ထားဝယ်တက္ကသိုလ်ကျောင်းသား တစ်ဦး ထောင် ၁၁ နှစ် ချမှတ်ခံရ

တနင်္သာရီတိုင်း ထားဝယ်တက္ကသိုလ်က အဝေးသင်ကျောင်းသား ကိုချစ်နိုင်ကို စစ်ကောင်စီက ထောင် ၁၁ နှစ် ချမှတ်တာ ခံလိုက်ရတယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီဇင်ဘာ ၁၃ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကိုချစ်နိုင်ကို အမှု ၃ မှုအတွက် စစ်ကောင်စီ လက်အောက်ခံ ထားဝယ် ထောင်တွင်း တရားရုံးကနေ အပြီးသတ် အမိန့်ချမှတ်လိုက်တာလို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ဦး က RFA ကို ပြောပါတယ်။
အသက် ၁၉ နှစ်အရွယ် ကိုချစ်နိုင်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၂ (က) အတွက် ထောင် ခုနစ်နှစ်၊ တပ်မတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ - က အတွက် ထောင်ဒဏ် သုံးနှစ်၊ လက်နက်ဥပဒေပုဒ်မ - ၁၉ (စ) အတွက် ထောင်ဒဏ် တစ်နှစ် စုစုပေါင်း ၁၁ နှစ် ချမှတ် လိုက်တာဖြစ်ပါတယ်။
ထားဝယ်တက္ကသိုလ် ပထဝီဝင်ဌာနက ပထမနှစ် အဝေးသင်ကျောင်းသား ကိုချစ်နိုင်ကို မြို့သစ် ၇ လမ်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၉ နာရီက အရပ်ဝတ်တွေဝတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို PDF အဖွဲ့တွေနဲ့ ပတ်သက်တယ်လို့စွပ်စွဲကာ အဖမ်းခံလိုက်ရတာ ဖြစ်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ထားဝယ်တက္ကသိုလ်က ကျောင်းသားတွေနဲ့ မိသားစုဝင် စုစုပေါင်း ၁၃ ယောက်ကို ဖမ်းဆီးခံခဲ့ရပြီး အခု ဒီဇင်ဘာလထဲမှာလည်း ဆက်လက်ဖမ်းဆီး ခံနေရပါတယ်။