အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့ဖို့ NLD နဲ့ ဆွေးနွေးမယ်လို့ တအာင်းပါတီပြော

2021.01.13
အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့ဖို့ NLD နဲ့ ဆွေးနွေးမယ်လို့ တအာင်းပါတီပြော ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာ တအာင်း( ပလောင်) ပါတီက ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်အတွင်း မဲဆွယ်စည်းရုံးခဲ့စဉ်
Photo: Ta'arng National Party

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တအာင်း(ပလောင်) အမျိုးသားပါတီတို့ ဒီနေ့ ဇန်နဝါရီလ ၁၃ ရက် ညနေ ၄ နာရီခွဲမှာ တောင်ကြီးမြို့က NLD ရုံးမှာ တွေ့ဆုံပြီး အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းရေး ဆွေးနွေးမယ်လို့ တအာင်း(ပလောင်) အမျိုးသားပါတီ အတွင်းရေးမှူး မိုင်းအုဏ်းခိုင်က RFA ကို ပြောပါတယ်။

လောလောဆယ် ပဏာမ ထိတွေ့မိတ်ဆက် သဘောမျိုးတွေ့ဆုံဖို့ စီစဉ်ထားသလို NLD ပါတီရဲ့ တိုင်းရင်းသားပါတီတွေနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ မူဝါဒတွေကိုလည်း မေးမြန်းသွားမယ်လို့ မိုင်းအုဏ်းခိုင်က ဆိုပါတယ်။

ဆွေးနွေးမှု အသေးစိတ်ကိုတော့ တွေ့ဆုံပြီးမှာသာ ပြောနိုင်မယ်လို့ သူက ပြောပါတယ်။

ရှမ်းပြည်နယ်က ဒေသခံ အနိုင်ရပါတီတွေ၊ ကိုယ်စားလှယ်တွေနဲ့ တောင်ကြီးမြို့ NLD ပါတီရုံးမှာ တွေ့ဆုံသွားမယ်လို့ သိရပေမယ့် တစ်ပါတီချင်း သီးခြားတွေ့ဆုံဖို့ စီစဉ်ထားတာကြောင့် ဘယ်ပါတီက၊ ဘယ်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားဖို့ရှိတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကို NLD ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိ မရှိ ဒီနေ့ နေ့လယ် ၁ နာရီကျော်လောက်မှာ RFA ဆက်သွယ်မေးမြန်းရာမှာတော့ လောလောဆယ် တစ်စုံတစ်ရာ ပြောစရာမရှိသေးကြောင်းသာ တွဲဘက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က တုံ့ပြန်ပါတယ်။

ရှမ်းပြည်နယ်မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ အများဆုံးအနိုင်ရရှိထားတဲ့ တိုင်းရင်းသားပါတီဖြစ်ပါတယ်။ တအာင်း(ပလောင်) အမျိုးသားပါတီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတွေလည်း ရွေးကောက်ပွဲ အနိုင်ရထားပါတယ်။

ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ကယားပြည်နယ်က ဒေသခံပါတီတွေဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီကို တွေ့ဆုံမယ့်နေရာ ညှိနှိုင်းမှု မပြေလည်တာကြောင့် တွေ့ဆုံပွဲ ပျက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။