နွေဦးစာသင်ကျောင်းကြောင့် မျှော်လင့်ချက်တွေလင်းလက်လာ

2022.06.05
နွေဦးစာသင်ကျောင်းကြောင့် မျှော်လင့်ချက်တွေလင်းလက်လာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က နွေဦးစာသင်ကျောင်းတစ်ကျောင်းမှာ ပညာသင်ကြားနေသည့် ကလေးငယ်တွေကို တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့်ရော စစ်တပ်အာဏာသိမ်းလိုက်တာ ကြောင့်ပါ ကျောင်းတွေ ပိတ်လိုက်ရတဲ့အတွက် နိုင်ငံတစ်ဝန်း ကျောင်းမတက်နိုင်တဲ့ ကလေး အရေအတွက် နှစ်ဆတိုးသွားပြီး ကလေး ၇.၈ သန်းလောက် ကျောင်းပြင်ပ ရောက်ခဲ့တယ်လို့ Save the Children အဖွဲ့က ဇွန်လ ၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စာသင်ကျောင်းတွေ၊ ဆရာတွေနဲ့ ကျောင်းသားတွေ တိုက်ခိုက်ခံရတာ၊ ကျောင်းတွေ မီးရှို့ခံရတာ၊ ဆရာ၊ ဆရာမတွေ စစ်အာဏာသိမ်းမှုကိုဖီဆန်ပြီး အနုနည်းနဲ့ အာဏာ ဖီဆန်တဲ့ CDM လုပ်ခဲ့တာတွေကြောင့် ကျောင်းသားတွေ ပညာရေးနဲ့ အလှမ်းဝေးခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မေလကနေ အခုနှစ် ဧပြီလအထိ ကာလအတွင်းမှာ စာသင်ကျောင်းတွေမှာ တိုက်ခိုက်မှုအကြိမ် ၂၆၀ ရှိခဲ့ပြီး၊ အခုနှစ် မတ်လနဲ့ မေလအတွင်းမှာတင် စာသင်ကျောင်း တွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက သိမ်းပိုက်ပြီး ဝင်ရောက်တပ်စွဲမှု ၁၀ ကြိမ်ရှိခဲ့ကြောင်း Save the Children ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒီလိုအခက်အခဲ အန္တရာယ်တွေကြားမှာပဲ စစ်ကောင်စီနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတချို့မှာ စစ်ဘေးဒုက္ခသည်ကလေးငယ်တွေအတွက် ကြားကာလ စာသင်ကျောင်း တွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ အဲဒီအထဲမှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းလေးတစ်ကျောင်း လည်း ပါဝင်ပါတယ်။

ကလေးတွေ ကျောင်းနဲ့ဝေးနေတာ နှစ်နှစ်ရှိပြီမို့ အခုလိုကျောင်းလေးပြန်ဖွင့်နိုင်တာကို ကျောင်းသားမိဘတစ်ဦးက ဝမ်းသာနေပါတယ်။

"ကျမအနေနဲ့ ကလေးတွေ စာပြန်သင်ရတာ အရမ်းဝမ်းသာမိတယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်နှစ်အတွင်း သူတို့က စာနဲ့အရမ်းကင်းကွာနေတော့ သူတို့တွေက စိတ်တွေလေလွင့်၊ အများအားဖြင့်ပေါ့နော် ကလေးတွေက ဖုန်းကိုင်တာ များတယ်။ အဲဒါကြောင့် ပျက်စီး သွားမှာလည်း ကြောက်ရတယ်။ ကျောင်းဥက္ကဋ္ဌတွေ၊ ရပ်ရွာလူကြီး မိဘတွေ ဆွေးနွေး တိုင်ပင်ပြီးတော့မှ ကျောင်းကိုပြန်ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်"

မိဘတွေပျော်သလို ကျောင်းသား၊ ကျောင်းသူတွေကလည်း စာပြန်သင်ရဖို့ စိတ်အား ထက်သန်ကြပါတယ်။ ဒါပေမဲ့ စိုးရိမ်စိတ်တွေလည်း ရှိနေတယ်လို့ ရှစ်တန်းကျောင်းသူ နော်ပုလဲ က ပြောပါတယ်။

"နှစ်နှစ်အတွင်း ပညာရေးနဲ့ဝေးသွားတာကြာပြီ။ ဘာလုပ်ရ ဘာကိုင်ရမှန်းလည်း မသိဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကတော့ ယာပဲလုပ်ရတယ်။ ရိုးရိုး တောင်သူလယ်သမား တစ်ယောက်အနေနဲ့ အလုပ်လုပ်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် စဉ်းစားမိတယ်။ ငါ ဒီလိုပဲ ဆက်ဖြစ်နေမှာလား၊ ငါ ပညာတတ်ဖြစ်နိုင်မှာလား၊ ငါပညာတွေ မသိရတော့ဘူးလားလို့ စဉ်းစားမိတယ်။ ကျောင်းတက်ချင်မိတယ်။ ခုချိန်မှာတက်ရပြန်တော့လည်း ကြောက်မိ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းတက်နေချိန်မှာ လက်နက်ကြီးတွေ ကိုယ့်ဆီ ကျလာမလားဆိုပြီး စိုးရိမ်မိတယ်။ ထောက်ပံ့မှုတွေ မရမှာ၊ ဆရာ၊ ဆရာမ အဆင်မပြေ မှာကိုလည်း ကြောက်မိတယ်။ ကိုယ့်ကို သင်ပေးမယ့်ဆရာ မရှိမှာကို ကြောက်တယ်"

