အခက်အခဲတွေကြား ရုန်းကန်နေရတဲ့ တအာင်း ပလောင် ပညာရေး

2022.07.15
အခက်အခဲတွေကြား ရုန်းကန်နေရတဲ့ တအာင်း ပလောင် ပညာရေး ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ တအာင်းပညာရေးကော်မတီ TNEC စာသင်ကျောင်းမှာ တက်ရောက်နေကြသည့် ကျောင်းသားများကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ တွေ့ရစဉ်
Photo: RFA

ကိုဗစ်ရောဂါနဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် နှစ်နှစ်ကျော် ကျောင်းမဖွင့်နိုင်ခဲ့တဲ့ နမ္မတူမြို့နယ် ရေအိုးရွာမှာ တအာင်းပညာရေးကော်မတီ (TNEC) လက်အောက်ခံ စာသင်ကျောင်းတစ်ကျောင်းကို ပြီးခဲ့တဲ့ ဇွန်လထဲ မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီရွာလေးမှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲတွေကြောင့် ကျေးရွာစာသင်ကျောင်း ပျက်စီးသွားတဲ့အတွက် ကျောင်းသူ၊ ကျောင်းသား ၄၀ ကျော် ဟာ ဘုန်းကြီးကျောင်းဇရပ်မှာ ယာယီ စာသင်ကြား နေရပါတယ်။

စနစ်တကျ တည်ဆောက်ထားတဲ့ စာသင်ကျောင်းမဟုတ်ဘဲ ဇရပ်တစ်ခုမှာ ဖြစ်သလို သင်ကြားရတာကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ဆရာမ လွေးချိုငယ် က ပြောပါတယ်။

ကျမတို့ ဒီဇရပ်မှာ သင်ရတာ အခက်အခဲပေါင်းစုံပေါ့နော့်။ ရေ အဆင်မပြေဘူး၊ ကျောင်းသုံးပစ္စည်း တွေလည်း အဆင်မပြေဘူးပေါ့နော့်။ ဘာလို့ဆို ကျောင်းသုံးပစ္စည်း ကိရိယာတွေက ဟိုဘက်ကျောင်းမှာ၊ ဒီဘက်မှာက အခက်အခဲရှိတယ်။ ပြီးရင် ဒီမှာ က ကျမတို့ ဗုဒ္ဓဘာသာဆိုတော့ ဝါတွင်းသုံးလဆိုရင် ဒီဘက်က သက်ကြီးရွယ်အိုတွေက ဥပုသ်စောင့်တယ်၊ တရားနာတယ်။ အဲဒါ စာသင်နေတော့ အဘိုးအဘွားတွေအတွက် လည်း အနှောင့်အယှက်ဖြစ်တယ်၊ ဒီမှာစာသင်ရတာ။ ဟိုဘက်ကျောင်းမှာ သင်ပြန် တော့လည်း ၂၀၂၁ ခုနှစ် က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်။ ကျောင်းက အလွန် ပျက်စီးသွားတာပေါ့နော်။ အဲဒါကျမတို့ ဟိုကျောင်းမှာ မသင်ရဘဲ ဒီဇရပ်မှာ လာသင် တယ်။ ကျမတို့ ရွာအနေနဲ့ ပြင်မယ်ဆိုလည်း ကျောင်းက အများကြီးပျက်စီးတယ်။ ကျမတို့ ရွာအနေနဲ့ မပြင်နိုင်ဘူးပေါ့နော်။ အဲဒါကြောင့် ဒီဇရပ်ဘက်မှာ စာလာသင် ရတယ်

တအာင်းပညာရေးကော်မတီအတွက်ကတော့ သင်ပေးမယ့် ဆရာ၊ ဆရာမ ရှိရင်တောင် ကလေးတွေအတွက် စာသင်ရမယ့်နေရာနဲ့ ကျောင်းအဆောက်အအုံမရှိတာက စိန်ခေါ်မှု တစ်ခု ဖြစ်နေပါတယ်။

