ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ စစ်ဆေးရုံမှာ ကုသမှုခံယူနေဆဲ

ဧပြီလ ၇ ရက်နေ့က နေအိမ်မှာ ပစ်ခတ်ခံလိုက်ရတဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဟာ အသက်အန္တရာယ် မစိုးရိမ်ရဘဲ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ဗဟိုဘဏ်တာဝန်ရှိသူတွေက RFA ကို ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ မဟာမိတ်မြေအောက်တော်လှန်ရေးအင်အားစုတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာ ၇ ရက်ကနေ အခု ၂၀၂၂ ဧပြီ ၇ ရက်နေ့အထိ ခုနစ်လအတွင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အပါအဝင် စစ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ပစ်မှတ်ပေါင်း ၁၁၂၈ ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဧပြီ ၇ ရက်နေ့က ချက်ချင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဟာ စစ်ကောင်စီအာဏာတည်မြဲရေးမှာ ကြီးမားတဲ့ အထောက်အပံ့ဖြစ်နေ တာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ စစ်ဆင်ရေးမှာပါဝင်တဲ့ Free Tiger Ranger အဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခုရှင်းလင်းလိုက်ရတဲ့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့ ပတ်သက် ပြီးတော့ ကျနော်တို့ ဒေါ်သန်းသန်းဆွေမှ မဟုတ်ဘူး၊ ကျနော်တို့ ပြည်သူ့ဘက်ကို ပါဝင်လာတဲ့ ဝန်ထမ်းအင်အားသည် CDM ကပဲ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်ဖြစ်ပြီး Non CDM ဝန်ထမ်းမှန်သမျှဟာ ကျနော်တို့ရဲ့ ရန်သူပဲ။ ရန်သူဆိုပေမယ့်လည်း Non CDM ဝန်ထမ်းတိုင်းကို သတ်ဖြတ်မှုတွေ မလုပ်ဆောင်ပါဘူး။ သူတို့လုပ်တဲ့လုပ်ဆောင် မှုတွေက စစ်ကောင်စီကို ကြီးကြီးမားမား အထောက်အကူဖြစ်စေတယ်၊ ပြည်သူကို ဒုက္ခရောက်တယ်ဆိုရင် ကျနော်တို့ ရှင်းလင်းလေ့ရှိပါတယ်”
သူတို့ရဲ့စစ်ဆင်ရေးကို ပျံလွှားအောင် စစ်ဆင်ရေးလို့ အမည်ပေးထားပြီး သူတို့ရဲ့လက်ချက် ကြောင့် ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍတွေ က လူ ၂၅၃ ဦး သေဆုံး၊ ၃၀၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဧပြီ ၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဒေါ်သန်းသန်းဆွေ သေဆုံးသွားပြီဆိုပြီး ပြည်တွင်းပြည်ပမီဒီယာ တချို့က ရေးသားဖော်ပြခဲ့ကြပါတယ်။
ဒေါ်သန်းသန်းဆွေဟာ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးကောင်း တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ ဧပြီ ၁၂ ရက်နေ့မှာ RFA ကို အတည်ပြုချက်ပေးပါတယ်။
“သေဆုံးတာ မရှိပါဘူး။ သက်သာပါတယ်။ ဒါတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရန်အင်အားတွေနဲ့ ဘာမှမဆိုင်ဘဲ ပြည်သူလူထုကို ဦးတည်ပြီး တိုက်ခိုက်လာ တာမျိုးတွေ တွေ့ရတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုတွေကိုတော့ ကျနော်တို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူလူထုပါဝင်တဲ့ လုံခြုံရေးစနစ်နဲ့ ပြန်လည်ပြီး ချေမှုန်းနိုင်အောင် ဆောင်ရွက်နေတယ်”
ဗဟိုဘဏ်တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းရာမှာလည်း ဒေါ်သန်းသန်းဆွေ ဆေးကုသမှုခံယူနေ ဆဲဖြစ်ကြောင်း ဗဟိုဘဏ်ရဲ့ ငွေကြေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်ကျော်သန်းက အတည်ပြု ပြောဆိုပါတယ်။
Free Tiger Ranger အဖွဲ့ကတေ့ာ ခုနစ်လကြာ တိုက်ခိုက်ခဲ့တဲ့ ပျံလွှားအောင် စစ်ဆင်ရေးကို ဒေါ်သန်းသန်းဆွေ ကို ပစ်ခတ်မှုနဲ့ အဆုံးသတ်လိုက်ပြီး အခု နန်းထိုက်အောင် စစ်ဆင်ရေးဆိုတာကို စတင်နေပြီလို့ RFA ကို ပြောပါတယ်။
"ပြည်သူကို ဒုက္ခရောက်တယ်ဆိုရင် ကျနော်တို့ ရှင်းလင်းလေ့ရှိပါတယ်”
ဒီစစ်ဆင်ရေးမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီကို အထောက်အပံ့ ပေးနေသူတွေနဲ့ စစ်ကောင်စီရဲ့ စီးပွားရေးထောက်တိုင်တွေကို စိစစ်ပြီး ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုနဲ့ ဆောင်ရွက်တာလို့လည်း Free Tiger Ranger အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ကို သိရဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်း မပြန်ပါဘူး။
စစ်ရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အပေါ် အငြင်းပွားစရာရှိပေမဲ့ ဒီစစ်ဆင်ရေးတွေဟာ စစ်ကောင်စီကို ထိခိုက်စေတာ အမှန်ပဲလို့ သုံးသပ်ပါတယ်။
ဒီအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေက လျော့ပါးမသွားဘူး။ စစ်ကောင်စီကနေပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေ တည်ငြိမ်အေးချမ်းနေပြီ၊ သူတို့လုပ်ချင်တာ လုပ်လို့ရပြီ၊ ပြည်သူ တွေကို အရင်အတိုင်း နေထိုင်ခွင့်ပေးနိုင်ပြီ ဆိုတဲ့ စစ်ကောင်စီရဲ့ ဖော်ပြချက်တွေကို ပြောင်း ပြန်လှန်ပစ်နိုင်တဲ့အတွက် ဒီလုပ်ငန်းတွေရဲ့ အတိုင်းအတာဟာ သူတို့ ကြိုးပမ်းသလောက် ထိရောက်မှုရှိတယ်လို့ ယူဆပါတယ်”
ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အပေါ် မှန်သည်၊ မှားသည် မပြောလိုပေမဲ့ ဒါတွေဟာ စစ်အာဏာသိမ်း နောက်ဆက်တွဲ ဆိုးကျိုးတွေပဲလို့လည်း ဦးသန်းစိုးနိုင်က မှတ်ချက် ပြုပါတယ်။
သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်းနောက် ဆက်တွဲ ရဲနဲ့ စစ်တပ်ရဲ့ ဖိနှိပ် သတ်ဖြတ်မှုတွေနဲ့ ဒီအပေါ် တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ တစ်နိုင်ငံလုံးမှာ အယောက် ၃၅၀၀ ရှိနေပြီလို့ ဖော်ပြထား ပါတယ်။