စစ်ကိုင်းတိုင်းက ဌာနဆိုင်ရာဝန်ထမ်း ငါးဦးကို အဂတိတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထား


2020.08.23
homemalin-gold-mine-622 စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်း သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း ငါးဦးကို အဂတိ လိုက်စားမှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။

ရွှေမျောလုပ်ကွက်တွေချပေးရာမှာ လာဘ်ငွေရယူခဲ့တာကြောင့် သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းရုံးခွဲက ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်အာဏာသုံးပြီး အဂတိလိုက်စားမှုနဲ့ ဖော်ထုတ်အရေးယူပေးဖို့ တိုင်ကြားထားတာကို စုံစမ်းစစ်ဆေးရာမှာ အဂတိလိုက်စားကြောင်း တွေ့ရှိရတဲ့အတွက် မနေ့က အမှုဖွင့်လိုက်တာလို့ ဦးကျော်စိုးက ပြောပါတယ်။

သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းရုံးခွဲက ညွှန်ကြားရေးမှူး ဦးအောင်နိုင်၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ မုံရွာက ဒုတိယ အထွေထွေမန်နေဂျာ ဦးလင်းထင်၊ ရဲအုပ်မျိုးမင်းညွန့် (နုတ်ထွက်)၊ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနက အကြီးတန်းစာရေး ဒေါ်ရှုရှုယဉ်နဲ့ မြေတိုင်းစာရေး ဦးစိုးမိုးအောင်တို့ဟာ ဟုမ္မလင်းမြို့နယ်ထဲက ရွှေမျောလုပ်ကွက်တွေ ချပေးရာမှာ ငွေကြေးတောင်းခံတာတွေရှိခဲ့တာကြောင့် ဟုမ္မလင်းမြို့မ ရဲစခန်းနဲ့ မိုင်းကိုင် ရဲစခန်းတွေမှာ အမှုဖွင့်ထားတာပါ။

သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းရုံးခွဲက ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဟာ ရွှေမျောလုပ်ကွက် ချထားပေးရာမှာ လုပ်ပိုင်ခွင့်ရှိသူဖြစ်ကြောင်းပြောဆိုကာ ရွှေမျောလုပ်ကွက်တွေ လျှောက်ထားတဲ့ ကုမ္ပဏီထံကနေ ငွေကျပ် သိန်း (၄၀)၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မုံရွာက ဒုတိယ အထွေထွေ မန်နေဂျာ ဦးလင်းထင်ဟာ ရွှေမျောလုပ်ကိုင်တဲ့ ကုမ္ပဏီထံကနေ ငွေကျပ်သိန်း ၂၀၀ ကျော်၊ လက်ရှိနုတ်ထွက်ထားတဲ့ ရဲအုပ် မျိုးမင်းညွန့်ဟာ မိုင်းကိုင်းရဲစခန်းမှူး အဖြစ် တာဝန်ထမ်းဆောင်ချိန်က ရွှေမျောမောင်းသူ သုံးဦးထံကနေ ငွေကျပ်သိန်း ၅၀ နဲ့ ရွှေမျောလုပ်သား သေဆုံးခဲ့တဲ့ကိစ္စမှာ ငွေကျပ် သိန်း ၅၀ လက်ခံရယူခဲ့တာတွေကို စစ်ဆေးတွေ့ရှိတယ်လိ့ု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ရှုရှုယဉ်ဟာ အသေးစား ရွှေမျော လုပ်ကွက် လျှောက်ထားတာနဲ့ ပတ်သက်ပြီး ငွေကျပ် ၃၅၀၀၀၀ တောင်းခံတာ၊ မြေတိုင်းစာရေး ဦးစိုးမိုးအောင် ကလည်း ဒေါ်ရှုရှုယဉ်ဆီ လာဘ်ငွေပေးဖို့ အားပေးကူညီတာကို စစ်ဆေးတွေရှိတယ်လို့ ကော်မရှင်က ပြောထား ပါတယ်။

သူတို့တွေ ဘယ်အချိန်ကာလတုန်းက အခုလို ပြစ်မှုတွေကျူးလွန်ခဲ့တယ်ဆိုတာကိုတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ဖြေကြားတာ မရှိခဲ့ပါဘူး။

ညွှန်ကြားရေးမှူး ဦးအောင်နိုင်၊ ဒုအထွေထွေမန်နေဂျာ ဦးလင်းထင်နဲ့ ရဲအုပ်မျိုးမင်းညွန့်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့်တိုင်ကြားထားသလို ဒေါ်ရှုရှုယဉ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၇၊ ဦးစိုးမိုးအောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၇/ ၆၃ တို့နဲ့ ဟုမ္မလင်းမြို့မ ရဲစခန်းနဲ့ မိုင်းကိုင်း ရဲစခန်းတွေမှာ အမှုဖွင့်ထားပြီး တရားစွဲဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဦးကျော်စိုးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။