ဆဋ္ဌမတန်းကျောင်းသူ မစန္ဒာ ကလည်း ကျောင်းပြန်တက်ရလို့ပျော်ပေမယ့် ကောင်းကောင်းမွန်မွန် စာဆက်မသင်နိုင်မှာကို ကြောက်နေပါတယ်။

"ဒီနှစ်ကျောင်းပြန်တက်လိုက်ရတော့ ပျော်တယ်။ အရင်တစ်နှစ်က ကျောင်းမတက်ရတော့ ဝမ်းနည်းတယ်။ ဒီနေ့ ကျောင်းတက်တော့ နေ့တစ်ဝက်ပဲ တက်လိုက်ရတော့ နည်းနည်းတော့ ကြောက်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အရင်က တတ်ထားတဲ့ ပညာတွေကို ပြန်မှတ်မိမလား၊ မမှတ်မိဘူးလားဆိုတာ စိုးရိမ်မိတယ်။ အခုအချိန်မှာလည်း နိုင်ငံရေးက မကောင်းတဲ့အတွက်ကြောင့် ကိုယ်စာသင်တဲ့အချိန်မှာလည်း ကောင်းကောင်းမွန်မွန်နဲ့ သင်နိုင်ပါ့မလား စိုးရိမ်မိတယ်"

child-demoso.jpg
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က နွေဦးစာသင်ကျောင်းမှာ ပညာသင်ကြားနေသည့် ကလေးငယ်တစ်ဦးကို တွေ့ရစဉ်

ဒီစာသင်ကျောင်းလေးမှာတော့ ကျောင်းသား ၄၀၀ နီးပါးရှိပြီး ဆရာ နှစ်ယောက်နဲ့ ဆရာမ ၁၀ ယောက်ရှိပါတယ်။ အများစုဟာ စစ်အုပ်ချုပ်မှုကိုဖီဆန်ပြီး CDM လုပ်ခဲ့တဲ့ဆရာတွေ ဖြစ်ပြီး အရပ်သား လေး၊ ငါးယောက်ကလည်း ဆရာအဖြစ် ကူညီသင်ကြားပေးနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ဆက်တက်ဖို့ စောင့်နေတဲ့ စစ်ဘေးရှောင်နေရသူ နော်ဂရိလည်း ပါဝင်ပါတယ်။

"ကျောင်းမတက်ရတဲ့အခါ အချိန်တွေလည်း နစ်နာတယ်။ အသက်တွေလည်း တစ်နေ့ပြီး တစ်နေ့ ကြီးလာတော့ ပညာရေးမှာနှောင့်နှေးတာတွေလည်း ကြုံရပါတယ်။ ခုတော့ ကျမတို့ စစ်ဘေးရှောင်နေတဲ့ ရွာကလေးမှာ ကလေးတွေကို စာသင်ကြားတဲ့နေရာမှာ ကိုယ့်ရဲ့အစွမ်းလေးနဲ့ပါဝင် ကူညီနေပါတယ်"

ဒီကျောင်းတွေဟာ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့တွေ၊ ရပ်မိ၊ ရပ်ဖတွေက ဦးစီးဖွင့်လှစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့သင်ရိုးအတိုင်းသင်ကြားနေတဲ့ နွေဦးစာသင်ကျောင်း တွေ ဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထကျောင်းတွေမို့ ရှိနေတဲ့ အခက်အခဲတွေ အကြောင်းကို မိခင်တစ်ဦးက ပြောပြပါတယ်။

"ကျောင်းဆက်ဖွင့်ဖို့ အခက်အခဲတွေတော့ အများကြီးရှိတယ်။ ဖတ်စာအုပ်တွေ၊ ဗလာစာအုပ်တွေလည်း အခက်အခဲ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေးဆိုလည်း အခက်အခဲဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေက တခြားရွာတွေကနေ လာသင်ရတာ။ အခုကလည်း ဆီဈေးကလည်း တက်တယ်။ သူတို့ခမျာ ဆိုင်ကယ်နဲ့လာရတော့ အဆင်မပြေဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် ရပ်ရွာကပဲ ဖွင့်တဲ့အတွက် သူတို့ကို လစာအနေ နဲ့ ပံ့ပိုးပေးတဲ့နေရာမှာ အင်မတန်မှ အားနည်းတဲ့အတွက် ဆရာ၊ ဆရာမတွေအတွက် လည်း အခက်အခဲရှိတယ်"

Save the children က ကြေညာချက်ထုတ်တဲ့နေ့မှာပဲ စစ်ကောင်စီကလည်း အစိုးရ ကျောင်းတွေကို ပြန်ဖွင့်လိုက်ပါတယ်။