TNEC ဟာ ကိုယ်ပိုင်စာသင်ကျောင်းတွေ မဆောက်နိုင်သေးတာကြောင့် ကျေးရွာတချို့ မှာ  အစိုးရစာသင်ကျောင်း တွေကိုပဲ အသုံးပြုနေရပါတယ်။ ဆရာ၊ ဆရာမ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက်ကတော့ ဒေသအတွင်းက  လူငယ်တွေကို ၄၅ ရက်ကြာ ဆရာဖြစ် သင်တန်းပေးပြီး TNEC က မွေးထုတ်ထားပါတယ်။

သင်တန်းဆင်းကာစ ဆရာ၊ ဆရာမ အသစ်တွေကို အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေနဲ့ အတူ လက်တွဲပြီး ကလေးတွေကို သင်ကြားပေးနေတယ်လို့ ကျောက်မဲမြို့နယ် ကြူရှောရွာ က TNEC ကျောင်းအုပ် ဆရာ မိုင်းရဲမြင့်ဦး က ရှင်းပြပါတယ်။

ပေးတဲ့သင်တန်းက ကျနော်တို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်လို G2 သင်တန်း၊ G3 သင် တန်း၊ G4 G5 အဲ့လို သင်တန်းတွေမျိုးတော့ မဟုတ်ဘူးပေါ့နော်။ အဲ့တော့ စာသင်ရတဲ့ အပိုင်းမှာ တချို့ဆရာ၊ ဆရာမတွေအနေနဲ့ နားမလည်နိုင်တဲ့ အပိုင်းတွေရှိတယ်။  ဒါပေ မဲ့ ကျနော်တို့က သင်တန်းတက်ဖူးပြီးသား ဆရာတွေဖြစ်တော့ နားမလည်တာ ရှိရင် တိုင်ပင်တယ်။ ကျနော်တို့ သင်ပြပေးတယ်။ အဲ့အပေါ်မှာ နမူနာအနေနဲ့ သူတို့ပြန်ပြီး လိုက်ရတဲ့ အပိုင်းတွေ ရှိတယ်။ အလယ်တန်းမှာတော့ နည်းနည်းအခက် အခဲရှိတယ်။  တချို့ အင်္ဂလိပ် စာလုံးတွေက မြင့်လာတာကိုး။ သင်ကြားတာ နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ဆရာတွေအနေနဲ့ သင်ရတာလည်း လွယ်ကူတယ်။ ကလေးတွေအတွက် သင်ယူရတာလည်း ပိုအဆင်ပြေတယ်။ စာလုံးပေါင်းလေး မြင့်လာတာတစ်ခုပဲ

တအာင်းပညာရေးကော်မတီ (TNEC) ကို အခုနှစ်ဆန်းပိုင်းမှာ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ (TSYU)၊ တအာင်းအမျိုးသမီးအဖွဲ့ (TWO)၊  တအာင်းဥပဒေအထောက် အကူပြုအဖွဲ့ (TLA)၊ တအာင်းသံဃာတော်များအဖွဲ့ ဗဟို (TSA)  စတဲ့ အဖွဲ့အစည်းတွေ ရဲ့ အကြံပြုချက်နဲ့ စတင်တည်ထောင်ခဲ့တာပါ။

 တအာင်းပညာရေးကော်မတီ (TNEC) ရဲ့ ကိုယ်ပိုင်ပညာရေးစနစ်အောက်က ကျောင်းတွေ မှာ ကျောင်းသား ဗဟိုပြု စနစ်ကို အခြေခံထားပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာ၊ သိပ္ပံနဲ့ တိုင်းရင်းသားစာပေတွေကို သင်ကြားပေးနေပါတယ်။

"ရေအဆင်မပြေဘူး၊ ကျောင်းသုံးပစ္စည်းတွေလည်း အဆင်မပြေဘူး"

