ဒေါ်ညိုညိုသင်း တိုင်ကြားစာကို လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်မည်
နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံးနစ်နာမှုကို အရေးယူပေးဖို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်း တိုင်ကြားထားတဲ့ တိုင်စာကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ လက်ခံရရှိထားပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
-
2018-10-15 -
-
-
နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံးနစ်နာမှုကို အရေးယူပေးဖို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်း တိုင်ကြားထားတဲ့ တိုင်စာကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ လက်ခံရရှိထားပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အမြန်အချောပို့ကနေ ပေးပို့ပြီး တိုင်ကြားထားတဲ့ တိုင်ကြားစာရော၊ အီးမေးလ်ကနေ ပေးပို့တိုင်ကြားထားတဲ့ တိုင်ကြားစာကိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဒီနေ့မှာ လက်ခံရရှိထားပြီး တိုင်ကြားလွှာ စိစစ်သုံးသပ်ရေး လုပ်ငန်းကော်မတီကနေ စိစစ်နေပြီး လာမယ့် အနီးစပ်ဆုံး ကော်မရှင်အစည်းအဝေးမှာ ဒီကိစ္စကို တင်ပြဆောင်ရွက်သွားမယ်လို့ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာအရ စီမံကိန်းတွေမှာ ငွေကျပ် ၅၁ ဘီလီယံကျော် ဆုံးရှုံးနေသလို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ငှားရမ်းထားတဲ့ စီမံကိန်းတွေမှာလည်း နှစ်စဉ် ပြည်သူ့ဘဏ္ဍာငွေ ကျပ် ၅ ဒသမ ၈ ဘီလီယံ ဆုံးရှုံးနစ်နာနေတဲ့အပေါ် ဥပဒေအတိုင်း အရေးယူပေးဖို့ ဒေါ်ညိုညိုသင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံးနစ်နာတာနဲ့ ပတ်သက်ပြီး အစိုးရ အဖွဲ့ဝင်တွေနဲ့ ရန်ကုန်တိုင်း စည်ပင်တာဝန်ရှိသူတွေထဲက ဘယ်သူတွေဟာ အဂတိလိုက်စားမှု ကျူးလွန်တယ် ဆိုတာကို စုံစမ်းဖော်ထုတ်ပေးဖို့ တိုင်ကြားတာဖြစ်ပြီး ကျော်ဇောသတင်းဖြစ်နေတဲ့အတွက် ခိုင်လုံတဲ့ အထောက် အထားတွေရှိတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်း က ပြောပါတယ်။
ဒီလထဲကျင်းပတဲ့ လွှတ်တော်မှာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာပါ အချက်အလက်တွေကို တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးခဲ့ရာမှာ တိုင်းအစိုးရ တာဝန်ရှိသူတွေက ပြန်လည်ဖြေရှင်းမှု မရှိခဲ့တဲ့အတွက် လူအများက စိတ်ဝင်စားတစား ရှိခဲ့ကြပါတယ်။
ဒီအကြောင်းကို သုံးသပ်ဝေဖန်ရေးသားခဲ့တဲ့ Eleven မီဒီယာက သတင်းသမား ၃ ဦးကိုတော့ တိုင်းအစိုးရအဖွဲ့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲ အရေးယူထားပါတယ်။