လောင်စာဆီစျေးမြင့်တက်လို့ ရန်ကုန်လူထု စိုးရိမ်
အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၁၈၅၀ နဲ့ တစ်ရက်အတွင်း ပြန်ရောင်းဖို့ စစ်ကောင်စီ ဗဟိုဘဏ်က အမိန့်ထုတ်ပြီး ၁၆ ရက်အကြာ ဒီကနေ့ ဧပြီ ၁၉ ရက်နေ့မှာ ရန်ကုန်တစ်မြို့လုံး စက်သုံးဆီ ပြတ်တောက်လုနီးပါး ဖြစ်သွားပြီး ကိုယ်ပိုင်ကားရှိသူတွေနဲ့ အငှားယာဥ်မောင်းတွေ အရောင်းဆိုင်တွေရှေ့မှာ နာရီပေါင်းများစွာ တန်းစီတိုးခဲ့ရပါတယ်။
- 2022-04-19
-
-
-
အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၁၈၅၀ နဲ့ တစ်ရက်အတွင်း ပြန်ရောင်းဖို့ စစ်ကောင်စီ ဗဟိုဘဏ်က အမိန့်ထုတ်ပြီး ၁၆ ရက်အကြာ ဒီကနေ့ ဧပြီ ၁၉ ရက်နေ့မှာ ရန်ကုန်တစ်မြို့လုံး စက်သုံးဆီ ပြတ်တောက်လုနီးပါး ဖြစ်သွားပြီး ကိုယ်ပိုင်ကားရှိသူတွေနဲ့ အငှားယာဥ်မောင်းတွေ အရောင်းဆိုင်တွေရှေ့မှာ နာရီပေါင်းများစွာ တန်းစီတိုးခဲ့ရပါတယ်။
သွင်းကုန် ထုတ်ကုန်လုပ်ငန်းတွေ အပါအဝင် မြန်မာနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ဝင် ရောက်လာတဲ့ နိုင်ငံခြား ငွေမှန်သမျှကို တစ်ရက်အတွင်း သတ်မှတ်စျေးနဲ့ ပြန်ရောင်းဖို့ ဧပြီ ၃ ရက်နေ့မှာ ဗဟိုဘဏ်က အမိန့်ထုတ်ခဲ့တာပါ။
ဒီနေ့မနက်ပိုင်းမှာတော့ ရန်ကုန်မှာ မကြာခင် စက်သုံးဆီပြတ်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ကြောင့် ကိုယ်ပိုင်ကားရှိသူတွေရော၊ အငှားယာဥ်မောင်းတွေပါ တန်းစီ တိုးပြီး ယာဥ်ကြောပိတ်ဆို့မှုတွေပါ ဖြစ်ခဲ့ တယ်လို့ ကိုယ်တွေ့ကြုံသူတွေက ပြောပါတယ်။
ဆိုင်ကို ဒီမနက် ၆ နာရီလောက်က ရောက်သွားပေမယ့် သူ့ရှေ့မှာ ကား အစီး ၅၀ လောက် ဆီဖြည့်ဖို့ တန်းစီနေတာကြောင့် မစောင့်နိုင်ဘဲ လှည့်ပြန်ခဲ့ရတယ်လို့ ကိုယ်ပိုင်ကားရှိသူ တစ်ဦးက ပြောပါတယ်။
“ဆီဆိုင်နားကို ၆ နာရီခွဲလောက်က ရောက်သွားတဲ့အချိန်မှာ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ ကားအစီးပေါင်း ခန့်မှန်းခြေ ၅၀ ဝန်းကျင်လောက်က ရောက်နေ ကြပြီ။ ပြီးတော့ ဆီက ခွဲတမ်းနဲ့ပဲရတော့မယ်လို့ ပြောတယ်။ 92 ဆိုရင်လည်း အကန့် အသတ်နဲ့၊ 95 ဆိုရင်လည်း အကန့်အသတ်နဲ့။ ဒီဇယ်လည်း အကန့်အသတ်နဲ့ ပေါ့။ 92 ဆို နှစ်သောင်းဖိုးပဲ ရတယ်။ 95 ဆို ငါးသောင်းဖိုးပဲ ရတယ်။ ကျနော်က သွားစရာ လည်းရှိတော့ ကားတန်းကိုကြည့်ပြီး ပြန်လှည့်ခဲ့လိုက်တယ်။ ဒီနေ့ကတော့ မဖြစ်မနေ ဆိုင်လိုက်ရှာပြီး တန်းစီပြီး ဖြည့်ရမယ်”