ပုံမှန်ပညာရေးစနစ်အောက်က ပြန်ဖွင့်တဲ့ကျောင်းတွေမှာ တစ်တန်းအောင်ရင် နောက်တစ်တန်း တက်ဖို့ အဆင်ပြေပေမယ့် နွေဦးစာသင်ကျောင်းတွေအတွက်တော့ ကျောင်းသားတွေ အတန်းတက်ဖို့ဟာလည်း အခက်အခဲတစ်ခုလို ဖြစ်နေပါတယ်။

"အသက်အရွယ်အလိုက် ရှိသင့်တဲ့အတန်းတွေကို ဒီကလေးတွေရရှိအောင် လုပ်ပေးမှာဖြစ်ပါတယ်"

NUG အစိုးရရဲ့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကတော့ စစ်ကောင်စီ လက်အောက် ကျောင်းမတက်လိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ပညာရေး နောက်မကျစေဖို့ အစီအစဉ်တွေ ရှိတယ်လို့ ပြောပါတယ်။

"အသက်အရွယ်ကြောင့် အတန်းနောက်ကျသွားမှာကို မစိုးရိမ်ဖို့ မိဘတွေကို ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုသွားမယ့် ပညာရေးစနစ်က ကလေးတွေ တော်လှန်ရေးအပြီးမှာ ၁၀ နှစ်က ဘယ်အတန်း ရောက်ရမယ်ဆိုပြီး ရောက်ရမယ့် အတန်းကို ရောက်အောင်တင်ပေးပြီး ၁၂ နှစ်၊ ၁၃ နှစ်က ခုနစ်တန်း၊ ရှစ်တန်း စသဖြင့်ပေါ့။ ဒါပေမဲ့ အဲဒီကာလ ရောက်လာရင် ကလေးတွေကို နည်းနည်းပြင်ဆင် ပေးပြီးမှ အသက်အရွယ်အလိုက် အတန်းရရှိရမယ့် စနစ်ဖြစ်မှာပေါ့နော်။ အရင်ခေတ် တုန်းကလို စာမေးပွဲ မအောင်လို့ မတက်ရဘူး။ အသက် အရွယ်အလိုက် ရှိသင့်တဲ့ အတန်းတွေကို ဒီကလေးတွေ ရရှိအောင် လုပ်ပေးမှာ ဖြစ်ပါတယ်"

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီကို တော်လှန်ခုခံမှုအားကောင်းတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ အဆက်မပြတ်ရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီး ခဲ့တာကြောင့် ရွာပေါင်းများစွာ၊ စာသင်ကျောင်း ပေါင်းများစွာ ပျက်စီးပြာကျခဲ့ပြီး ကလေးတွေရဲ့ အနာဂတ်အိပ်မက်တွေလည်း ပျက်စီးခဲ့ပါတယ်။ အခုလို နွေဦး စာသင်ကျောင်းတွေ ပြန်ပေါ်ထွက်လာတဲ့အခါမှာတော့ သူတို့ရဲ့ မျှော်လင့်ချက်တွေလည်း ပြန်လည် လင်းလက်လာကြပါပြီ။

"ရည်မှန်းချက်ကတော့ ဆရာမတစ်ဦး ဖြစ်ချင်တယ်။ သမီးကတော့ စာသင်ချင်တယ်။ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက် ကို မဖြစ်ဖြစ်အောင်ကြိုးစားချင်တယ်။ ကိုယ်တတ်ထားတဲ့ အတတ်ပညာကို သူများကို ပြန်လည် ဝေငှပေးချင်တယ်"

"ကိုယ့်ရဲ့ရည်မှန်းချက်က ကျောင်းဆရာမဖြစ်ချင်တယ်။ ကလေးတွေကို ပြန်သင်ပေး ရတာ ဝါသနာလည်း ပါတယ်။ ကျောင်းဆရာမဖြစ်ချင်တယ်။ ဖြစ်အောင်လည်း ကြိုးစားနေပါတယ်"

"ဘွဲ့ရပြီးရင်တော့ ဆရာဝန်တစ်ယောက်ဖြစ်ချင်တယ်။ ငယ်ငယ်ထဲက အိပ်မက်ပေါ့နော်။ ဆရာဝန်တစ်ယောက် ဖြစ်လာပြီး လူနာတွေကိုပြုစုရမှာ ခဏခဏ အိပ်မက်မက် ဖူးတယ်။ ပညာတတ်ကြီးတစ်ယောက်ဖြစ်ချင်တယ်။ ဒါမှ လူ့ဘဝမှာ ကောင်းကောင်းမွန်မွန်နဲ့ အသက်ရှင်ရမှာ"

နွေဦးစာသင်ကျောင်းလေးတွေနဲ့အတူ အခုလို ကလေးတွေရဲ့ ပညာရေးရည်မှန်းချက်တွေ ပြန်လည်လင်းလက်လာတာကပဲ ကျောင်းတွေကို အခက်အခဲများစွာကြားက ပြန်လည် ဖွင့်လှစ်ရခြင်းအတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်နေပါတော့တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။