မိုင်းကိုင် တအာင်း (ပလောင်) ပါတီဥက္ကဋ္ဌနဲ့ မိသားစု အသတ်ခံရမှု RCSS ငြင်းဆို

ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် တအာင်း (ပလောင်) ပါတီဥက္ကဋ္ဌ မိုင်းနုမ်ဟန် နဲ့ မိသားစုဝင် တို့ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့က သတ်ဖြတ်ခဲ့တယ် ဆိုပြီး စွပ်စွဲတာကို ငြင်းဆိုလိုက်ကြောင်း RCSS က မတ်လ ၂၃ ရက် ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မိုင်းနုမ်ဟန်နဲ့အတူ သူ့ဇနီး၊ ၇ နှစ်အရွယ် သမီးငယ်တို့ဟာ အခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မိုင်းကိုင် မြို့နယ် တိုလောကျေးရွာအုပ်စု ပန်လော့ရွာနားမှာ ပျောက်ဆုံး ခဲ့တာဖြစ်ပြီး ၁၃ ရက်အကြာမှာ ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။
RCSS တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက အဲဒီနေရာမှာ လှုပ်ရှားမှု ရှိမနေတော့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အဲဒီရွာအနီးမှာ RCSS နဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ မဟာမိတ်တပ်တွေသာ ရှိနေတာလို့ RCSS က ဆိုထားပါတယ်။
မိုင်းနုမ်ဟန် မိသားစု ပျောက်ဆုံးချိန်မှာ တအာင်း (ပလောင်) ပါတီက ရဲစခန်း၊ ရွေးကောက် ပွဲကော်မရှင်နဲ့ နယ်လုံဝန်ကြီးအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေထံ တိုင်ကြားခဲ့ပေ မယ့် အလောင်းတွေ့ချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းမကြားဘဲ မိမိတို့ ဘာသာ ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်နဲ့ စစ်ဆေးပြီး မီးသင်္ဂြိုဟ်လိုက်တာဟာ သံသယဖြစ်ဖွယ် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
RCSS အနေနဲ့ အုပ်ချုပ်ရေး၊ စစ်ရေး၊ တရားစီရင်ရေးကိစ္စတွေမှာ ဥပဒေပြဋ္ဌာန်းကျင့်သုံး နေတဲ့ အဖွဲ့ အစည်းဖြစ်ပြီး မိုင်းနုမ်ဟန်မိသားစု အသတ်ခံရတဲ့ကိစ္စကို ကန့်ကွက်ရှုတ် ချသလို ပြစ်မှုကျူးလွန်သူနဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
RCSS ရဲ့ အခုလို တုံ့ပြန်ချက်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူးလို့ မိုင်းကိုင်မြို့ တအာင်း (ပလောင်) ပါတီ ကော်မတီဝင် မိုင်းအောင်ခမ်းက ပြောပါတယ်။
“အရင်တုန်းက ကျနော့်ကို ဖမ်းထားတုန်းကလည်း သူတို့ ငြင်းခဲ့တာပဲ၊ ဘယ်တော့မှ ဝန်မခံသလို တာဝန် ယူမှုလည်း မရှိဘူး”
မိုင်းနုမ်ဟန်မိသားစုဟာ သူ့အမေ နာရေးဖြစ်တဲ့ မက်ချီနုတ်ရွာကနေ မိုင်းကိုင်မြို့ပေါ်ကို အပြန် တုံလောရွာအုပ်စု ပန်လော့ရွာမှာရှိတဲ့ RCSS တပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်အကျော်မှာ ပျောက်ဆုံးခဲ့ပြီး အဲဒီနေရာ အနီး RCSS တပ်ဖွဲ့ တွေ သာ ရှိနေတယ်လို့ မိုင်းအောင်ခမ်းက ပြောပါတယ်။
မိုင်းနုမ်ဟန်တို့ မိသားစု အလောင်းနားမှာ သေနတ်ကျည်ခွံတွေကိုလည်း တွေ့ရပြီး ရုပ်အလောင်းတွေကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်က အခမ်းအနားနဲ့ သင်္ဂြိုဟ်ခဲ့တယ်လို့လည်း မိုင်းအောင်ခမ်းက ပြောပါတယ်။
RCSS နဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ SSPP တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းဆုကတော့ မိုင်းနုမ်ဟန် မိသားစု ပျောက်ဆုံးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်မှာ သူတို့တပ်ဖွဲ့တွေ တုံလောရွာ အထိ မရောက်သေးဘူးလို့ ဒေသတွင်း မီဒီယာတွေမှာ ဖြေကြားထားပါတယ်။
ပဋိပက္ခဒေသမှာရှိတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို သတ်ဖြတ်တာဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ ဥပဒေတွေကို ချိုးဖောက်တာဖြစ်လို့ ပြင်းထန်စွာ ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်က ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်သလို ဒေသအတွင်း တိုင်းရင်းသားလူမျိုးစု အချင်းချင်းကြား စည်းလုံးမှုကိုပါ ပျက်ပြားစေတာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရပ်တန့်ပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ တိုက်တွန်းတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုင်းနုမ်ဟန်နဲ့ မိသားစု သေဆုံးခဲ့ရတဲ့ကိစ္စအတွက် တအာင်း ကျောင်းသားနဲ့ လူငယ်အဖွဲ့၊ တအာင်း အမျိုးသမီး အဖွဲ့၊ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ၊ ရှမ်းပြည်နယ် ကျောင်းသားသမဂ္ဂကွန်ရက်နဲ့ အရပ်ဘက်အဖွဲ့ စည်း ၃၄ ခုက ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြသလို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ကလည်း အခုလ ၁၂ ရက်နေ့က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။