ဧပြီလအစပိုင်းက စက်သုံးဆီစျေးတွေ ကျဆင်းခဲ့ပေမယ့် ဒီကနေ့ ဧပြီ ၁၉ ရက်နေ့မှာတော့ စက်သုံးဆီစျေးတွေက အောက်တိန်း ၉၅ တစ်လီတာကို ကျပ် ၂၀၀၀ ကနေ ၂၂၀၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာကို ၁၉၀၀ ကျပ် ကနေ ၂၀၀၀ ကျပ်အထိ စျေးတက်သွား တယ်လို့ ပြောပါတယ်။
ဝယ်ချင်သူတွေက တန်းစီတိုးနေပေမယ့် အရောင်းဆိုင်တွေက စိတ်ကြိုက်ဝယ်ယူခွင့် မပေးဘဲ တစ်ဦးကို ကျပ်နှစ်သောင်းဖိုးကနေ အများဆုံး ငါးသောင်းဖိုးအထိပဲ အကန့် အသတ်နဲ့ ရောင်းပေးနေတယ်လို့ ရန်ကုန်မြို့က တက်စီ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
တစ်မြို့လုံးအနှံ့ ကားမောင်းပြီး နေ့စဥ်မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတဲ့ အငှားယာဉ်မောင်း ဦးမြင့်အောင်က ဒီနေ့ ကျပ်နှစ်သောင်းဖိုး ဝယ်လို့ရပေမယ့် မနက်ဖြန် ဝယ်လို့ ရနိုင်ပါ့မလားဆိုတာ စိတ်ပူနေပါတယ်။
“တစ်ခါမှလည်း မကြားဖူးဘူး။ အသက် ၅၀ ကျော်ပြီ။ အရင်တုန်းက ဆီစာအုပ်နဲ့ ထည့်ခဲ့ရတယ်။ ဒါ လက်ခံသေးတယ်။ တန်းစီရတာ လက်ခံတယ်။ အခုက ဘယ်လိုသွားရမှာလဲ။ ဒီနေ့ ဆီ နှစ်သောင်းဖိုး ထည့်ပြီးသွားရင်ရော ဒီခရီးသည်နဲ့ လျှောက်သွားပြီးသွားပြီ။ နောက်နေ့ ထပ်ရဖို့ရှိသေးလား။ အခု ကောလာဟလလား။ တကယ်အမှန်လား။ အမှန်ဆိုရင်တော့ ဒါတွေက ကျနော်တို့ ကြိုတင်ထုတ်ပြန်သင့် တာပေါ့နော်။ အခုမှ လောလောလတ်လတ် ဖြစ်သွားပြီး ရပ်ထားတဲ့ကားတွေကလည်း လမ်းပေါ်တက် ဆီတွေထည့်၊ အခု ကားတွေကကျပ် ဘယ်လိုမှကို အဆင်မပြေဘူးဗျာ”
ခရီးသည်တွေကို ကားအမျိုးမျိုးနဲ့ ဝန်ဆောင်မှုပေးနေတဲ့ ကိုအောင်ဦးကတော့ စက်သုံးဆီ ကို အခုလို အကန့်အသတ်နဲ့ ဝယ်ရတာမျိုး တစ်ခါမှ မကြုံဖူးဘူးလို့ ပြောပါတယ်။
“ကျနော်ကားမောင်းလာတဲ့ သက်တမ်း၊ ဒီခရီးသွား ဝန်ဆောင်မှုလုပ်လာတဲ့ သက်တမ်း တစ်လျှောက်လုံးမှာ ဒီလိုအကန့်အသတ်နဲ့ ရောင်းတာတွေ၊ တန်းစီပြီးဝယ်ရတာတွေ တစ်ခါမှလည်း မကြုံဖူးပါဘူး။ ဒီလိုအခြေအနေမျိုးက အကန့်သတ်နဲ့ ရောင်းတယ် ဆိုတာက ဘယ်လိုမှ ထုတ်ပြန်ထားခြင်းလည်း မရှိဘူး။ ဒီအခြေအနေမျိုးက ဘယ် လောက်ကြာဦးမလဲ၊ ဒါဆိုရင် ကျနော်တို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ မဟုတ်ဘူး တခြား သယ်ယူပို့ဆောင်ရေးလုပ်နေသူတွေ အကုန်လုံးအတွက် အများကြီး ထိခိုက် နစ်နာမှုရှိတယ်လို့တော့ မြင်ပါတယ်ဗျ”
"ရပ်ထားတဲ့ကားတွေကလည်း လမ်းပေါ်တက် ဆီတွေထည့်၊ အခု ကားတွေကကျပ် ဘယ်လိုမှကို အဆင်မပြေဘူးဗျာ”
