ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အစိုးရက တွေ့ဆုံခြင်းမရှိ


2019.04.09

 

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသောင်းနီးပါးအထိ ရှိလာခဲ့ပြီး တိုက်ပွဲကာလ လေးလအတွင်း ရောက်ရှိခဲ့ပေမယ့် ဒီဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးတွေက တွေ့ဆုံအားပေးတာတွေ မရှိဘူးလို့ ဒုက္ခသည်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။

■ ရခိုင်ပြည်နယ်မှာ အစိုးရရဲ့စာရင်းအချက်အလက်တွေအရ တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး ဧပြီလ ၆ ရက်နေ့အထိ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ IDP ဒုက္ခသည် ၂၇၀၀၀ ကျော်ဟာ နီးစပ်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ရဲ့ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်က စတင်ပြင်းထန်လာခဲ့တာဖြစ်ပြီး နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက် ပိုများလာခဲ့တာဖြစ်ပါတယ်။

အဲဒီဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ပြည်နယ်အစိုးရဝန်ကြီးတွေ ကိုယ်တိုင်သွားရောက်တွေ့ဆုံတာ၊ စိုးရိမ်ထိတ်လန့်နေကြတဲ့ အရပ်သားပြည်သူတွေ စိတ်ပိုင်းဆိုင်ရာ ဖြေသိမ့်နိုင်ရေး နွေးနွေးထွေးထွေးအားပေးစကားပြောကြားတာ စတာတွေ မရှိဘူးလို့ စစ်ဘေးဒုက္ခ သည်တွေကပြောပါတယ်။

"အစိုးရကို ကျွန်မတို့ပြည်သူလူထုအတွက် အားကိုးရတယ်လို့ မမြင်ပါဘူး"

မြောက်ဦးမြို့နယ် ဘုရားကြီးကျေးရွာကနေ ဝက်လှကျေးရွာကိုထွက်ပြေးရောက်ရှိနေတဲ့ ဒေါ်စိုးဝင်းနု က ပြောသွားတာပါ။

ရခိုင်ပြည်နယ်မှာ ဝန်ကြီးချုပ်ဦးညီပု ဦးဆောင်တဲ့ ပြည်နယ်အစိုးရဝန်ကြီးတွေဟာ ၂၀၁၆ ဧပြီလက စတင်ပြီး တာဝန်စတင်ယူချိန်ကပင် ဒေသခံပြည်သူလူထုနဲ့တွေ့ဆုံမှုအားနည်းခဲ့ပါတယ်။

ဒီလိုအားနည်းချက်ကြောင့် အစိုးရအပေါ်မှာဒေသခံတွေရဲ့ယုံကြည်အားကိုးမှု လျော့နည်းလာ ခဲ့တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပြောဆိုတာတွေရှိပါတယ်။

ဧပြီလဆန်းပိုင်းက မြောက်ဦးမြို့နယ် ဝက်လှကျေးရွာကို ထွက်ပြေးရောက်ရှိနေတဲ့ ဒေသခံတွေကို RFA က တွေ့ဆုံမေးမြန်းခဲ့ရာမှာ အစိုးရသစ်တက်လာချိန်ကစပြီး ဒီနေ့အချိန်အထိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုကို အပြင်မှာ တစ်ကြိမ်မှ မမြင်ရသေးဘူးလို့ပြောကြပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဟာ ပြီးခဲ့တဲ့မတ်လနောက်ဆုံးပတ်က သူရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ဂွမြို့နယ်အတွင်းက ကျေးရွာတွေကိုသွားရောက်ခဲ့သလို ဧပြီလဆန်းပိုင်းမှာလည်း တောင်ကုတ်မြို့နယ်အတွင်းကကျေးရွာတွေကို အဓိကသွားရောက်ခဲ့တာတွေ့ရပါတယ်။

အဲဒီဒေသတွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို စစ်ဘေးဒုက္ခသည်တွေလည်းမရှိပါဘူး။

အလားတူ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကလည်း စစ်ဘေးဒုက္ခသည်စခန်းတွေကို လာရောက်တာလုံးဝမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒီလိုအောက်ခြေပြည်သူတွေနဲ့ ကင်းကွာနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအပေါ်မှာ လျစ်လျူရှုထားသလိုဖြစ်နေတယ်လို့ မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်သိန်းလှကပြောပါတယ်။

"ကျွန်တော်တို့ ဒီအနားမှာဆိုရင် ဒုက္ခသည်စခန်း သုံးလေးခုလောက်ရှိတယ်။ အဲဒီ သုံးလေးခုကို မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းကသော်လည်းကောင်း၊ ရခိုင်ပြည်နယ်အစိုးရကသော်လည်းကောင်း ဒုက္ခသည်တွေအပေါ်မှာ အားပေးစကားမျိုးတွေ၊ အခြေအနေဒီလိုဒီလိုရှိနေတယ်ဆိုတာ အကျိုးအကြောင်းနဲ့ဘယ်လိုဖြစ်နေတယ်ဆိုတာကို သူတို့ရှင်းပြတာတွေက ဘာမှမရှိတဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လျစ်လျူရှုထားသလိုဖြစ်နေတာကြောင့် ပိုပြီးတော့အားငယ်တာပေါ့"

ပြည်နယ်ဝန်ကြီးချုပ် နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ လက်ရှိထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဘာကြောင့် သွားရောက်မတွေ့ဆုံတာလဲဆိုတာကို ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က တွေ့ဆုံမေးမြန်းခဲ့ရာမှာ သူက -

