိတယ်လေ။ အလုပ်တစ်ဖက်နဲ့ ကျောင်းတတ်ရတဲ့အခါရှိတယ်။ နယ်ကလာရတဲ့သူတွေ ၅ ရက်ထဲလာနေပြီး အဆောင်ဌားနေရမယ်။ ခွင့်ယူဖို့ကလည်း အဆင်မပြေနိုင်ဘူး။ ပုံမှန် ၁ဝ ရက်အတိုင်းပဲ ကောင်းပါတယ်”

ဖဲကြိုးနီလှုပ်ရှားမှုကို တခြားတက္ကသိုလ်တွေကလည်း ပါဝင်လာကြမှာဖြစ်တယ်လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်က ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်ဇော်က ပြောပါတယ်။

“Orientarion (၅) ရက်နဲ့  အနီးကပ် (၅) ရက် ကိုကျောင်းသားထုက သဘောမတူဘူး။ ဒါကြောင့်  ကမ်ပိန်းလုပ်တယ်”

ရတနာပုံတက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂ ဥက္ကဋ္ဌဟာ ပညာသင်နှစ်ကို နှစ်ကြိမ်ခွဲပြီးသင်ကြားဖို့ ကိစ္စကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း ပညာရေးဝန်ကြီးဌာနကို စာပို့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီကိစ္စကို အခြားတက္ကသိုလ်က ကျောင်းသားသမဂ္ဂတွေနဲ့ ဆရာသမဂ္ဂတို့ရဲ့ သဘောထားတွေကို အခုလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပညာရေးဝန်ကြီးဌာနကို အကြောင်းကြားဖို့ ထုတ်ပြန်ထားပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ရတနာပုံတက္ကသိုလ် ဆရာများသမဂ္ဂက ဆရာ ဦးသုတကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး အစည်းအဝေး မလုပ်ရသေးတဲ့အတွက် ဖြေကြားလို့ မရသေးဘူးလို့ ပြောပါတယ်။

ဒီကနေ့ ကန့်ကွက်တဲ့ ဖဲကြိုးနီလှုပ်ရှားမှုကို ရတနာပုံတက္ကသိုလ် ကျောင်းအတွင်းနဲ့ ကျောင်းပြင်ပတို့မှာ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

(ခေမဏီဝင်း)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။