အပစ်ခတ်ရပ်ဖို့ မဟာမိတ် ငါးပါတီ တောင်းဆို

မြန်မာအစိုးရ အနေနဲ့ နယ်စပ် တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အမြန်ရပ်ပြီး အပစ်အခတ် ရပ်စဲရေး ကြေညာပေးဖို့ ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား မဟာမိတ် ၅ ပါတီက ဒီကနေ့ ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။

မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်း။ popularmyanma.com

သြဂုတ်လ ၂ ရက်နဲ့ ၃ ရက် နှစ်ရက်ကြာ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကနေ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း အစည်းဝေး တက်ရောက်ခဲ့တဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်းက RFA ကို ပြောပါတယ်။

“ နံပါတ် ၁ က ပင်စင်လစာ တိုးတာကို ကျနော်တို့တွေက ကြိုဆိုတယ်။ နံပါတ် ၂ က အစိုးရ ကိုယ်တိုင်က အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးပါ။ ပြီးတဲ့ အခါကျတော့ အပစ်အခတ် ရပ်စဲရေးမှာ တိုင်းရင်းသား အပါအဝင် ငြိမ်းချမ်းရေး အဖွဲ့ ဖွဲ့ပါ။ ဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် ဆောင်ရွက်ကြပါ။ ကျနော်တို့ တိုင်းရင်းသား ပါတီတွေကိုလည်း အကူအညီပေးခွင့်ပြုပါ”

တိုင်းရင်းသား မဟာမိတ် ၅ ပါတီရဲ့ ဒီတောင်းဆိုချက် တွေကို လာမယ့် ၂၂ ရက်နေ့ နေပြည်တော်က လွှတ်တော် ပြန်လည် စတင်တဲ့အခါ တင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပြီး အပစ်ရပ် ငြိမ်းချမ်းရေး ဆိုင်ရာ ကော်မတီတရပ် ပေါ်လာအောင် တိုက်တွန်း ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

ရန်ကုန်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား ၅ ပါတီ အစည်းဝေးကို ရွေးကောက်ပွဲ မှတ်ပုံတင်ထားတဲ့ ကယန်း အမျိုးသားပါတီဝင် တချို့ကလည်း လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org