စစ်ကောင်စီ ဝန်ကြီးနေရာတွေ အပြောင်းအလဲလုပ်
စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးခင်ရီ၊ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) က ဝန်ကြီး ဦးချစ်နိုင်နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်တို့ကို တာဝန်မှ အနားယူခွင့် ပြုလိုက်တယ်လို့ စစ်ကောင်စီက မနေ့က ညပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
- 2022-08-19
-
-
-
စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးခင်ရီ၊ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) က ဝန်ကြီး ဦးချစ်နိုင်နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်တို့ကို တာဝန်မှ အနားယူခွင့် ပြုလိုက်တယ်လို့ စစ်ကောင်စီက မနေ့က ညပိုင်းမှာ ကြေညာချက် ထုတ်ပြန် ပါတယ်။ အရင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကို လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးနေရာ၊ အရင်က ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ်ဥက္ကဋ္ဌနေရာနဲ့ အရင် ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ဇော်မြင့်နိုင်ကို ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ် အစားထိုးပြီး ရာထူးတိုးမြှင့် ခန့်ထားလိုက်ပါတယ်။
အရင် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး ဦးဝင်းရှိန်ကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်၊ အရင် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ပြီး၊ ဒေါက်တာ ကံဇော်ကို ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီး အဖြစ် အစားထိုး ခန့်အပ်လိုက်ပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် တို့က လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတချို့၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ရာထူးတွေကိုလည်း ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။
စစ်ကောင်စီဟာ ဝန်ကြီးနဲ့ ထိပ်ပိုင်းအရာရှိတချို့ကို ရာထူးကအနားပေးပြီး ဝန်ကြီး နေရာတွေ အပြောင်းအလဲ ပြုလုပ်လိုက်ပေမယ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကတော့ ဝန်ကြီးချုပ်နဲ့ ဒုတိယဝန်ကြီးချုပ် ရာထူးမှာ ဆက်လက် ရှိနေပါတယ်။