ဗဟိုဘဏ်ရဲ့ ဧပြီ ၃ ရက်အမိန့်ဟာ နိုင်ငံခြားငွေသုံးပြီး လုပ်ကိုင်ရတဲ့ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တွေကို ထိခိုက်နိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဧပြီ ၃ ရက်နေ့မှာ RFA ကို ပြောခဲ့ဖူးပါတယ်။
ဒီအမိန့်ဟာ ပို့ကုန်လုပ်ငန်းရှင်တွေကိုသာ ပိုထိခိုက်နိုင်ပြီး သွင်းကုန်လုပ်ငန်းထဲကဆိုရင် ပြည်ပကနေ စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းတွေကို ထိခိုက်မှုရှိ မရှိ တစ်လလောက် စောင့်ကြည့်ရမယ်လို့ ပြောခဲ့ဖူးပါတယ်။
အခု နှစ်ပတ်ကျော်အကြာ ရန်ကုန်မှာ စက်သုံးဆီ အလုအယက် ဝယ်ယူရတဲ့ ပြဿနာကို ကြုံတွေ့ရတာပါ။
ဘာ့ကြောင့် အခုလို အခြေအနေဖြစ်လာသလဲဆိုတာ သိနိုင်ဖို့ ရန်ကုန်က မြန်မာနိုင်ငံ စက်သုံးဆီ ရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဦးဝင်းမြင့် ကို RFA က မေးတဲ့အခါ အသေးစိတ်ရှင်းပြဖို့ ငြင်းဆိုပြီး လိုအပ်တာတွေ ဆောင်ရွက်နေပါတယ်လို့ပဲ ပြန်ဖြေပါတယ်။
“ကျနော်တို့ မနက်ဖြန်၊ သန်ဘက်ခါလောက်ဆိုရင် အားလုံး ပြေလည်သွားမှာပါဗျ။ ကျနော်တို့ လိုအပ်တာ လေးတွေ ဆောင်ရွက်နေပါတယ်။ အဲ့လောက်ပဲ ကျနော်ပြော ပါရစေ။ တချို့ဟာကျတော့ ပြောရင် ရှုပ်မှာစိုးလို့လေ။ ကျနော်လည်း သေချာမပြော ပေးနိုင်လို့ပါ”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီက အမေရိကန်ဒေါ်လာ အဝင်အထွက်ကို ထိန်းချုပ်ထားတာကြောင့် ပြည်ပကနေ စက်သုံးဆီ မှာယူသူတွေ အပါအဝင် သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူမှန်သမျှ အမေရိကန်ဒေါ်လာကို အလွယ်တကူနဲ့ လိုသလောက်မရဘဲ ဖြစ်နေတဲ့အခြေအနေက စက်သုံးဆီတင်သွင်း ရောင်းချမှု လုပ်ငန်းအပေါ် ထိခိုက်လာတာလို့ သုံးသပ်ပါတယ်။
စက်သုံးဆီစျေးနှုန်းတွေက ရန်ကုန်တစ်မြို့တည်းတင်မက မန္တလေးနဲ့ ပြည်မြို့တွေမှာလည်း ဒီကနေ့ ခုန်တက်သွားပြီး ဓာတ်ဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူရတဲ့အခြေ အနေတွေ ဖြစ်နေပါတယ်။
စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနကတော့ သီလဝါဆီလှောင်ကန်တွေမှာ စက်သုံးဆီလက်ကျန် လျော့နည်းနေ တာကြောင့် စက်သုံးဆီ ပြတ်လပ်တော့ မယ်ဆိုတဲ့ လူမှုကွန်ရက်ပေါ်က သတင်းတွေဟာ သတင်းအမှားတွေသာဖြစ်ကြောင်း၊ ပြည်တွင်းမှာ ဓာတ်ဆီ ဂါလန် ၄၅ သန်း၊ ဒီဇယ်ဆီ ဂါလန် သန်း ၇၀ လောက် လက်ကျန်ရှိနေပြီး လက်ရှိ ရန်ကုန်ဆိပ်ကမ်းမှာ ဆီမချရသေးတဲ့ သင်္ဘောနှစ်စင်းလည်း ရောက်ရှိနေကြောင်း ဒီကနေ့မွန်းလွဲပိုင်းမှာ ချက်ချင်း သတင်းထုတ် ပြန်ထားပါတယ်။