 အခု ဇူလိုင်လအထိ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မန်တုံ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း စတဲ့ မြို့နယ်တွေမှာ စာသင်ကျောင်းပေါင်း ၄၂၀ ကျော် ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသား နှစ်သောင်းခွဲလောက်အထိ ပညာသင်ကြားပေးနေပါတယ်။ ဆရာ၊ ဆရာမ စုစုပေါင်းကတော့ တစ်ထောင်ဝန်းကျင် လောက်သာ ရှိပါတယ်။ အလယ်တန်းနဲ့ အထက်တန်းအဆင့်ကို သင်ကြားနိုင်ဖို့အတွက်က တော့ အတွေ့အကြုံရင့်တဲ့ CDM ဆရာ၊ ဆရာမတွေကို ဖိတ်ခေါ်ပြီး ဖြည့်ဆည်းထားတယ် လို့ TNEC  တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရကျောင်းမှာ ဆွဲခန့်ဆရာမအဖြစ် ၂၅ နှစ် လုပ်ကိုင်ခဲ့ပြီး CDM ဘ၀နဲ့ TNEC  ကျောင်း မှာ သင်ကြားနေတဲ့ ဆရာမ မယ်ဝဏ္ဏ ကတော့ TNEC ကျောင်းမှာ ကလေးတွေအတွက် ဖတ်စာအုပ် မလုံလောက်သလို ဆရာလမ်းညွှန် မရှိတဲ့အတွက် အခက်အခဲ အနည်းငယ်ရှိ တယ်လို့ ဆိုပါတယ်။

ဖတ်စာအုပ်တွေက မလုံလောက်တာရယ်၊ ဆရာလမ်းညွှန်က မရှိတော့ နည်းနည်း တော့ အခက်အခဲရှိတာပေါ့။ ဒီ TNEC မှာကျတော့ လေးဘာသာအပြင် ကိုယ်ရဲ့ မိရိုးဖလာစာအပါ ငါးဘာသာကိုပဲ သင်ရတာဆိုတော့ ကလေး တွေ အတွက်တော့ သိပ်မပင်ပန်းဘူးလို့ ထင်ရတာပေါ့။ စာကလည်းမများ၊ အချိန်ကလည်းပိုရတော့ ကလေး တွေကော ဆရာ၊ ဆရာမတွေပါ သက်သာတာပေါ့

ကျောက်မဲမြို့နယ်ရှိ တအာင်းပညာရေးကော်မတီ TNEC ကျောင်းမှာ စာသင်နေသည့် ကျောင်းသားများကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ တွေ့ရစဉ်
ကျောက်မဲမြို့နယ်ရှိ တအာင်းပညာရေးကော်မတီ TNEC ကျောင်းမှာ စာသင်နေသည့် ကျောင်းသားများကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ တွေ့ရစဉ်

TNEC ပညာရေးမှာ နောက်ထပ် စိန်ခေါ်မှုတစ်ခုကတော့ ဆရာ၊ ဆရာမတွေကို  လစာ ထောက်ပံ့နိုင်ရေးပဲဖြစ်ပါတယ်။ ကျောင်းသားဦးရေအပေါ် မူတည်ပြီး ရပ်ရွာကနေ ငွေကြေး ကောက်ခံ ပြီး ထောက်ပံ့ရတာကြောင့် ရေရှည်မှာ ခက်ခဲနိုင်တယ်လို့ နမ္မတူမြို့နယ်၊ မန်ဆာ ကျေးရွာက TNEC  ပညာရေးကော်မတီဝင် မိုင်းအိုက်ရီ က ရှင်းပြပါတယ်။

ကျောင်းဖွင့်ဖြစ်တာတော့ တကယ်လည်း ဝမ်းသာတယ်။ ဂုဏ်ယူစရာတစ်ခု ဖြစ်တာ ပေါ့နော်။ တစ်ဖက်က ဝမ်းသာသလို ဝမ်းနည်းစရာလည်း နည်းနည်းတော့ ရှိတာပေါ့။ သူတို့ TNEC အားနည်းချက် ရှိတယ်။ အခုမှ ထူထောင်တာဆိုတော့ ရပ်မိရပ်ဖအနေနဲ့ ငွေကြေး နည်းနည်းပါးပါး ထောက်ပံ့ပေးတာပေါ့နော်။ သူတို့အကူအညီတောင်း လာတော့ တချို့အိမ်တွေ အခက်အခဲရှိတာပေါ့။ အခုက ကျောင်းသားဦးရေပေါ်  မူတည်ပြီး တစ်ယောက်ကို ငါးထောင်ကျပ်နှုန်း ကောက်သွားတာ၊ တချို့အိမ်တွေက ကလေးမရှိဘဲ ငါးထောင်ပေးတော့ နည်းနည်းအသံထွက်လာတာ ပေါ့နော်။ ဆရာ၊ ဆရာမ လစာနဲ့ ကျောင်းပစ္စည်း လိုအပ်တာတွေ ထည့်ရတာမျိုးမှာ နည်းနည်းပါးပါး သုံးရတာ ရှိတယ်လေ

