ပြည်ပကနေ စက်သုံးဆီသင်္ဘောတွေ ရောက်နေပေမယ့် စျေးတက်နေ
စက်သုံးဆီ တန်ချိန် သုံးသောင်းကျော်ရှိတဲ့ သင်္ဘောတွေ ဆိုက်ရောက်ပြီးနောက်မှာ ဓာတ်ဆီ 92 နဲ့ 95 တွေကို Terminal တွေကနေတစ်ဆင့် ဖြန့်ဖြူးနေတယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း MPTA က မေလ ၂၂ ရက် ဒီနေ့မှာ ကြေညာထားပါတယ်။
ဒါပေမဲ့ ဒီနေ့ ရန်ကုန်မြို့မှာတော့ အသေးစား၊ အလတ်စား SME စက်သုံးဆီဆိုင်တချို့ ဆီပြတ်တောက်မှု ဖြစ်နေတယ်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတစ်ဦးက RFA ကို ပြောပါတယ်။
"ရန်ကုန်မှာက ဆိုင်အသေးအမွှားလေးတွေ ဆီပြတ်တယ် ဘာညာကြားတယ်။ ဒါပေမဲ့ ဆိုင်ကြီးတွေဖြစ်တဲ့ Max တို့၊ Denko တို့ ဘာတို့ကတော့ ဆီမပြတ်ဘူး။ ပုံမှန်အတိုင်းပဲ ကန့်သတ်ထားတာ မရှိဘဲ ဝယ်လို့ရနေတယ်"
အသေးစားနဲ့ အလတ်စား SME စက်သုံးဆီဆိုင်ပေါင်း သုံးရာကျော်ကိုလည်း ဓာတ်ဆီ 92 ခွဲဝေရောင်းချပေးနေတယ်လို့ MPTA က ဆိုပါတယ်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့ကြီးတွေက SME စက်သုံးဆီဆိုင်တွေကို ဦးစားပေး ရောင်းချပေးမှာဖြစ်ပြီး ကျန်ဒေသတွေကို ဒုတိယဦးစားပေးအဖြစ် သတ်မှတ် ထားတယ်လို့ MPTA က ဖော်ပြပါတယ်။
မနေ့က ဓာတ်ဆီ တန်ချိန်စုစုပေါင်း သုံးသောင်းခုနှစ်ထောင်ကျော်ရှိ သင်္ဘောနှစ်စင်း ဝင်ရောက်လာတယ်လို့ MPTA က ထုတ်ပြန်ထားချိန် မန္တလေးမြို့မှာတော့ ဓာတ်ဆီဖြည့်ဖို့ အတွက် ဓာတ်ဆီဆိုင် ခက်ခက်ခဲခဲ ရှာယူခဲ့ရတယ်လို့ မန္တလေးမြို့ခံ တစ်ယောက်က ပြောပြပါတယ်။
ရန်ကုန်မြို့က ဓာတ်ဆီဆိုင်တွေမှာ ဒီနေ့ မေလ ၂၂ ရက် ပေါက်စျေးမှာ 92 တစ်လီတာ ၂၂၁၀ ကျပ် ဝန်းကျင်၊ 95 တစ်လီတာ ၂၃၂၅ ကျပ် ဝန်းကျင်ရှိနေပြီး မေ ၁ ရက်နေ့ကထက် ၂၅၀ ကျပ်ကနေ ၃၀၀ ကျပ်အထိ မြင့်တက်နေပါတယ်။