မန္တလေးအရိုးဆေးရုံ အဂတိအမှု တိုင်ကြားသူတွေ ဝေဖန်ခံရ
2019.12.23
မန္တလေး အရိုးအထူးကု ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်နဲ့ ဌာနခွဲစာရေး ဦးအောင်ကျော်ဦးတို့ နှစ်ဦးဟာ ဆေးရုံဝင်းအတွင်း ဆောင်ရွက်မယ့် လုပ်ငန်းတွေအတွက် တင်ဒါလုပ်ငန်းတွေမှာ ငွေကြေးတောင်ခံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စွပ်စွဲပြီး မန္တလေးတိုင်း ချမ်းအေးသာစံ မြို့နယ်က အမှတ် ၁၁ နယ်မြေ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။
အမှုဖွင့်ခံရသူ နှစ်ဦးလုံးကို အမှတ် ၁၁ နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း ရဲစခန်းတာဝန်ကျ အရာရှိ တစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။ သူ့အမည်နဲ့ တာဝန်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ဒေါက်တာ ကြည်လွင်ဟာ ဆေးရုံဝန်းအတွင်း ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ကာလမှာ ကားအပ်နှံခွင့် လုပ်ငန်းအတွက် တင်ဒါခေါ်ယူရာမှာ ငွေကျပ်သိန်း ၁၄၀ ရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အမှုဖွင့်တာဖြစ်ကြောင်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အလားတူ ဌာနခွဲစာရေး ဦးအောင်ကျော်ဦးကလည်း စက်ဘီး၊ ဆိုင်ကယ် အပ်နှံတဲ့ လုပ်ငန်းအတွက် တင်ဒါ ခေါ်ယူရာမှာ ငွေကျပ် ငါးသိန်းအပြင် ခုနှစ်သိန်းခန့် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ရယူခဲ့ကြောင်း စစ်ဆေး တွေ့ရှိရတာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ နဲ့ အမှုဖွင့်တာဖြစ်ကြောင်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အရိုးဆေးရုံအုပ်ကြီးနဲ့ ဌာနခွဲစာရေးတို့ အဂတိလိုက်စားတယ်ဆိုပြီး အရေးယူဆောင်ရွက်ပေးဖို့ ဆေးရုံဝန်ထမ်း တချို့နဲ့ လုပ်ငန်းရှင်တွေ စုစုပေါင်း ၁၄ ဦးက လက်မှတ်ထိုးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့ပြီးနောက်ပိုင်း ဒီအမှု ပေါ်ပေါက်လာတာပါ။
ကော်မရှင်ကို တိုင်ကြားခဲ့သူတွေထဲမှာ ပါဝင်တဲ့ ကိုမောင်လွင်က အခုလို အရေးယူဆောင်ရွက်မှုတွေ မပေါ်ပေါက်ခင်မှာ တိုင်ကြားသူတွေဟာ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကို ခံခဲ့ရတယ်လို့ ပြောပါတယ်။
အမှုမှန်မပေါ်ခင် ကျွန်တော်တို့ကို အားလုံးက အထင်သေးတယ်
“ဒီလိုမျိုးဖြစ်ပါစေတော့ဆိုတဲ့ ဆန္ဒတော့ မရှိဘူး၊ အမှုမှန်မပေါ်ခင် ကျွန်တော်တို့ကို အားလုံးက အထင်သေးတယ်။ သူတို့အဆင့်နဲ့ ဒီလိုလုပ်တယ်၊ လုပ်ငန်းမရလို့ တိုင်တယ်။ ရာထူးကြီးတဲ့သူကို တိုင်တယ်၊ မထိရောက်ဖူးပေါ့၊ ငွေပြန်ပေးပြီးပြီပေါ့၊ ဒါက ဂုဏ်သိက္ခာတိုက်ပွဲ”
ကိုမောင်လွင်ဟာ ဆေးရုံဝင်းအတွင်း ယာဉ်အပ်နှံခွင့်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၁၇- ၂၀၁၈ ခုနှစ် အတွက်လည်း လုပ်ငန်းလုပ်ကိုင်ခွင့်ရဖို့ ငွေကြေးပေးခဲ့ရာမှာ လုပ်ကိုင်ခွင့်မရပဲ တခြားသူကို ပေးလိုက်တာကြောင့် ၂၀၁၉ မေလမှာ အဂတိ ကော်မရှင်ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အဂတိလိုက်စားမှုနဲ့ တိုင်ကြားထားတဲ့ထဲမှာ ဆေးရုံ အငယ်တန်းစာရေးဖြစ်သူကိုပါ တိုင်ကြားထားတာဖြစ်ပေမယ့် ကော်မရှင်က အရေးယူတဲ့ထဲမှာ အငယ်တန်းစာရေးမပါဝင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သေချာမသိရသေးကြောင်းလည်း ဦးမောင်လွင်က ပြောပါတယ်။
မန္တလေးအရိုးဆေးရုံကြီးတာဝန်ရှိသူတွေ အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲ တိုင်ကြားချက်အကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ကလည်း RFA က သတင်းထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဌာနတွင်း စစ်ဆေးမှုတွေလည်း ရှိခဲ့ပါတယ်။
အဲဒီအချိန်က မေးမြန်းချက်အရတော့ တင်ဒါကိစ္စတွေမှာ မန္တလေးတိုင်း အတွက်ဆိုရင် စည်ပင်သာယာရေး ဝန်ကြီးက ဥက္ကဋ္ဌဖြစ်ပြီး ဆေးရုံအုပ်ကြီးက အတွင်းရေးမှူးဖြစ်ကြောင်း၊ ကိုယ့်လူနဲ့ စားပွဲပေါ်မှာ အရင်လိုလုပ်လို့ မရတော့ကြောင်းနဲ့ အဲဒီခေတ်က ကုန်သွားပြီဖြစ်ကြောင်း အရေးယူခံထားရတဲ့ ဌာနခွဲစာရေး ဦးအောင်ကျော်ဦးက ဖြေကြားခဲ့ပါတယ်။ ဦးအောင်ကျော်ဦးဟာ လက်ရှိအချိန်မှာ ဦးစီးအရာရှိတာဝန်ကို ထမ်းဆောင်နေသူဖြစ်ပါတယ်။
ဆေးရုံအုပ်ကြီးကို အမှုဖွင့်ထားတဲ့ ပုဒ်မ ၅၆ ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ဌာနခွဲစာရေးကို အမှုဖွင့်ထားတဲ့ ပုဒ်မ ၅၇ ဟာ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင် အများဆုံး ထောင် ခုနှစ် နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မတွေဖြစ်ပါတယ်