TNEC ဒုဥက္ကဋ္ဌ ဒီဒီပိုးကျိမ် ကတော့ လက်ရှိကာလဟာ ပညာရေးအတွက် တည်ဆောက်ဆဲ အချိန် ဖြစ်တာကြောင့် လိုအပ်ချက်က နေရာတိုင်းမှာ ရှိနေတယ်လို့ ပြောပါတယ်။

အထူးသဖြင့် သင်ရိုးညွှန်းတမ်းစာအုပ်တွေကို ကျောင်းသားတိုင်း မရရှိတာတောင်မှ ဆရာလမ်းညွှန်စာအုပ်တွေ ကျောင်းတိုင်းက ဆရာ၊ ဆရာမတိုင်း ရရှိဖို့ ကျမ တို့ ဆောင်ရွက်နေပါတယ်။ ကျောင်းသားကိုင်တဲ့ စာအုပ်တွေလည်း အခု လောလော ဆယ် ကျောင်းတိုင်း လုံလုံလောက်လောက် ရရှိနိုင်တဲ့ အခြေအနေတော့ မရှိသေးဘူး။ ကျမတို့ ပညာရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ချိတ်တယ်။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ပြီးမှ ကျောင်းတိုင်းမှာ စာရေးကိရိယာ အလုံအလောက် ရဖို့ လုပ်ဆောင်နေပါတယ်။ ချက်ချင်းကြီး ကျောင်းပေါင်း ၄၀၀ ကျော်ကို ဖြည့်နိုင် သေးမှာ  မဟုတ်သေးဘူးလို့လည်း ပြောချင်တယ်။ တဖြည်းဖြည်းနဲ့ မူလတန်းကနေ အထက်တန်းအထိ လိုအပ်တာတွေကို ဖြည့်နိုင်အောင် ကြိုးစားနေတာပေါ့နော်

လက်ရှိကာလဟာ တိုင်းရင်းသားဒေသတွေမှာ ကိုယ်ပိုင်ပညာရေးစနစ်တစ်ခုကို စတင် အကောင်အထည်ဖော်နေဆဲကာလမို့ တိုင်ရင်းသားလူငယ်တွေနဲ့ ရပ်မိရပ်ဖတွေဘက်က စိတ်ရှည်သည်းခံပြီး ပညာရေးကဏ္ဍမှာ ပိုမို ကူညီပါဝင်ပေးဖို့ကိုလည်း တအာင်း ပလောင် ပညာရေးကော်မတီ (TNEC) ဒုဥက္ကဋ္ဌ ဒီဒီပိုးကျိမ် က တိုက်တွန်း သွားပါတယ်။

မူလက စာသင်ကျောင်းပေါင်း ၅၀၀ ကျော်အထိ ဖွင့်လှစ်ဖို့ စီစဉ်ထားပေမယ့် တချို့ကျေးရွာ တွေမှာ ညှိနှိုင်းမှုတွေလုပ်နေရပြီး ကျောင်းအဆောက်အအုံနဲ့ ဆရာ၊ ဆရာမ အခက်အခဲ တွေကြောင့် ဒီနှစ်မှာ ကျောင်းပေါင်း ၄၀၀ ကျော်ကိုသာ ဖွင့်လှစ်နိုင်ခဲ့တာလို့လည်း တအာင်း ပညာရေးကော်မတီ (TNEC) တာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။