စက်သုံးဆီဈေး ကိုးရက်အတွင်း တစ်လီတာ ၅၀၀ ကျော် မြင့်တက်
ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းတွေဟာ မတ်လ ၁ ရက်ကနေ မတ်လ ၉ ရက် ဒီနေ့အထိ ကိုးရက်အတွင်း ဒီဇယ် တစ်လီတာ ကျပ် ၅၀၀ ကျော် မြင့်တက်လာပြီး အောက်တိန်းဆီ လည်း တစ်လီတာ ကျပ် ၃၅၀ ကျော် မြင့်တက်လာတာကို စက်သုံးဆီဆိုင်တွေရဲ့ အရောင်းစာရင်း တွေမှာ တွေ့ရပါတယ်။
မတ်လ ၁ ရက်မှာ တစ်လီတာကို ၁၇၃၅ ကျပ်ရှိတဲ့ ဒီဇယ်ဆီဟာ ဒီနေ့စျေးနှုန်း ၂၂၇၅ ကျပ် အထိ တက်လာလို့ ၅၄၀ ကျပ် မြင့်တက်သလို ပရီမီယမ် ဒီဇယ်ဟာလည်း တစ်လီတာ ၁၇၄၅ ကျပ်ကနေ ၂၂၈၅ ကျပ်အထိ မြင့်တက်သွားပါတယ်။
အလားတူပဲ အောက်တိန်း ၉၂ ဆီဟာလည်း တစ်လီတာ ၁၇၅၀ ကျပ်ကနေ ၂၁၀၀ ကျပ် အထိ စျေးတက်လာသလို အောက်တိန်း ၉၅ ဆီ ၁၈၁၅ ကျပ်ကနေ ၂၁၆၅ ကျပ်အထိ မြင့်တက်နေလို့ ၃၅၀ ကျပ် မြင့်တက်တာ တွေ့ရပါတယ်။
ရုရှားနိုင်ငံဟာ ကမ္ဘာ့ရေနံဈေးကွက်မှာ တတိယမြောက် အကြီးဆုံး ထုတ်လုပ်၊ တင်ပို့ နေတဲ့နိုင်ငံဖြစ်ပြီး လက်ရှိ ယူကရိန်းနိုင်ငံကို ကျုးကျော်တိုက်ခိုက်နေတဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ရုရှားကို ပိတ်ဆို့ ဒဏ်ခတ်တာရဲ့ နောက်ဆက်တွဲ ဂယက်ဖြစ်နိုင် တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုထားပါတယ်။
ပြည်တွင်းက စက်သုံးဆီဈေးတက်နေတာတွေ ဖြေရှင်းဖို့ ကမ္ဘာ့နိုင်ငံတွေနည်းတူ အစားထိုး လောင်စာအတွက် ပြင်ဆင်ထားသင့်သလို ပြည်တွင်းမှာလည်း အရှုံးခံရောင်းချပြီး ဈေးကွက်ကို ထိန်းညှိပေးနိုင်ဖို့ လုပ်ငန်းရှင်တွေက မျှော်လင့်နေပါတယ်။
မွန်ပြည်နယ်က အထည်ချုပ်လုပ်ငန်းရှင်တစ်ယောက်ဆိုရင် လျှပ်စစ်မီးတွေ ပြတ်တောက် နေတာကြောင့် မီးစက်ကို အားကိုးနေရပြီး တစ်ရက်ကို ဓာတ်ဆီဖိုး ခုနစ်သောင်းနီးပါး ကုန်ကျနေတာကြောင့် လုပ်ငန်း ထိခိုက်နေတယ်လို့ ပြောပါတယ်။
ဒီလို စက်သုံးဆီဈေးတွေ မြင့်တက်မှုဟာ ယူကရိန်းနိုင်ငံအရေးကြောင့်လို့ဆိုကြပေမယ့် စစ်တပ်က အာဏာမသိမ်းခင်ကတော့ ဒီဇယ်တစ်လီတာ ၇၀၀ ကျပ်ဝန်းကျင်မှာသာ ရှိနေခဲ့သလို အောက်တိန်းဆီ စျေးနှုန်းတွေလည်း တစ်လီတာကို ကျပ်တစ်ထောင် အောက်မှာသာ ရှိနေခဲ့တာပါ။