"ကျွန်တော်တို့ရဲ့ လုံခြုံရေးစည်းအရလည်းပါတာပေါ့နော်။ ကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင် လုံခြုံရေးဘက်က ဘယ်လောက်တာဝန်ယူပေးနိုင်မလဲ အဲဒီအပိုင်းတွေလည်းပါတာပေါ့။ ကျွန်တော်တို့လည်း အများကြီးအားပေးချင်ပါတယ်။ ပြည်သူတွေနဲ့အများကြီးတွေ့ချင်ပါတယ်။ ဒါပေမယ့်လို့ လုံခြုံရေးအရ ဒီဟာကတော့ ခွင့်မပြုနိုင်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့သွားလို့မရပါဘူး။ ဒါကလည်း ကျွန်တော်တို့မှာရှိတယ်လေ။ ကျွန်တော်တို့လည်း ပြည်သူတွေနဲ့ အများကြီး ထိတွေ့ပြီးတော့ ပြောချင်တယ်၊ ဆိုချင်တယ်၊ အားပေးချင်ပါတယ်။ ဒါပေမဲ့ သွားရေးလာရေး ဘယ်လောက်အထိ အဆင်ပြေချောမွေ့မလဲ။ အဲဒီအပေါ်မှာလည်း မူတည်ပါတယ်"

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့လုံခြုံရေးကို ရဲတပ်ဖွဲ့က အဓိကတာဝန်ယူရတာဖြစ်ပါတယ်။

ဒါကြောင့် စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့အတွက် လုံခြုံရေးအခြေအနေ ဘယ်လိုရှိသလဲ ဆိုတာကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မောင်မောင်စိုးကို RFA က ဆက်လက်မေးမြန်းခဲ့ပါတယ်။

"အဲဒီမှာ ဒေသတွင်းမှာ ဖြစ်စဉ်တွေဖြစ်သွားတာပေါ့နော်။ အဲဒီဖြစ်စဉ်ဖြစ်တဲ့အပေါ်မူတည်ပြီးတော့ လုံခြုံရေးအရပေါ့ဗျာ ထိခိုက်မှုဖြစ်မှာကြောက်လို့ အကာအကွယ်လုပ်ရတာပါ"

မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် အစရှိတဲ့မြို့နယ်တွေက အများစုဖြစ်တဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ သူတို့ရဲ့ကျေးရွာအတွင်းမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးပစ်ခတ်သံတွေ ကြားရတာနဲ့ ကျေးရွာအတွင်း ပစ်ခတ်လာမှာ စိုးရိမ်ပြီး ထွက်ပြေးကြသူတွေဖြစ်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

ပြည်နယ်ဒုက္ခသည်တွေကို အစိုးရ က ထောက်ပံ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒုက္ခသည်အရေအတွက်ဟာ နေ့စဉ်နဲ့အမျှတိုးလာနေတာကြောင့် စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အခြားလိုအပ်ချက်တွေက တိုးပွားလာနေပါတယ်။

ဒုက္ခသည်တွေရဲ့အခြေအနေဟာ အလှူရှင်တွေရဲ့အကူအညီတွေအပေါ်မှာ မူတည်နေတယ်လို့ တင်းထိန်ကန်ကျေးရွာ ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးမောင်ဝင်းတင်က ပြောပါတယ်။

"တခြားသူတွေကထောက်ပံ့မှုရှိရင် အဆင်ပြေလာမှာပါ။ နေရထိုင်ရတာ အဆင်မပြေဘူးဆိုတော့ အခုရက်ပိုင်းအတွင်းမှာတော့ သူတို့က ပြန်ချင်တယ်။ ဒါပေမယ့် သူတို့က ကိုယ့်ရွာအတွက် လုံခြုံမှုရနိုင်ရင်တော့ ပြန်ကြမှာပါ။ မိမိတို့ကျေးရွာမှာ လုံခြုံမှုရနေရင်တော့ ပြန်ကြမှာ၊ အခက်အခဲမဖြစ်လာဘူးဆိုရင်ပေါ့လေ။ နောက်ပိုင်းမှာတော့ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး"

စစ်ဘေးဒုက္ခသည်အပေါ်မှာ အကူအညီပေးနေတာနဲ့ပတ်သက်လို့ မြောက်ဦးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်က အခုလိုပြောပါတယ်။

"ကျွန်မတို့က ဆက်ပြီးတော့ထောက်ပံ့နေပါတယ်ရှင့်။ ထပ်တိုးလာတဲ့ လူဦးရေနဲ့ပတ်သက်လို့ စခန်းတွေမှာ၊ ယာယီခိုလှုံရာနေရာတွေမှာ ထပ်တိုးလာတဲ့လူဦးရေတွေ၊ အိမ်ထောင်စုတွေကို စာရင်းရတာနဲ့ ကျွန်မတို့ ချက်ချင်းသွားပြီးတော့မှ ထောက်ပံ့နေပါတယ်ရှင့်"

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီးတော့ နေရပ်စွန့်ခွာထွက်ပြေးသူ ၃၁၀၀၀ ကျော်အထိရှိခဲ့ပြီး သူတို့အတွက် ဆန်နဲ့အဝတ်အထည်တွေကို ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ရဲ့ နှစ်ဘက်တိုက်ပွဲတွေက ဒီနေ့အထိ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၄ရက်နေ့ကနေ မတ်လ ၂၈ရက်နေ့အထိ စာရင်းတွေအရ တိုက်ပွဲတွေအတွင်း AA အဖွဲ့ဝင် သေဆုံးသူ ၅၈ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၇ဦး၊ အရပ်သား ၁၂ ဦး ရှိတယ်လို့ မတ်လ ၂၉ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။